နွေဦး/People’s Spring
ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။
ထို့ကြောင့်စိတ်ရောဂါအထူးကုပါရဂူတစ်ဦး အလိုရှိသည်။ ကုသမှုကို လက်ခံပါက အလိုရှိရာ ခံစားခွင့်ရမည်။ရောဂါပျောက်အောင်ကုသပေးပါက ဆေးဖ်ိုးဝါးခအပြင် ဆန္ဒရှိပါက နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ရမည်။ နေပြည်တော်ရောက် ဆရာဝန်ကြီးအချို့လို ဝါသနာထုံပါက မင်းဆိုးရာဇာကြိုက် ဖျော်ဖြေရေးမယ်များ နှင့် အချိန်ဖြုန်းခွင့်လည်းရမည်။
ရောဂါမပျောက်ဘဲ လူနာအသက်ပျောက်သွားပါကလည်း မစိုးရိမ်ပါနှင့်။ဆေးဖိုးဝါးခ၊ ခြေကြွခနှင့်ပညာခန်းများအတွက် အချည်းနှီးမဖြစ်စေရပါ။ သီးခြား ခံစားခွင့်လည်း ရှိပါသေးသည်။ မကြာခင် လူသိရှင်ကြား အသိပေးပါမည်။

Public Service Announcement
ကုသရမည့်နေရာနေပြည်တော်။ လူနာအမည်က အဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မဘွဲ့ခံ အာဏာလုပြီး သူ့ကိုယ်သူ သမ္မတခန့်ထားသည့်မင်းအောင်လှိုင်ဖြစ်သည်။
ကုသပေးမည့် အထူးကုဆရာဝန်ကြီးအနေဖြင့် လူနာမှတ်တမ်းတွင် မင်းအောင်လှိုင်(ဘ)ဦးသောင်းလှိုင်ဟုမှတ်ရင်ရပါပြီ။ မင်းအောင်လှိုင်အမည်ရှေ့က ဘွဲ့ထူးဂုဏ်ထူးများသည် တရားမဝင်ဘဲ သူ့ကိုယ်သူ ဇွတ်လက်သိပ်ထိုးပေးထားခြင်းကြောင့်ဖြစ်သည်။
သူသည် စစ်တပ်နှင့် မြန်မာပြည်မှ ဆရာဝန်များ၏အရည်အချင်းကို မယုံကြည်၊ အိန္ဒိယမှဆရာဝန်ကြီးများကိုသာဓာတ်ကျသူဖြစ်သည်။ သူ့ ရောဂါများကို အိန္ဒိယမှဆရာဝန်ကြီးများဖြင့်သာ လက်သိပ်ထိုးကုသည်။ ထို့ကြောင့် ယခုကမ်းလှမ်းမှုကိုလည်း အိန္ဒိယမှဆရာဝန်ကြီးများသို့ လိပ်မူလိုက်ပါသည်။
စိတ်ဝင်စားသည့် ဆရာဝန်ကြီးအနေဖြင့် နေပြည်တော်ခရီးစဉ်မစတင်မီ အိန္ဒိယမှ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်ကြီး Dr. M. Balamurugan ထံသို့ အကျိုးအကြောင်း ကြိုမေးထားရန် အကြံပြုလိုသည်။Dr. M. Balamuruganက အောင်မြင်သောခွဲစိတ်မှုပေါင်းထောင်ချီလုပ်နိုင်ခဲ့ပြီးလုပ်သက် နှစ်၃၀ ကျော် အတွေ့အကြုံရှိဆရာဝန်ကြီးဖြစ်သည်။
ပြီးခဲ့သည့်မတ်လ ၂၀ ရက်နေ့ကမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အာရုံကြောရောဂါကို ပျောက်ကင်းအောင် ဆေးကုပေးခဲ့သူ။ ခွဲစိတ်မှုအောင်မြင်ပြီးနောက် Dr. M. Balamurugan(ဒေါက်တာ အမ် ဘာလာမူရူဂန်) ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပင်ပေးခဲ့သေးသည်။
ဒေါက်တာ အမ် ဘာလာမူရူဂန်ကို ယခု ဖော်ပြပါလိပ်စာ https://www.apollo247.com/doctors/dr-balamurugan-m-4747826d-01d9-4782-b993-d20a7bf72a8b မှတဆင့် ဆက်သွယ်နိုင်ပါသည်။
ဦးသောင်းလှိုင်၏သား စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နောက်ဆုံးရောဂါလက္ခဏာများကို ကြိုတင်ရှင်းပြလိုသည်။ သူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်ကနေ လက်ရှိအချိန်အထိ ကလေးငယ်များအပါအဝင် နိုင်ငံသား ၆၀၀၀ ကျော်ကို သတ်ဖြတ်ထားသည်။ သတ်ဖြတ်မှုများကိုလွယ်လွယ်ကူကူပင် နေ့စဉ်ထမင်းစားရေသောက် ဆက်လက်ကျူးလွန်နေသည်။သမ္မတရာထူး ကြံဖန်ရယူပြီးနောက် သူကြွေးကြော်ခဲ့သည် ရက် ၁၀၀ စီမံကိန်းကာလမပြီးဆုံးခင်မှာပင်လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၀၀ ကျော်ထပ်ကျူးလွန်ပြီး လူ၂၀၀ နီးပါးကို ထပ်မံသတ်ဖြတ်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဝန်ကြီးဌာနက စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့သည့် ဧပြီ ၂၀ ရက်မှ ဇွန် ၃၀ အထိ ရက်ပေါင်း ၇၀ အတွင်း အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၁၀၄၅ ကြိမ်အထိရှိခဲ့ပြီး နိုင်ငံသား ၁၆၂ ဦးကိုသတ်ဖြတ်ခဲ့သည်။ ထိုစိတ္တဇလူသတ်သမားသည် တစ်နေ့လျင် လူ ၂ယောက်နှုန်းသတ်ဖြတ်နေသည်။
သောင်းလှိုင်သားက သက်ရှိများကိုပင် မဟုတ်။ သစ်ပင်များ၊ ရုပ်တုများက်ိုလည်း ရန်လိုနေသည်။ပန်းပန်သူများကိုလည်း လိုက်ရန်ရှာသည်။ မကြာသေးမီကပင် ရန်ကုန်တက္ကသိုလ်ထဲမှ အနီရောင်စိန်ပန်းပင်တွေကို ခုတ်လှဲခိုင်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ အဓိပတိလမ်းမတို့နှင့်အတူခေတ်အဆက်ဆက် ပဏာရခဲ့သော စိန်ပန်းပင်ကြီးများ ကို မြေလှန်ပစ်သည်။ သမိုင်းမှာအဆုံးရွားဆုံးဖြစ်လာနိုင်သည့် စံချိန်တင်ပူပြင်းခြောက်သွေ့မည့်စူပါ အယ်လ်နီညိုအန္တရာယ်ရှိသည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီးက သတိပေးနေစဉ် အရိပ်ရစိန်ပန်းပင်များကို ခုတ်လှဲပစ်ဖြစ်ခြင်းဖြစ်သည်။ဉာဏ်ရည်ပုံမှန်ရှိသူတိုင်း အယ်လ်နီညိုဘေးကို စိုးရိမ်နေကြချိန်တွင် ရန်ကုန်တက္ကသိုလ်ပရ၀ဏ်ထဲမှ အနီရောင်စိန်ပန်းပင်ကြီးများကိုမူ သူက ခုတ်လှဲခိုင်းလိုက်သည်။
ရန်ကုန်တက္ကသိုလ်သည်ကျောင်းသားဟောင်းများနှင့် ပညာရေးအသိုင်းအဝိုင်း၏ ရင်နင့်သည်းချာနေရာဖြစ်သည်။လက်နက်အားကိုးဖြင့် ရမ်းကားနေသော စစ်ခေါင်းဆောင်ကို အရူးဟု ကျောင်းသားဟောင်းများက သတ်မှတ်လိုက်ကြသည်။
“လူလွန်မသား သောင်းလှိုင်သား။ ရူးနေတဲ့ကောင်မို့ ဒါမျိုးတွေလုပ်တာ”ဟုရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးက ပြစ်ပြစ်နှစ်နှစ်ပြောရင်း ဆဲရေးတိုင်းထွာသည်။
စိတ်ထင်ရာစိုင်းနေသော အာဏာသိမ်းစစ်ခေါင်းဆောင်သည်အနီရောင်ကိုလည်း အလွန် ကြောက်သည်။ အနီရောင်မြင်တိုင်း ကျွဲလို့လိုက်ခွေ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအရောင်မို့ အကြောက်လွန်ပြီး မနာလိုမရှုစိမ့်သူဟု လူသိများသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပန်ဆင်လေ့ရှိသည့် နှင်းဆီပန်းအနီရဲရဲများကိုပါသူက မျက်မုန်းကျိုးသည်။ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ရက်ရောက်တိုင်း ပြည်သူလူထုက နှင်းဆီပန်းများဖြင့် ဆုတောင်းစကားပြောသည်ကိုလည်း သူ မကြားချင်၊ပန်းပန်သူများကိုလည်း မမြင်ဝံ့။ လူထုအချစ်တော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အကြည်ဓာတ်မရှိသူမို့ မကြားရဲ၊မမြင်ရဲတာလည်းဖြစ်နိုင်သည်။ ထိုနေ့ရောက်တိုင်း လူဖမ်းပွဲကျင်းပသည်။ စစ်ယူနီဖောင်းဝတ်ယောက်ျားအရင့်အမာကြီးများသည် ပန်းပန် သော အမျိုးသမီး ပျိုပျိုအိုအိုများကို အရှက်တရားမဲ့ လိုက်ဖမ်းကြသည်။ ပန်းပန်သူကို နိုင်ငံတော်ပုန်ကန်သူဟု ယိုးစွပ်ကာ နှစ်ရှည်ထောင်ဒဏ်ချသည်။ ထ်ိုလုပ်ရပ်များအပေါ် မူလတန်းကျောင်းသားကကလေးများကပင် အံ့ဩကြသည်။
“ဘွားဘွားဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလောက်တောင် သူ ကြောက်တာလား”လို့ မူလတန်းကလေးတစ်ယောက်က မေးဖူးသည်။
ဆင်ခြင်တုံတရားမဲ့နေသော အာဏာသိမ်းစစ်ခေါင်းဆောင် လောလောဆယ် ရန်ရှာနေသည်မှာ နိုင်ငံအနှံ့မှဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေကိုဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဲ့ပါတီအစိုးရလက်ထက်ကတည်ဆောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေကို လိုက်လံဖျက်ဆီးနေသည်။
ကိုယ့်လုပ်ရပ်အပေါ် စိတ်မလုံခြုံသော စစ်အုပ်စုသည် ဗိုလ်ချုပ် ကြေးရုပ်၏မျက်နှာကို မကြည့်ဝံ့၍ဖြစ်မည်။ညဘက်လူခြေတိတ်ချိန်မှာမှ ခိုးကြောင်ခိုးဝှက်လိုက်လံဖျက်ဆီးနေသည်။
လူထုက ဝေဖန်သောအခါ အချိုးအစားမမှန်သော ရုပ်တုတွေကို ဖျက်ဆီးဖယ်ရှားတာဟု ဖာထေးသည်။ ဇော်မဲလုံးဟုနာမည်ပြောင်းပေးပြီး လူထုက ရှုံ့ချဝိုင်းကြဥ်ခဲ့သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ခြေရာကိုနင်းသော စစ်အာဏာရှင်ပြန်ကြားရေးတာဝန်ခံဒေါက်တာခိုင်ခိုင်စိုးကပြောခြင်းဖြစ်သည်။ထိုအဖြေအပေါ် လူထုက ရှက်ဖွယ်အကြောင်းပြချက်အဖြစ် လှောင်ပြောင်နေကြသော်လည်း ဒေါက်တာ ခိုင်ခိုင်စိုးသည် ဇော်မဲလုံးပီသနေပြီဖြစ်သည်။
လူထုကလည်းရွံမုန်း၊နိုင်ငံရေးအရလည်းဖယ်ကြဉ်ခံနေရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ပုံမှန်စိတ်အခြေအနေမဟုတ်ကြောင်းကို ၎င်း၏အပြုအမူများ အကြိမ်ကြိမ်သက်သေပြပြီးဖြစ်သည်။လုံခြုံရေးအရ အမည်ထုတ်ဖော်ရေးသားခွင့်မပြုသည့် စိတ်ပညာဆရာဝန်တစ်ဦးက အာဏာသိမ်းစစ်ခေါင်းဆောင်၏ လုပ်ရပ်တစ်ခုချင်းစီနှင့် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကို အသေးစိတ်ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်သည် လူထုစိတ်ထဲတွင် တရားဝင်မှု (Legitimacy)အပြင်လူထုအပေါ် ဩဇာလည်းကြီးမားလွန်းသောကြောင့် အာဏာကို အကြွင်းမဲ့လွှမ်းမိုးလိုသည့် စစ်ခေါင်းဆောင်ကအာဏာတည်မြဲရေးအတွက်စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု ခံနေရသူအဖြစ် မှတ်ချက်ပြုသည်။ဒေါ်အောင်ဆန်းစုကြည်အပေါ်မနာလိုဝန်တိုနေပုံကလည်း သိမ်ငယ်သော အငုံ့စိတ်မှလာသည့်မုန်းတီးမှု၊ခါးသီးမှု (Hostility) အဖြစ်တုံ့ပြန် နေခြင်းဟု ဆိုသည်။
ဗိုလ်ချုပ်ရုပ်တုများကိုဖျက်ဆီးခြင်း၊ပန်းအနီရောင်ပန်သူကို ဖမ်းဆီးခြင်း၊အနီရောင်ပန်းပင်တွေကို ဖယ်ရှားခြင်းများသည် သူ၏ စိတ်တွင်းမှ ကြောက်ရွံ့မှုနှင့်မလုံခြုံမှုကို ဖုံးကွယ်ရန်အတင်းအဓမ္မ ကြိုးစားနေခြင်းဟု ဆိုသည်။
အထက်ပါလုပ်ရပ်များသည် အာဏာယစ်မူးသည့်စိတ် (Hubris Syndrome) ခံစားနေရသူ၏ စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာပျက်ယွင်းမှု” (Acquired Personality Disorder)ဟု စိတ်ပညာဆရာဝန်က မှတ်ချက်ပြုသည်။
ထိုအခြေအနေကိုပြောင်းလဲရန်မှာ နေပြည်တော်ကိုလာရောက်ကုသမည့် စိတ်ကုဆရာဝန်ကြီးအပေါ်တွင် မူတည်နေသည်။
စိတ္တဇဖြစ်နေသော အာဏာသိမ်းစစ်ခေါင်းဆောင်၏ စိတ်ရောဂါကို ပျောက်ကင်းအောင်ကုသပြီး ထင်ရာစိုင်းနေသည်လုပ်ရပ်များကို ဟန့်တားနိုင်ရန် အရေးတကြီးလိုအပ်နေသည်။ ရောဂါပျောက်ကင်းပါက ဆေးဖ်ိုးဝါးခအပြင် ဆန္ဒရှိပါက နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ရပါမည်။ရောဂါမပျောက်ဘဲ လူနာအသက်ပျောက်သွားပါက ရရှိမည့်ခံစားခွင့်ကို ယခုပင်အသိပေးပါမည်။
မြန်မာလူထု၏ ချစ်ခင်မှုနှင့် ကျေးဇူးပြုမှုကို တ်ိုင်းသိပြည်သိရယူနိုင်ပါလိမ့်မည်။အပြစ်မဲ့အရပ်သားပြည်သူများအပေါ်ကြမ်းကြုပ်ရက်စက်နေသောအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မဘွဲ့ခံ သူ့ကိုယ်သူ တပ်ချုပ်လိုင်စင်သက်တမ်းတိုးပြီး သမ္မတရာထူးပေးထားသည့်မင်းအောင်လှိုင်ကို မြန်မာလူထုတရပ်လုံးက ရွံမုန်းနေပြီဖြစ်ပါသည်။ ကယ်တင်ရှင်စိတ်ကုဆရာဝန်ကြီးအား နေပြည်တော်မှကြိုဆိုနေပါသည်။


















































