Connect with us

Hi, what are you looking for?

သတင်း

လေ‌ကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့ စစ်တပ်ကို မလေးရှားကုမ္ပဏီ‌တွေက ပစ္စည်းရောင်းချမှုတွေရှိကြောင်း JFM ထုတ်ဖော်

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

(စစ်တပ်တိုက်​လေယာဥ်​တွေ ​လေ့ကျင့်ပျံသန်းစဥ်။ဓါတ်ပုံ-AFP )

အောက်တိုဘာ-၇၊၂၀၂၆။တေဇ/People’s Spring

ပြည်သူကိုလေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မှုအရှိန်မြှင့်နေတဲ့ စစ်တပ်ကို မလေးရှားအစိုးရနဲ့ဆက်စပ်မှုရှိတဲ့ ကုမ္ပဏီတစ်ချို့က တိုက်လေယာဉ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေရောင်းချတာတွေ့ရှိခဲ့တာ‌ကြောင့် အဲဒီ့ကုမ္ပဏီတွေကို နိုင်ငံတကာအစိုးရတွေ အနေနဲ့ အရေးယူပေးဖို့ Justice For Myanmar-JFM က တိုက်တွန်းလိုက်ပါတယ်။

“မလေးရှားအပါအဝင် အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ဘဏ္ဍာငွေ၊စစ်လက်နက်တွေ၊စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေ၊ ပြုပြင်ထိန်းသိမ်း မွမ်းမံဝန်ဆောင်မှုတွေ၊ နည်းပညာနဲ့ လေယာဉ်ဆီတွေ ရရှိနေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ရမှာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်နေတာတွေကို ချက်ချင်းရပ်တန့်ရပါမယ်။တရားမဝင် စစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ လေယာဉ်ဆီတို့ကို ကြားခံရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး၊ စစ်အုပ်စုကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအပေါ်မှာ ကူညီပံ့ပိုးမှုတွေအတွက် တာဝန်ခံစေရမှာ ဖြစ်ပါတယ်” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောပါတယ်။

၂၀၂၃ ကနေ ၂၀၂၆ အတွင်းမှာ မလေးရှားကုမ္ပဏီ တွေဖြစ်တဲ့ FJ Global Aeroparts (M) Sdn Bhd (FJ Global)၊ Asia Aero Technic Sdn Bhd (AAT) နဲ့Skyways Technics Asia Sdn Bhd တို့က စစ်တပ်ကို ကြားခံပွဲစား တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီစီးပွား‌ရေးလုပ်ငန်းက အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်တပ်အတွက် အထောက်အပံ့ဖြစ်ခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှား လေကြောင်းနဲ့ အာကာသဆိုင်ရာ ပစ္စည်းဝယ်ယူရေးနဲ့ ဝန်ဆောင်မှုကုမ္ပဏီ FJ Global က စစ်တပ်ကို တိုက်ခိုက်ရေးဂျက်လေယာဉ်တွေ ဒရုန်းတွေ ရဟတ်ယာဉ်‌ တွေအတွက် အပိုပစ္စည်းတွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်း တွေ‌ ရောင်းချပံ့ပိုးဖို့ ကြိုးစားခဲ့ပြီး အများစုက ရုရှားနိုင်ငံထုတ် လေယာဉ်တွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ဖေဖော်ဝါရီမှာ FJ Global က မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဥက္ကဋ္ဌတာဝန်ယူထားတဲ့ Yayasan Pelaburan Bumiputra လက်အောက်ခံ Perbadanan Usahawan Nasional Berhad (PUNB)ဆီကနေ ငွေကြေးထောက်ပံ့မှုတွေရရှိခဲ့လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီ့အချိန်ကစပြီး FJ Global ကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ K-8W အမျိုးအစား အပေါ့စားတိုက်ခိုက်ရေးဂျက်လေယာဉ်‌တွေ ၊ Orlan-10E မောင်းသူမဲ့လေယာဉ်တွေ (UAVs)၊ Kamov Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် တွေ ၊ Mi-17 ရဟတ်ယာဥ်တွေနဲ့ Mi-2 ရဟတ်ယာဉ်တွေ အတွက် စက်ပစ္စည်း အစိတ်အပိုင်း တွေဝယ်ယူဖို့ နိုင်ငံတကာပေးသွင်းသူတွေကနေဈေးနှုန်းတောင်းခံလွှာတွေ အကြိမ်ကြိမ် ပေးပို့ခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီ့ကာလမှာပဲ စစ်တပ်အင်ဂျင်နီယာတွေက စစ်တပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးအတွက် မလေးရှားကုမ္ပဏီ Asia Aero Technic Sdn Bhd (AAT) ကိုသွားရောက်ခဲ့တယ်လို့ JFM ရဲ့ သတင်းရင်းမြစ်တွေကလည်း ပြောကြားထားပါတယ်။

AATက မလေးရှားလေယာဉ်ပြုပြင်ထိန်းသိမ်းရေး၊ မွမ်းမံရေးနဲ့ အကြီးစားပြုပြင်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ မလေးရှားကျေးလက်နဲ့ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့အေဂျင်စီတစ်ခုဖြစ်တဲ့ Majlis Amanah Rakyat (MARA) က ပိုင်ဆိုင်ထားတဲ့ MARA Corporation Sdn Bhd ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်ပါတယ်။

နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Skyways Technics Asia Sdn Bhd ကလည်း လူသိများတဲ့ မြန်မာ လက်နက်ပွဲစားတွေကနေ တစ်ဆင့် လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းတွေ အကြိမ်များစွာတင်ပို့ခဲ့ပြီး အဲဒီ့တင်ပို့တဲ့ပစ္စည်း‌ တွေကို လက်ခံသူတွေမှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးမှာ မှတ်ပုံတင်ထားတဲ့ Light Head Group of Companies၊ K L S Aviation နဲ့ United Five တို့ပါဝင်တာကြောင့် ဒီတင်ပို့မှုတွေက စစ်တပ်ဆီကိုဖြစ်နိုင်တယ်လို့ JFM ကသုံးသပ်ထားပါတယ်။

အဲဒီ့အပြင် စစ်တပ်လက်အောက်ခံ Myanmar National Airlines နဲ့ 24 Hour Group ပိုင် Mingalar Aviation အပါအဝင် လေကြောင်းလိုင်း တွေကလည်း ပြုပြင်ဖို့အတွက် လေယာဉ်အစိတ်အပိုင်းတွေကို Skyways ဆီကိုပို့ဖို့ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

“မလေးရှားအစိုးရအနေဖြင့် မလေးရှားကုမ္ပဏီများက မြန်မာစစ်တပ်ထံ စစ်ဘက်သုံးပစ္စည်းများ၊ လေယာဉ်စက်ပစ္စည်း အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ လွှဲပြောင်းရောင်းချပေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ ပေးအပ်နေခြင်းတို့ကို ရပ်တန့်စေရမည်ဖြစ်ပြီး၊ FJ Global၊ AAT နှင့် Skyways Technics Asia တို့အပေါ် စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။”လို့ JFM ကတောင်းဆိုထားပါတယ်။

ဒါ့အပြင် ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့အမေရိကန်တို့အနေနဲ့လည်းLight Head Group of Companies၊ K L S Aviation၊ United Five နဲ့ Lucky High တို့အပါအဝင် မြန်မာစစ်တပ်ကို ပစ္စည်းထောက်ပံ့ပေးသွင်းနေသူတွေ ပြုပြင်ထိန်းသိမ်းရေးနဲ့ မွမ်းမံပြင်ဆင်ရေး ဝန်ဆောင်မှုပေးအပ် နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM ကတောင်းဆိုထားပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကို ဖိတ်ကြားတဲ့ မလေးရှားအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံ သားတွေကိုအတင်းအကျပ်ပြန်ပို့မယ့်အစီအစဉ်ကိုလည်း ရပ်တန့်ပေးဖို့တောင်းဆိုထားပါတယ်။

“အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို မိမိနိုင်ငံ ကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာတွေကို တားဆီးဖို့ ဘာမှ မလုပ်ဆောင်ဘဲ၊ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မဟုတ်မမှန်တဲ့ တရားဝင်မှု ပေးအပ်ပြီး လူတွေကို သူ့ရဲ့ ရာဇဝတ်စစ်အုပ်စုလက်ထဲ ပြန်လွှဲအပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေကို ကျွန်မတို့ ရှုတ်ချပါတယ်။” လို့ မရတနာမောင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook