အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး အရာရှိချုပ် နေရာအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) အဖွဲ့ချုပ် တစ်ခုဖြစ်တဲ့ Ultimate Fighting Championship (UFC)ရဲ့ အမှုဆောင်ချုပ် ဒါနာဝှိုက်ကို ကမ်းလှမ်းခဲ့ပါတယ်။
ထူးကဲပြီး ရဲရင့်တဲ့ တိုက်ခိုက်ရေးသမား၊ သူရဲကောင်း တစ်ဦးဖြစ်သူ ဝှိုက်ကို အမေရိကန် သတင်းပြန်ကြားရေး အတွင်းရေးမှူး နေရာအတွက် ကမ်းလှမ်းခဲ့ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ နိုဝင်ဘာ ၇ ရက်နေ့က ရေးသားထားခဲ့ပါတယ်။ အဲဒီ ရာထူးဟာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိချုပ် သဘောမျိုး ဖြစ်ပါတယ်။
သူ့ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင် ဝှိုက်အနေနဲ့ UFC ဖိုက်တာ ၆ ယောက်ကိုပါ လက်ထောက်တွေအဖြစ် ခေါ်ယူလာဖို့ တောင်းဆိုခဲ့ကြောင်းလည်း ထရမ့်က ပြောပါတယ်။ ပြီးတော့ UFC အားကစားသမား ၆ ယောက်ရဲ့ စာရင်းကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားခဲ့ပါတယ်။
အဲဒီ ပုဂ္ဂိုလ်တွေဟာ လက်ဝဲယိမ်း အရူးတွေ ရန်ကနေ အိမ်ဖြူတော်ကို ကာကွယ်ပေးမှာဖြစ်ကြောင်း၊ ဝှိုက်ဟာ ဘယ်တုန်းကမှနဲ့ မတူတဲ့ ပြန်ကြားရေး အရာရှိချုပ် ဖြစ်လာနိုင်ပြီး ဝှိုက်အနေနဲ့ ဒီအလုပ်ကို လက်ခံပေးစေလိုကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ထရမ့်ရဲ့ အနီးကပ် အကြံပေး တစ်ဦးကတော့ သမ္မတဟာ အဲဒီပို့စ်ကို နောက်ပြောင်တဲ့ သဘောနဲ့ပဲ ရေးသားလိုက်တာပါလို့ ဖာဖာထေးထေး ပြောပေမယ့် ထရမ့်ဟာ တကယ်လည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိချုပ် တစ်ဦးကို လိုက်ရှာနေတာ ဖြစ်ပါတယ်။
ကာရိုလိုင်း လီယာဗစ် နုတ်ထွက်သွားပြီးတဲ့နောက် အစားထိုး ဆက်ခံတဲ့ ကေတီ ဇာခါရီရာဟာလည်း သူ့ရဲ့ ပညာရေး နောက်ခံကို လိမ်လည်ထားတယ်ဆိုတာ ဖော်ထုတ်တွေ့ရှိတဲ့နောက် ၅ ရက်အကြာမှာပဲ အဲဒီရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။ သူ့အနေနဲ့ အများကြီး ယုံယုံကြည်ကြည် တာဝန်လွှဲအပ်ထားရမယ့် ရာထူးနေရာမှာ သင့်တော်သူ တစ်ယောက်ကို ရှာတွေ့ဖို့ ထရမ့်က ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ စတီဗန်ချွန်းက ဝှိုက်ကို ကမ်းလှမ်းထားတဲ့ ထရမ့်ရဲ့ ပို့စ်ကို လူမှုကွန်ရက်မှာ ထပ်ဆင့် မျှဝေခဲ့ပြီး ဝှိုက်အနေနဲ့ ဒီအလုပ်ကို လုပ်သင့်တယ်လို့ တိုက်တွန်းထားခဲ့ပါတယ်။ အိမ်ဖြူတော်နဲ့ UFCကတော့ ဒီကိစ္စအပေါ် သီးခြားမှတ်ချက် မပေးသေးပါဘူး။
နိုဝင်ဘာ ၈ ရက်နေ့မှာတော့ သတင်းထောက်တွေက သူဟာ အိမ်ဖြူတော် ပြောရေးဆိုခွင့် အရာရှိချုပ်သစ် ဖြစ်လာမလားလို့ မေးတဲ့အခါ ဝှိုက်က ရှောင်လွှဲပြီး ဖြေဆိုသွားပါတယ်။ သူဟာ နိုဝင်ဘာ ၉ ရက်ကျရင် ထရမ့်နဲ့တွေ့ဖို့ ဝါရှင်တန်ဒီစီ မြို့တော်ဆီ သွားစရာ ရှိတယ်လို့ပဲ ဝှိုက်က ဆိုပါတယ်။
အခုကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးကတော့ ပုံမှန် လုပ်ထုံးလုပ်နည်းတွေကနေ အတော်လေး ကွဲထွက်နေတဲ့ ထရမ့်ရဲ့ ကမ်းလှမ်းမှုကို ဝှိုက်က ငြင်းဆိုထားတယ်လို့ CNNဆီ ပြောကြားထားပါတယ်။
ဝှိုက်ဟာ ထရမ့်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တစ်ဦးအဖြစ် နှစ်တွေအများကြီး ထင်သာမြင်သာ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ ဇွန်လလယ်တုန်းကလည်း အမေရိကန်ရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အိမ်ဖြူတော် တောင်ဖက် မြက်ခင်းပေါ်မှာ UFC Freedom 250 ပွဲစဉ်တွေကို ဝှိုက်နဲ့ ထရမ့်တို့ ပူးပေါင်းပြီး ကျင်းပစေခဲ့ဖူးပါတယ်။ ဒါဟာ အိမ်ဖြူတော် ဝင်းထဲမှာ စီစဉ်ထားတဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အားကစား ပွဲတော်တစ်ခု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: CNN




















































