တည်ကြည်/People’s Spring
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်နယ်မှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်က အသက် ၂၇ နှစ်အရွယ် ဗိုလ်ကြီးမင်းသူဟာ သူ့ရဲမိခင်ကြီးဆီ အင်တာနက်ကနေတဆင့် ဖုန်းတွေခေါ်နေခဲ့တယ်။ သူဟာ မကြာခင် ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ သူချစ်ရတဲ့အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ပြုဖို့ စီစဥ်ထားတာကြောင့် မိခင်ဖြစ်သူနဲ့ တိုင်ပင်ခဲ့ကြတာပါ။
နောက်တစ်ရက် အောက်တိုဘာ ၇ ရက်မှာတော့ အဲဒီဗိုလ်ကြီးဟာ တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။ “အောက်တိုဘာ ၇ ရက်နေ့ ကျမယ်ဆိုတာ သူ့ကိုယ်သူ မသိသေးတော့ ၆ ရက်နေ့တနေ့လုံး video call ခေါ်တယ်။ မင်္ဂလာဆောင်ကိစ္စတိုင်ပင်တယ်။ သီတင်းကျွတ်ရင် မင်္ဂလာဆောင်ဖို့။ ဟိုတယ်မှာ အကြီးအကျယ် မင်္ဂလာဆောင်ဖို့”လို့ သူ့မိခင်ဖြစ်သူက Tik tok မှာ ရင်ဖွင့်ခဲ့တယ်။

Public Service Announcement
သို့သော် Video call ပြောနေကတည်းက သားဖြစ်သူ ဗိုလ်မှူးရဲ့ အခြေအနေကို မိခင်ဖြစ်သူ သိနေခဲ့ပါတယ်။
“တောင်ပေါ်မှာ ဆယ်ရက်ကျော်ကြာအစာရေစာမသောက်ရ၊ ဒီလောက်ဝတုတ်လှပ ခန့်ငြားနေတဲ့ ခန္ဓာကိုယ်ကြီးက ပိန်ခြောက်ပြီး အရိုးပေါ်အရေတင်လေးနဲ့ ဖြစ်သွားတာ။ ရေလည်းမချိုးရတော့ သားမှာ အပူဖုတွေလောင်လို့။ တောင်ပေါ်တက်လိုက်ရ တောင်အောက်ဆင်းလိုက်ရ မဆင်းနိုင်တော့လို့ ဖင်တရွတ်ဆွဲ ဆင်းရတယ်တဲ့”လို့ မိခင်ဖြစ်သူကဆိုပါတယ်။
သေဆုံးသွားတဲ့ ဗိုလ်ကြီးမင်းသူဟာ DSA အပတ်စဥ် ၆၁ ကဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ ၂ ပွင့် ဗိုလ်အဆင့်ပဲ ရှိပါသေးတယ်။ သူဟာ ပုသိမ်ကြီး ခလရ ၄ ကဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဗဟိုအဆင့်မြင့် စာပေဌာန ၂ကို မာစတာသွားတက်ရာက ၁ ပွင့်ထပ်တင်ခဲ့တာပါ။ မာစတာဘွဲ့က အမှတ်စဥ် ၂၂ဖြစ်ပြီး ၂၀၂၆ မတ်လ၂၈ ရက်နေ့က မဟာဘွဲ့ယူခဲ့တာပါ။
သူဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ(၃၃)လက်အောက်ခံ၊ အမှတ်(၄) ခြေလျင်တပ်ရင်း(ခလရ-၄)မှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ သူကံဆိုးတာကတော့ မဟာဘွဲ့ရပြီးခြောက်လကျော်အကြာမှာ အင်းတော်၊ကသာဘက်ကို စစ်ကြောင်းထိုးဖို့ ဖြစ်လာတာဖြစ်ပါတယ် ။
စစ်တပ်အသိုင်းအဝိုင်းကတော့ ဗိုလ်ကြီးမင်းသူကို ဘောလုံး၊ ဘောလီဘောကအစ ဝါသနာပါပြီး သိုင်းပညာမှာလည်း နည်းပြတစ်ယောက်ဖြစ်တဲ့၊ တပ်ထဲမှာ “သိပ်ကို သဘောကောင်းပြီး စိတ်ထားဖြူစင်တဲ့၊ တစ်တပ်လုံးရဲ့ အချစ်တော်” လို့ နာမည်ကြီးတယ်လို့ ဆိုပါတယ်။ သားဖြစ်သူ ဗိုလ်ကြီး ဖြစ်နေတဲ့အပေါ် သူ့မိခင်က အခုလိုဆိုပါတယ်။
“ရာထူးက သူ့အဆင့်လိုက် သွားရတာပါရှင့်။ သားရဲ့ ရာထူးတွေက သူ့အရည်ချင်းတွေပြည့်ဝလို့ နိုင်ငံတော်က ချီးမြှင့်တာပါရှင့်။ တခုတော့ရှိပါတယ် သားသားက သိပ်ကိုလိမ္မာတယ်လေ လိမ္မာတော့ မင်နီမရှိဘူး… အဘတွေအဆက်ဆက်ကလည်း သားက လိမ္မာတော့ ချစ်ကြတယ်လေ…”လို့ သူ့မိခင်က ဆိုပါတယ်။
သို့သော် မိခင်တစ်ယောက်ဖြစ်တာကြောင့် သားရဲ့ နောက်ဆုံးအချိန်တွေအတွက် သူရင်ကွဲခဲ့ရတယ်။ “နိုင်ငံတော်အတွက် အသက်ပေးရမယ် သစ္စာအဓိဌာန်ပြုထားတာ သိတယ်။ ဒါပေမဲ့ သားရယ်… ခံစားရတာက သားလေးငတ်ပြတ်ပြီးသေသွားရတာကို ခံစားရတာလေ။ တောင်ပေါ်မှာ ဆယ်ရက်ကျော်ကြာအစာရေစာမသောက်ရ၊ ဒီလောက်ဝတုတ်လှပ ခန့်ငြားနေတဲ့ ခန္ဓာကိုယ်ကြီးက ပိန်ခြောက်ပြီး အရိုးပေါ်အရေတင်လေးနဲ့ ဖြစ်သွားတာ…”လို့ သူက ဆိုပါတယ်။
သားဖြစ်သူဟာ လူကြီးတွေ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေအစ အားလုံးရဲ့ ချစ်ခင်မှုကို ရခဲ့သူလို့ဆိုတယ်။ သေဆုံးသွားတဲ့အခါမှာလည်း အခန်းကပ်ရက်က အချစ်ဆုံးသူငယ်ချင်း ဗိုလ်ကြီးတွေ၊ မေတ္တာရှိကြတဲ့ တပ်က အဘတွေနဲ့ ရဲဘော်ရဲဘက်တွေက နာရေးကို ကြီးကျယ်ခမ်းနားစွာနဲ့ ဂုဏ်ယူစွာ ပြီးမြောက်အောင် လုပ်ပေးခဲ့ကြပါတယ်။ အုတ်ဂူလေးကိုလည်း မိခင်တပ်ရင်းနားကရွာမှာ တပ်က တည်ပေးခဲ့လို့ နောက်ဆုံးခရီးလေးက လှပခဲ့တယ်လို့ မိခင်က ဆိုပါတယ်။
“သားရဲ့ တပ်က အဘတွေကော အရာရှိ အရာခံ အကြပ်စစ်သည်တော်တွေ ဆရာကြီးတွေ၊ ဆရာတွေ၊ ပစတွေ အဘတွေ အမတွေ ရဲမေတွေ အားလုံးကလည်း သားရဲ့ နာရေးအခမ်းအနားကိုလေ ကြီးကျယ်ခန်းနားစွာနဲ့ပြုလုပ်ပေးကြပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်လို့မဆုံးပါဘူးရှင်။သားရဲ့ နောက်ဆုံးခရီးက လှလှပပလေး ဖြစ်သွားပါတယ်ရှင်”လို့ သူ့မိခင်က ရေးသားထားပါတယ်။
ဗိုလ်ကြီးမင်းသူရဲ့ နှမဖြစ်သူကလည်း အကိုဖြစ်သူအတွက် လက်စားချေမယ်ဆိုပြီး စစ်သမီးလုပ်ဖို့အထိ ကြိုးစားခဲ့ဖူးပေမဲ့ အသက်သတ်မှတ်ချက် ကျော်လွန်သွားလို့ လက်လျှော့လိုက်ရတယ်လို့ မိခင်ကဆိုတယ်။ ပြီးတော့ သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားခဲ့တဲ့ အမျိုးသမီးလောင်းလေးဆိုရင်လည်း စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘဲ ငိုနေကာ ငူငူကြီးနဲ့ ကြောင်တောင်တောင်လေး ဖြစ်နေတယ်လို့ ဆိုတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ရက်စက်လှတဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်း၊ မကွေးနဲ့ စစ်မျက်နှာပြင် အသီးသီးမှာ အပြစ်မဲ့ ပြည်သူတွေ၊ အနာဂတ်ရှိတဲ့ လူငယ်တွေ သောင်းနဲ့ချီပြီး သွေးမြေကျခဲ့ရပါတယ်။ ဒီလို မြေပြင်မှာ စစ်တပ်က ပြည်သူတွေကို မတရားသတ်ဖြတ်၊ အိမ်ခြေတွေကို မီးရှို့ဖျက်ဆီးနေတာတွေ အထင်အရှား ရှိနေပေမဲ့လည်း၊ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ မှိုင်းတိုက်ပုံသွင်းမှုနဲ့ ဝါဒဖြန့်ချိမှုအောက်မှာ အမှန်တရားကို မမြင်နိုင်သေးဘဲ ကျန်ရစ်နေသူတွေလည်း အများအပြား ရှိနေခဲ့တယ်။ အဲဒီလူတွေထဲ ဗိုလ်ကြီးမင်းသူမိခင်လည်း ပါဝင်ခဲ့တယ်။
အင်းတော်တိုက်ပွဲမှာစစ်တပ်အရာရှိတွေအပါအဝင်စစ်သားအများအပြားသေဆုံးပြီး အထိနာခဲ့တဲ့ တပ်မ(၃၃)ဆိုရင်လည်း စစ်ကိုင်းတိုင်းမှာ စစ်ကြောင်းထိုးရင် ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ် ၊အိမ်တွေကို မီးရှို့ ၊ပြည်သူ့ပစ္စည်းတွေကိုလုယက်တာကြောင့် ပြည်သူတွေရော၊တော်လှန်ရေးတပ်တွေရောနာနာ ကျည်းကျည်းမုန်းတီးတဲ့တပ်ဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ် ။
အင်းတော်မြို့ကိုPDF တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက၂၀၂၅ ဧပြီလ၇ရက်နေ့မှာသိမ်းယူခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာစစ်တပ်က စစ်ကြောင်းတွေထိုးပြီးဧပြီလမှာ စစ်တပ်က အင်းတော်မြို့ပေါ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အင်းတော်မြို့ကိုထိန်းချုပ်ပြီးတော့စစ်တပ်က မဲဇာအပါအဝင် ကျေးရွာတွေကို စစ်ကြောင်းတွေထိုးခဲ့ပေမယ့် ဇူလိုင်လမှာ စစ်တပ်စစ်ကြောင်းထိုးပြန်ဆုတ်သွားတာဖြစ်သွားတာဖြစ်ပါတယ် ။ စက်တင်ဘာလမှာတော့စစ်တပ်ကစစ်ကြောင်းတွေပြန်ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေအပြင်းအထန်ဆက်တိုက်ဖြစ်ခဲ့ပါတယ် ။
အင်းတော်မြို့နယ် ၊မဲဇာဒေသ ၊အင်းတော်-ဝန်သိုလမ်း၊အင်းတော်-ထီးချိုင့်လမ်းမှာစစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အရာရှိအလောင်းတွေလောက်သာ စစ်တပ်ကပြန်သယ်ပြည် အောက်ခြေစစ်သားတွေ၊ ပြည်သူ့စစ်မှုထမ်းစစ်သားသစ်တွေ(ပစ)အလောင်းတွေ စွန့်ပစ်ခဲ့လို့၊ဖြစ်သလိုမြှပ်ခဲ့လို့ ဒေသခံတွေ၊ PDF တွေက သဂြိဟ်ပေးကြရပါတယ် ။
အောက်တိုဘာလ၂၂ ရက်နေ့ကလည်း တပ်မ(၃၃)လက်အောက်ခံခလရ-၄(ပုသိမ်ကြီးတပ်)ကဗိုလ်ကြီးဟိန်းထက်ဇော်သေဆုံးခဲ့ပါတယ်။
သူတို့ထက်ရာထူးကြီးသူတွေလည်း သေဆုံးတာ ၊ဖမ်းဆီးခံရတာမနည်းပါဘူး။
အောက်တိုဘာလ၂၅ရက်က ဖီလေးရွာအနီးတိုက်ပွဲမှာစစ်ကြောင်းကွပ်ကဲတဲ့ ဗျူဟာမှူးတဦးထပ်သေပါတယ် ။ လက်နက်ချပြီး တော်လှန်ရေးတပ်တွေထံအလင်းဝင်စစ်သားတွေလည်းအများအပြားရှိခဲ့ပါတယ်။
မသေခင်ဗိုလ်ကြီးမင်းသူဟာ တောင်ပေါ်မှာ ရက်ပေါင်းများစွာ အစာရေစာပြတ်လပ်၊ဖင်တရွတ်ဆွဲ ဆင်းရတဲ့အထိ ဒုက္ခရောက်ပြီး အရိုးပေါ်အရေတင် ငတ်ပြတ်ပြီး သေဆုံးခဲ့ရတာကို မိခင်ကိုယ်တိုင် သိနေပါတယ်။ ဒါဟာ အာဏာသိမ်းစစ်တပ်က အောက်ခြေရဲဘော်တွေနဲ့ အရာရှိတွေကို အသက်တန်ဖိုးမထားဘဲ အဓမ္မ စစ်တပ်အဖြစ် အသုံးချနေတာကို ပြသနေတာပါ။ ဒါပေမဲ့ မိခင်ဖြစ်သူကတော့ “တပ်မတော်ကြီးကို ချစ်မြတ်နိုးသူ၊ နိုင်ငံတော်ပေါ် တာဝန်ကျေသူ၊ အဘတွေက ချစ်ကြတာ” ဆိုပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့် စကားလုံးတွေနဲ့ပဲ စိတ်သက်သာရာ ရှာနေရရှာပါတယ်။ စနစ်ဆိုးကြီးက သူ့သားကို ဝါးမြိုသွားတာကို မမြင်ဘဲ၊ စနစ်ဆိုးကို ထားရှိပေးနေတဲ့ အထက်လူကြီးတွေကိုပဲ ကျေးဇူးတင်နေရတဲ့ အခြေအနေဟာ သိပ်ကိုဝမ်းနည်းစရာကောင်းလှပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်အာဏာရှင်စနစ်ရဲ့ အမှောင်ထုက ပြည်သူတွေကိုတင်မကဘဲ သူတို့ရဲ့ ဒိုင်ခံ တပ်ဖွဲ့ဝင် မိသားစုတွေကိုပါ ဘယ်လောက်အထိ မျက်စိပိတ်၊ နားပိတ်ထားနိုင်သလဲဆိုတာကို ပြသနေပါတယ်။
သားဖြစ်သူရဲ့ အသုဘကို “လှလှပပလေး လုပ်ပေးလို့၊ ဂူဆောက်ပေးလို့” ကျေးဇူးတင်နေရတဲ့ မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာတော့ သူ့သားကို စစ်မြေပြင်ဆီ တွန်းပို့ပြီး အဓိပ္ပာယ်မဲ့ အသက်စွန့်ခိုင်းခဲ့တဲ့ အမှန်တရားကို ရင်မဆိုင်ရဲဘဲဖြစ်နေပါတယ်။
နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ကလေးသူငယ်တွေ၊ အပြစ်မဲ့ ပြည်သူတွေ၊ လူငယ်တွေ သွေးမြေကျနေရချိန်မှာ၊ အာဏာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အသက်စွန့်ပေးခဲ့ရတဲ့ စစ်သည်တွေရဲ့ မိသားစုတွေဟာလည်း စနစ်ဆိုးကြီးရဲ့ ဝါးမြိုခြင်းကို ခံနေကြရတာကို ဒီမိခင်ရဲ့ ရင်ဖွင့်သံက မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နဲ့စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေကြောင့် နိုဝင်ဘာ ၅ ရက်အထိသေဆုံးရတဲ့ပြည်သူပေါင်း ၈၆၅၆ ဦးထက်မနည်းရှိနေပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးကွန်ယက်ကထုတ်ပြန်ပါတယ်။ဒါက အချက်အလက်အသေးစိပ်အတည်ပြုထားတဲ့အရေအတွက်ပဲရှိသေပြီး အတည်ပြုဖို့လိုနေသေးသူက ၅၅၀၀ ခန့်ရှိပါတယ်။ ဒါကြောင့်ပြည်သူတွေသတ်ဖြတ်ခံရတာအနည်းဆုံး ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။အဲဒီထဲမှာကလေးငယ် ၁၁၄၁ဦးပါဝင်ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေ ၊ပဋိပက္ခတွေကြောင့် ဗိုလ်ကြီးမင်းသူလိုစစ်သားတွေအပါအဝင်တစ်နိုင်ငံလုံးသေဆုံးသူပေါင်း တစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ် ။မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အာဏာရှင်တွေ အာဏာမလုရင်အခုလိုအဖြစ်မျိုးတွေကြုံရမှာမဟုတ်ပါဘူး။ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေအကျိုးစီးပွားအတွက် စစ်သားတွေကနေ့စဥ်ပြည်သူတွေကို ဖမ်းဆီး အကြမ်းဖက်သတ်ဖြတ်နေကြတာကို နိုင်ငံတာဝန်ထမ်းဆောင်တယ်လို့ ဗိုလ်ကြီးမင်းသူ အမေအပါအဝင် စစ်တပ်ထောက်ခံသူတွေကမြင်နေကြဆဲဖြစ်ပါတယ် ။
ဒါကြောင့်ဗိုလ်ကြီးမင်းသူ မိခင်ရဲ့ Tik Tok ဗွီဒီယိုအောက်မှာ Tkk Tok သုံးစွဲသူတစ်ဦးက ခုလိုမှတ်ချက်ရေးသားခဲ့တယ်။
“အထက်အရာရှိတွေလက်သုံးစကား ဂုဏ်ယူလိုက်ပါ လေးစားပါတယ်။ ဒါပါပဲလေ။ အောက်ခြေအရာရှိစည်သည်တွေက အသုံးချခံတွေပါဗျာ။ ပြည်ပကျူးကျော်စစ်မှာတိုက်ပွဲကျရင်တောင် ပြည်သူတွေအားပေးမူ့နဲ့ ဖြေသာသေးတယ်။ ခုတော့ တိုင်းပြည်အတွက်အသက်ပေးရတယ်ဆိုတာ စစ်တပ်အသိုင်းအဝိုင်းလောက်ကပဲပြောနေတာ မဖြေသာနိုင်ဘူးအမေရယ်”တဲ့။ ။





















































