နိုဝင်ဘာ-၉၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံတာ၊ သစ်ပင်လဲပြိုတာနဲ့ ယာဥ်တွေ လမ်းချော်တိမ်းမှောက်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၉ ရက်မှာ တနေကုန်နီးပါး ရွာသွန်းနေတဲ့မိုးကြောင့် မန္တလေးမြို့က ရပ်ကွက်အချို့ ရေကြီးရေလျှံပြီး နေအိမ်တွေအထိ ရေတွေဝင်ရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“အိမ်တွေထဲအထိ အကုန်ဝင်တာ။ ညနေပိုင်းမှ ပြန်ကျသွားတယ်”လို့ မန္တလေးမြို့ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် မိုးများလို့ သစ်ပင်လဲပြိုတာတွေလည်း ရှိခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁(C)လမ်းနဲ့ ၁၁၅ လမ်းထောင့်မှာ သစ်ပင်လဲကျပြီး ကားပေါ်ပိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သစ်ပင်ကားပေါ်ပိတာကို ဖယ်ရှားရှင်းလင်းခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် မန္တလေး-ပြင်ဦးလွင်လမ်း ၁၆ မိုင်အနီးမှာလည်း ဒီကနေ့မနက်ပိုင်းက အိမ်စီးကား ၁စီး မိုးရွာချိန် လမ်းချော်တိမ်းမှောက်ခဲ့ပြီး လူထိခိုက်မှုရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။
နိုဝင်ဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီ၊ ကချင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး စစ်ကိုင်း၊ မန္တလေ၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ဧရာဝတီ၊ ရှမ်းပြည်၊ ချင်းပြည်၊ အာရက္ခပြည်နဲ့ ကရင်ပြည်တို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး ပဲခူး၊ ဧရာဝတီနဲ့ ရှမ်းပြည်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပြီး အချိန်အခါမဟုတ် မိုးများရွာသွန်းမှုတွေကြောင့် မိုးလေဝသတိရှိမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်သတိပြုနိုင်ဖို့ NUGရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။




















































