- နောင်နောင် ရေးသားသည်။
ဘရာဇီးနိုင်ငံမှာ လူလာဒါဆေးလ်ဗား (Luiz Inácio Lula da Silva) ပြန်လည်ရွေးကောက်ခံရမှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့က ဝမ်းမြောက်ဂုဏ်ပြုကြပါတယ်။ အမေဇုန်မိုးသစ်တောကို ထိန်းသိမ်းကာကွယ်ရေးအတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာပြီလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့က ဝမ်းမြောက်ကြိုဆိုကြတယ်။ “အမေဇုန်တောကြီး အသက်ရှူချောင်နိုင်ပြီ” လို့ ဆိုကြတယ်။
အယ်လ်နီညို အားကောင်းလာတာ၊ အပူလှိုင်းတွေ၊ အပူလှိုင်းမုန်တိုင်းတွေနဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကြားမှာ ကမ္ဘာ့ရာသီဥတုအတွက် အရေးပါတဲ့ အမေဇုန်မိုးသစ်တောရဲ့ အနာဂတ်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဒီအချိန်မှာ ၂၀၂၆ ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ လူလာဒါဆေးလ်ဗား ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ လူလာ အနိုင်ရခဲ့ခြင်းက သစ်တောထိန်းသိမ်းရေးအတွက် မျှော်လင့်ချက်သစ် ဖြစ်လာနိုင်ပါသလား။
ကမ္ဘာကြီးဟာ ပူနွေးလာတယ်ဆိုတာထက်ကို ပိုမိုပူပြင်းလာနေပါတယ်။ နိုင်ငံအများအပြားမှာ အပူလှိုင်းတွေ ပိုမိုပြင်းထန်လာနေချိန် တစ်ချို့ဒေသတွေမှာ မိုးခေါင်ရေရှားမှု၊ တစ်ချို့ဒေသတွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရပါတယ်။ တချို့နေရာတွေမှာ တောမီးတွေ လောင်ကျွမ်း၊ အပူချိန်စံချိန်သစ်တွေ တင်၊ စိုက်ပျိုးရေးနဲ့ ရေအရင်းအမြစ်တွေ ထိခိုက်။
ဒါတွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ပိုမိုထင်ရှားမြင်နေရတာပါပဲ။

Public Service Announcement
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံချက်အရ အယ်လ်နီညို (El Niño) ဖြစ်စဉ်ဟာ အလွန်အားကောင်းတဲ့အဆင့်အထိ ပိုမိုပြင်းထန်လာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနိုင်ခြေ အလွန်မြင့်မားနေတာကို သိရပါတယ်။
အားကောင်းလှတဲ့ အယ်လ်နီညိုဟာ ကမ္ဘာ့ဒေသအသီးသီးရဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေကို ပြောင်းလဲစေနိုင်ပြီး အပူလွန်ကဲမှု၊ မိုးခေါင်မှုနဲ့ ရေကြီးမှုအန္တရာယ်တွေကိုလည်း မြင့်တက်စေနိုင်တယ်လို့ WMO က သတိပေးထားပါတယ်။
ဒါပေမယ့် အယ်လ်နီညိုတစ်ခုတည်းကြောင့် ကမ္ဘာကြီး ပူနွေးလာတာတော့ မဟုတ်ပါဘူး။ လူသားတို့ရဲ့ လုပ်ဆောင်မှုကြောင့် လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ စုပုံလာတာက ကမ္ဘာ့အပူချိန်မြင့်တက်မှု ရေရှည်ဖြစ်လာဖို့ အဓိကအကြောင်းရင်းဖြစ်ပြီး အယ်လ်နီညိုလို သဘာဝရာသီဥတုဖြစ်စဉ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကမ္ဘာကြီး ပူလောင်တဲ့အခြေအနေကို ရောက်သွားစေတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေနဲ့ အခုလိုအချိန်မှာ ကမ္ဘာ့ရာသီဥတုထိန်းညှိရေးအတွက် အရေးပါလှတဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်တဲ့ အမေဇုန်မိုးသစ်တောကို ဘယ်လိုကာကွယ်မလဲဆိုတာက ပိုပြီးအရေးကြီးလာပါတယ်။
အမေဇုန်မိုးသစ်တောက ဘရာဇီးတစ်နိုင်ငံတည်းက ပိုင်ဆိုင်တာမဟုတ်တဲ့ သဘာဝရတနာတစ်ခု ဖြစ်ပါတယ်။ အမေဇုန်မိုးသစ်တောဟာ တောင်အမေရိကတိုက်အတွင်း နိုင်ငံအများအပြားကို ဖြတ်သန်းကျယ်ပြန့်တည်ရှိပြီး ဘရာဇီးနိုင်ငံအတွင်းမှာ အကြီးဆုံးအပိုင်းက ပါဝင်နေပါတယ်။ သစ်ပင်မျိုးစိတ်ပေါင်းများစွာ၊ တိရစ္ဆာန်မျိုးစိတ်စုံလင်မှု၊ မြစ်ချောင်းအင်းအိုင်တွေနဲ့ ဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေ တည်ရှိရာလည်း ဖြစ်ပါတယ်။
အမေဇုန်သစ်တောဟာ သစ်ပင်တွေကတစ်ဆင့် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူသိုလှောင်ပေးနိုင်တဲ့ သဘာဝစနစ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကမ္ဘာ့အဆုတ်လို့တောင် တင်စားခေါ်ကြတာ မဟုတ်ပါလား။ သစ်တောတွေက ရေငွေ့ထုတ်လွှတ်ပေးပြီးတော့လည်း ဒေသတွင်းနဲ့ ဒေသအနှံ့ မိုးရွာသွန်းမှုပုံစံတွေကိုလည်း သက်ရောက်စေပါတယ်။
ဒါကြောင့် အမေဇုန်သစ်တော ပျက်စီးလာတယ်ဆိုတာဟာ ဘရာဇီးနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုတည်းကိုသာ ထိခိုက်စေတာမဟုတ်ဘဲ ကမ္ဘာ့ရာသီဥတုတည်ငြိမ်ရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်လာတာပါ။
သစ်တောပြုန်းတီးမှု၊ တောမီးလောင်ကျွမ်းမှု၊ တရားမဝင်သတ္တုတူးဖော်မှု၊ သစ်ခုတ်မှုနဲ့ ကျွဲနွားမွေးမြူရေးအတွက် မြေယာရှင်းလင်းမှုတွေဟာ အမေဇုန်ကို ပျက်စီးစေဖို့ ဖိအားပေးနေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။ သစ်တောတွေကို ခုတ်လှဲမီးရှို့လိုက်တဲ့အခါမှာလည်း သစ်ပင်တွေနဲ့ မြေဆီလွှာထဲမှာ သိုလှောင်ထားတဲ့ ကာဗွန်တွေ လေထုထဲ ပြန်လည်ရောက်ရှိလာပါတယ်။
အမေဇုန်ရဲ့ အချို့ဒေသတွေဟာ သစ်တောစနစ်ကို မူလအခြေအနေအတိုင်း ပြန်လည်ထိန်းသိမ်းဖို့ ခက်ခဲလာနိုင်တဲ့ အရေးကြီးအဆင့်တစ်ခုဆီ နီးကပ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေကလည်း သတိပေးထားကြပါတယ်။ အဲဒီလို အဆင့်တစ်ခုကို ရောက်သွားရင် မိုးသစ်တောအချို့ဟာ သစ်ပင်ကြီးတွေ ပျောက်ဆုံးပြီး ပိုမိုခြောက်သွေ့တဲ့ မြက်ခင်းပြင်ပုံစံကို ပြောင်းလဲသွားနိုင်တယ်လို့ စိုးရိမ်ကြပါတယ်။
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားဟာ ၂၀၂၃ ခုနှစ်မှာ တတိယအကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အစိုးရရဲ့ အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဦးစားပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပြန်လည်အားဖြည့်ခဲ့ပြီး တရားမဝင်သစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်းနဲ့ သစ်တောနယ်မြေကျူးကျော်ခြင်းတွေကို တားဆီးဖို့ စစ်ဆေးရေးနဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။
ဘရာဇီးအမေဇုန်ဒေသမှာ သစ်တောပြုန်းတီးမှုဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ စတုရန်းကီလိုမီတာ ၅,၇၃၁ ရှိခဲ့တယ်လို့ ဘရာဇီးအမျိုးသားအာကာသသုတေသနဌာန (INPE) ရဲ့ PRODES (အမေဇုန်ဒေသ သစ်တောပြုန်းတီးမှုကို ဂြိုဟ်တုမှတစ်ဆင့် စောင့်ကြည့်တိုင်းတာသည့်စနစ်) က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က စတုရန်းကီလိုမီတာ ၆,၅၁၈ နဲ့ နှိုင်းယှဉ်ရင် ၁၂ ရာခိုင်နှုန်း လျော့ကျခဲ့တာဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှု လျော့ကျလာကြောင်းကို ဒီကိန်းဂဏန်းက ပြသပေမဲ့ အမေဇုန် အန္တရာယ်ကင်းသွားပြီလို့ မဆိုလိုနိုင်ပါဘူး။ သစ်တောပြုန်းတီးမှုဟာ ဆက်လက်ဖြစ်ပွားနေဆဲ၊ တောမီး၊ ရာသီဥတုခြောက်သွေ့မှုနဲ့ တရားမဝင်ကျူးကျော်မှုတွေကလည်း ရှိနေဆဲပါ။
ဒါ့အပြင် ဘရာဇီးလွှတ်တော်အတွင်းမှာ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုဦးစားပေးလိုတဲ့ အင်အားစုတွေလည်း ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချလိုတဲ့ နိုင်ငံရေးဖိအားတွေကြောင့် သမ္မတတစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ သစ်တောထိန်းသိမ်းရေးကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။
အမေဇုန်အနာဂတ်နဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံသားတွေရဲ့ အမြင်တွေကိုလည်း စစ်တမ်းတွေကနေ လေ့လာနိုင်ခဲ့ပါတယ်။
၂၀၂၅ အောက်တိုဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ ဘရာဇီးနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်နဲ့အထက် လူ ၂,၆၀၀ ကို ရီယိုဒီဂျနေးရိုးမြို့ (Rio de Janeiro) အခြေစိုက် နည်းပညာနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ လေ့လာရေးဌာန (Institute for Technology and Society – ITS-Rio) က အစ်ပ်ဆိုစ်-အိုင်ပက် (Ipsos-Ipec) သုတေသနအဖွဲ့နဲ့ ပူးပေါင်းပြီး ဖုန်းကနေတစ်ဆင့် မေးမြန်းစစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းရဲ့ မှားယွင်းနိုင်ခြေအတိုင်းအတာဟာ ၂ ရာခိုင်နှုန်းပဲဖြစ်ပြီး ယုံကြည်မှုအဆင့် ၉၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။
အဲဒီစစ်တမ်းရလဒ်တွေထဲမှာ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်ပေါ်နေတယ်လို့ ၉၃ ရာခိုင်နှုန်းက ယုံကြည်ကြပါတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုရဲ့ အဓိကအကြောင်းရင်းဟာ လူသားတို့ရဲ့ လုပ်ဆောင်မှုကြောင့်လို့ ၇၄ ရာခိုင်နှုန်းက ယူဆကြပါတယ်။ စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်အချို့ကို လျှော့ချရနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းက ပိုအရေးကြီးတယ်လို့ ၈၀ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပါတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုဟာ အနာဂတ်မျိုးဆက်တွေအပေါ် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ ၈၇ ရာခိုင်နှုန်းက စိုးရိမ်ကြပါတယ်။ မိမိတို့နဲ့ မိသားစုအပေါ်လည်း အန္တရာယ်ကြီးမားစွာ သက်ရောက်နိုင်တယ်လို့ ၇၀ ရာခိုင်နှုန်းက ယူဆကြပါတယ်။
စစ်တမ်းဖြေဆိုသူ ၉၅ ရာခိုင်နှုန်းက မကြာသေးမီနှစ်တွေအတွင်း အပူချိန်မြင့်တက်လာတာကို သတိပြုမိကြောင်း၊ ၉၂ ရာခိုင်နှုန်းက သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာတယ်လို့ မြင်ကြောင်း ဖြေဆိုထားကြတာပါ။ ဒီရလဒ်တွေကိုကြည့်ရင် သိပ္ပံပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေထဲမှာသာ ရှိနေတဲ့ ရာသီဥတုပြောင်းလဲမှု အကြောင်းအရာ မဟုတ်တော့ဘဲ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲအထိ ရောက်ရှိလာနေပြီဆိုတာကို ပြသနေပါတယ်။
Greenpeace International ကလည်း ၂၀၂၅ စက်တင်ဘာလအတွင်းက နိုင်ငံပေါင်း ၁၇ နိုင်ငံက လူ ၁၇,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဘရာဇီးနိုင်ငံအတွက် ရလဒ်မှာ ၉၂ ရာခိုင်နှုန်းက သစ်တောကာကွယ်ရေးဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အရေးကြီးတယ်လို့ ဖြေဆိုခဲ့ပြီး ၉၃ ရာခိုင်နှုန်းကလည်း သစ်တောပြုန်းတီးမှုကို တားဆီးဖို့ မိမိတို့အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ယူဆခဲ့ကြပါတယ်။ ၈၀ ရာခိုင်နှုန်းက သစ်တောကာကွယ်ရေးအတွက် ဌာနေတိုင်းရင်းသားတွေကို ယုံကြည်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဒီစစ်တမ်းတွေက ဘရာဇီးပြည်သူအများစုအကြား သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအပေါ် ထောက်ခံမှု အားကောင်းနေတယ်ဆိုတာကို ပြသပါတယ်။ ဒါပေမဲ့ စစ်တမ်းရလဒ်တွေကို ရွေးကောက်ပွဲမဲပေးမှုနဲ့ တိုက်ရိုက်တူညီတယ်လို့ ယူဆရမှာမျိုးတော့ မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်မှာ စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုဖူလုံရေးနဲ့ လုံခြုံရေးကိစ္စတွေကလည်း ပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးက အချက်တစ်ခုအနေနဲ့ ပါဝင်တာမျိုးပါ။
ဒါပေမယ့် ဘရာဇီးနိုင်ငံ နည်းပညာနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ လေ့လာရေးဌာန ITS-Rio စစ်တမ်းအရ ၂၀၂၅ ခုနှစ်မှာ ဖြေဆိုသူ ၄၅ ရာခိုင်နှုန်းက သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး မူဝါဒတွေကြောင့် နိုင်ငံရေးသမားတစ်ဦးကို မဲပေးခဲ့ဖူးကြောင်း ဖြေဆိုခဲ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကိစ္စဟာ နိုင်ငံရေးရွေးချယ်မှုတွေနဲ့လည်း ဆက်စပ်နေကြောင်း ပြသတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
ပြီးတော့ အမေဇုန်သစ်တောအကြောင်း ဆွေးနွေးကြတဲ့အခါ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ၊ ကာဗွန်သိုလှောင်မှုတွေအကြောင်းသာ ပြောနေလို့ မပြည့်စုံပါဘူး။ အဲဒီသစ်တောထဲမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ ဒေသခံလူထုရဲ့ ဘဝတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို ကြည့်ရင် သစ်တောကာကွယ်ရေးဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ၊ ရိုးရာယဉ်ကျေးမှုနဲ့ နေထိုင်ရှင်သန်ခွင့်ကို ကာကွယ်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်း တွေ့ရပါတယ်။ အမေဇုန်ဒေသခံတွေအတွက် သစ်တောဟာ သဘာဝအရင်းအမြစ်တစ်ခုသာ မဟုတ်ပါဘူး။ စားနပ်ရိက္ခာ၊ ဆေးဖက်ဝင်အပင်၊ ရေ၊ နေထိုင်ရာမြေနဲ့ သူတို့ရဲ့ ဘိုးဘွားအမွေအနှစ်တွေ တည်ရှိရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သစ်တောထိန်းသိမ်းရေးဆိုတာ သစ်ပင်တွေကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ ဒေသခံတွေရဲ့ လူ့အခွင့်အရေးနဲ့ မြေယာပိုင်ဆိုင်ခွင့်ကိုပါ လေးစားကာကွယ်ပေးခြင်း ဖြစ်ပါတယ်။
သစ်တောနယ်မြေကျူးကျော်မှု၊ တရားမဝင်သတ္တုတူးဖော်မှုနဲ့ မြေယာအငြင်းပွားမှုတွေကြောင့် ဒေသခံတွေဟာ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သူတို့ရဲ့ အသံကို မထည့်သွင်းဘဲ အမေဇုန်ကို ကယ်တင်ဖို့ ကြိုးစားခြင်းဟာ ပြည့်စုံတဲ့ ဖြေရှင်းချက်တစ်ခု မဖြစ်နိုင်ပါဘူး။
၂၀၂၆ ခုနှစ် ဘရာဇီးသမ္မတရွေးကောက်ပွဲဟာ အမေဇုန်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ပါတယ်။
လူလာဟာ အလုပ်သမားလှုပ်ရှားမှုနောက်ခံမှ ပေါ်ထွက်လာသူဖြစ်ပြီး ယခင်သမ္မတသက်တမ်းတွေ အတွင်းထဲက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူမှုဖူလုံရေးအစီအစဉ်များနှင့် အခြေခံလူတန်းစားတို့ရဲ့ လူနေမှုဘဝ မြှင့်တင်ရေးကို အလေးထားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၂၆ ရွေးကောက်ပွဲ မဲဆွယ်မှုမှာလည်း လူမှုအကူအညီအစီအစဉ်တွေနဲ့ အမေဇုန်သစ်တောကာကွယ်ရေးကို အဓိကထားခဲ့ပါတယ်။ ပြိုင်ဘက် ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) က လက်ယာယိမ်းနိုင်ငံရေးသမားဖြစ်ပြီး သမ္မတဟောင်း ယား ဘိုလ်ဆိုနာရို (Jair Bolsonaro) ရဲ့ သားလည်းဖြစ်ပါတယ်။ သူက လုံခြုံရေးတင်းကျပ်ရေး၊ အခွန်လျှော့ချရေးနှင့် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို ဦးစားပေးကာ လူလာရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို တင်ပြခဲ့ပါတယ်။
နောက်ဆုံး အောက်တိုဘာ ၂၅ ရက် ဒုတိယအကျော့ မဲပေးမှုမှာ လူလာက မဲအရေအတွက် ၅၁.၇၉ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး ဖလာဗီယိုက ၄၈.၂၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ လူလာ စတုတ္ထအကြိမ် သမ္မတသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။ ရလဒ်က လူလာရဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ထောက်ခံသူများ ရှိနေဆဲဖြစ်ကြောင်း ပြသနေပါတယ်။ ဒါပေမယ့် မဲရလဒ်ကွာဟချက် ၃.၅၈ နဲ့ ကျဉ်းမြောင်းနေခြင်းက ဘရာဇီးလူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးအမြင်ကွဲပြားမှု ပြင်းထန်နေဆဲဖြစ်ကြောင်းလည်း ဖော်ပြနေပါတယ်။
လူလာရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေဟာ သစ်တောပြုန်းတီးမှု လျှော့ချရေး၊ တရားမဝင်သစ်ခုတ်မှုနဲ့ သတ္တုတူးဖော်မှုတွေကို ထိန်းချုပ်ရေးတို့ကို အလေးထားခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအနိုင်ရခြင်းတစ်ခုတည်းနဲ့ အမေဇုန်ပြဿနာအားလုံး ဖြေရှင်းနိုင်မယ်လို့တော့ မဆိုလိုနိုင်ပါဘူး။ လူလာရဲ့ စတုတ္ထသက်တမ်းဟာ ၂၀၂၇ ဇန်နဝါရီ ၅ ရက်မှာ စတင်မှာဖြစ်ပါတယ်။ အဲဒီသက်တမ်းအတွင်း သစ်တောပြုန်းတီးမှု လျှော့ချရေးကို ဆက်လက်ထိန်းသိမ်းနိုင်မလား၊ ဌာနေတိုင်းရင်းသားတွေရဲ့ နယ်မြေအခွင့်အရေးကို ပိုမိုကာကွယ်ပေးနိုင်မလား၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘယ်လိုမျှတအောင် ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အမေဇုန်မိုးသစ်တောဟာ ဘရာဇီးနိုင်ငံပိုင်နယ်မြေအတွင်း အများဆုံးတည်ရှိပေမဲ့ အဲဒီသစ်တောရဲ့ အနာဂတ်ကတော့ ဘရာဇီးနိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းအပေါ် မူတည်နေတာ မဟုတ်ပါဘူး။ သစ်တောထွက်ပစ္စည်းတွေ၊ အသားနဲ့ ပဲပုပ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတဲ့ နိုင်ငံတကာဈေးကွက်တွေ၊ သစ်တောထိန်းသိမ်းရေးအတွက် ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ၊ ရာသီဥတုဆိုင်ရာ သဘောတူညီချက်တွေ၊ နိုင်ငံတကာကုမ္ပဏီတွေရဲ့ တာဝန်ယူမှုတွေဟာလည်း အရေးကြီးပါတယ်။
ပြီးတော့ အမေဇုန်ဒေသခံတွေကိုလည်း သစ်တောမခုတ်ဖို့ တားမြစ်ရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ အာမခံပေးနိုင်ဖို့ လိုအပ်ပါတယ်။ သစ်တောကို မဖျက်ဆီးဘဲ ဝင်ငွေရရှိနိုင်မယ့် ရေရှည်တည်တံ့တဲ့ စီးပွားရေးပုံစံတွေကို ဖန်တီးပေးဖို့လည်း လိုပါတယ်။
ဘရာဇီးပြည်သူတွေရဲ့ စစ်တမ်းသဘောထားတွေ၊ ဌာနေတိုင်းရင်းသားတွေရဲ့ အသံတွေ၊ သိပ္ပံပညာရှင်တွေရဲ့ သတိပေးချက်တွေနဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်တွေကို စုစည်းကြည့်မယ်ဆိုရင် အမေဇုန်ရဲ့ အနာဂတ်ဟာ သစ်တောတစ်ခုရဲ့ အနာဂတ်ထက် ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့အနာဂတ်ဆိုင်ရာ တစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
လူလာရဲ့ ပြန်လည်အနိုင်ရမှုဟာ အမေဇုန်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တစ်ခုနဲ့တင် သစ်တောတွေ ရှင်သန်နိုင်မှာတော့ မဟုတ်ပါဘူး။ ဥပဒေစိုးမိုးရေး၊ နိုင်ငံရေးဆန္ဒ၊ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှသာ အမေဇုန်ကို ရေရှည်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာကြီး ပူလောင်လာနေချိန်မှာ အမေဇုန်သစ်တောကို ကာကွယ်ဖို့ဆိုတာ သစ်ပင်တွေကိုသာ ကာကွယ်ခြင်း မဟုတ်ပါဘူး။ နောင်လာမယ့် မျိုးဆက်တွေအတွက် အသက်ရှင်နေထိုင်နိုင်မယ့် ကမ္ဘာကြီးတစ်ခုကို ထိန်းသိမ်းပေးခြင်းလည်း ဖြစ်ပါတယ်။
ကိုးကား
- Environmentalists celebrate Lula’s reelection in Brazil: The Amazon can breathe a sigh of relief (AP)
- Carbon Brief – Lula presidency and Amazon deforestation
- ITS-Rio – Climate Change in the Perception of Brazilians 2025
- Greenpeace Brasil – Forest protection survey results





















































