မြန်မာနဲ့ နယ်စပ်နားမှာ မသင်္ကာစရာ လေယာဉ်တစ်စီး ချဉ်းကပ်လာမှုကြောင့် F-16 တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့ကြောင်း တော်ဝင်ထိုင်းလေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် ညနေပိုင်းတုန်းက တက်ခ်ပြည်နယ်ထဲက ဖော့ဖရား မြို့နယ်နားမှာ အဲဒီ လေယာဉ်ကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ လေတပ်က ဆိုပါတယ်။ ဒါကြောင့် အရေးပေါ် တုံ့ပြန် သတိပေးမှု စံနှုန်းတွေနဲ့အညီ မသင်္ကာစရာ လေယာဉ်ကို ကြားဖြတ်စောင့်ကြည့်ဖို့၊ ဟန့်တားဖို့အတွက် F-16တွေကို ပျံတက်စေခဲ့တာလို့ လေတပ်က ပြောပါတယ်။
ဒီတုံ့ပြန်မှုဟာ လေကြောင်းကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ အားကောင်းတဲ့ အသင့်ဖြစ်မှုကိုလည်း ထင်ဟပ်မြင်သာစေခဲ့တယ်လို့လည်း လေတပ်က ပြောပါတယ်။ F-16တွေဟာ နယ်စပ်နားက ထိုင်းလေပိုင်နက်ဆီ အမြန်ဆုံး သွားရောက်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
မသင်္ကာစရာ လေယာဉ်ဆိုတာဟာ မြန်မာဖက်က စစ်လေယာဉ် တစ်စီးလား ဆိုတာကိုတော့ ထိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ တိတိကျကျ ဖော်ပြမထားခဲ့ပါဘူး။

Public Service Announcement
အာဏာသိမ်း မြန်မာစစ်တပ်ဟာ ကရင်တော်လှန်ရေး အင်အားစုတွေနဲ့ ထိုင်းနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်လေယာဉ်တွေကိုပါ အသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ လဆန်းတုန်းက ထိုင်းလေတပ်ဟာ F-16တွေကို နယ်စပ်နားမှာ ကင်းလှည့် ပျံသန်းစေခဲ့ဖူးပါတယ်။
လေတပ်ကတော့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လေပိုင်နက်ကိုရော၊ ပြည်သူလူထုရဲ့ လုံခြုံမှုကိုပါ အချိန်ပြည့် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထပ်လောင်း အာမခံ ပြောကြားထားပါတယ်။
ကိုးကား – Khaosod




















































