ဩဂုတ် −၃၀၊၂၀၂၆။ဇော်၀င်း/People’s Spring
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း-၂ ၊ အမှတ်(၁၀၀၆)တပ်ရင်းက မွမ်းမံစစ်သင်တန်းအပတ်စဥ်(၃)ဆင်းပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။
မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားမှာ၁၀၀၆တပ်ရင်းအနေနဲ့ ရှမ်းတောင်-ကယား(ကရင်နီ)စစ်တိုင်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဘုံဘတ်တံဆိပ်ကို ဦးစွာပြောင်းလဲတပ်ဆင်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီနောက်တပ်ဖွဲ့ဝင်တွေရဲ့ကျွမ်းကျင်ရာကဏ္ဍစွမ်းဆောင်ရည်သရုပ်ပြချက်တွေ အပါအဝင် စံပြတပ်ဖွဲ့ဝင်တွေကိုဂုဏ်ပြုတာ၊ တိုက်ခိုက်ပစ်ခတ်စွမ်းရည် ထူးချွန်တပ်ဖွဲ့ဝင်တွေကိုဂုဏ်ပြုတဲ့အစီအစဥ်တွေပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
“မွမ်းမံသင်တန်းကို ဒီနေ့ဆင်းပါတယ်”လို့ အမှတ် (၁၀၀၆)တပ်ရင်းတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
သင်တန်းကို တပ်ဖွဲ့တစ်ခုရဲ့ စုစည်းမှုအား၊ စည်းလုံးမှုအား၊ ကျစ်လစ်မှုအား နဲ့ ကျင့်ဝတ် စတဲ့အားတွေတိုးပွားစေဖို့ ရည်ရွယ်ချက်တွေ အပေါ်အခြေခံကာပြုလုပ်ခဲ့တာလို့ သိရပါတယ်။
သင်တန်းအောင်မြင်စွာပြီးဆုံးသွားတဲ့အလျောက် အနာဂါတ်ရည်မှန်းထားတဲ့ တော်လှန်ရေးပန်းတိုင်အတွက် တပ်ဖွဲ့ဝင်တွေရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ဆထပ်တိုးလာခဲ့ပြီလို့လည်း အသိပေးပါတယ်။
အမှတ်(၁၀၀၆)မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို မဟာမိတ်ညီနှောင်တပ်တွေ သဝဏ်လွာပေးပို့ကာ ဂုဏ်ပြုပေးခဲ့ကြတဲ့ မဟာမိတ်တပ်ရင်းတွေကို ကျေးဇူးတင်တယ်လို့လည်း (၁၀၀၆)တပ်ရင်းတာ၀န်ရှိသူကပြောပါတယ်။
တော်လှန်လူထုတစ်ရပ်လုံးရဲ့ ထောက်ခံပံ့ပိုးမှုအားတွေနဲ့ရှေ့ဆက်မယ့် ခရီးကြမ်းမှာ ကြံ့ကြံ့ခံကာ အောင်ပွဲတွေ ဆင်နွှဲသွားနိုင်ဖို့ အသက် နဲ့ ကိုယ်စွမ်းဥာဏ်စွမ်းများရင်းနှီးပြီး ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊ အမှတ်(၁၀၀၆)တပ်ရင်းဟာ လက်ရှိ မိုးဗြဲမြို့အနီးစစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ခုခံကာကွယ်နေပါတယ်။


















































