Connect with us

Hi, what are you looking for?

ဆောင်းပါး

Pa Lung ဘယ်​ရောက်နေလဲ

မြန်မာ​နေရှင်နယ်လိဂ်မှာ ကစား​နေတဲ့ လူငယ်ကစားသမားတစ်ဦးရန်ကုန်မြို့မှာရုတ်တရက်အဆက်အသွယ်ပြတ်ကာ လုံးဝပျောက်ဆုံးသွားခြင်းက အားကစားအသိုင်းအဝိုင်းမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။သူကတော့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပါ။

ထွန်းညိုဦး/People’s Spring

မြန်မာ​နေရှင်နယ်လိဂ်မှာ ကစား​နေတဲ့ လူငယ်ကစားသမားတစ်ဦးရန်ကုန်မြို့မှာရုတ်တရက်အဆက်အသွယ်ပြတ်ကာ လုံးဝပျောက်ဆုံးသွားခြင်းက အားကစားအသိုင်းအဝိုင်းမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။သူကတော့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပါ။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် စနေနေ့ ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားနဲ့ ပြန်သွားခဲ့တယ်။ ၇/၈ လမ်းဆုံမှာ ဆင်းခဲ့ကာ Taxi နဲ့ မြောက်ဒဂုံက အသင်း အဆောင်ကိုပြန်ဖို့လုပ်တဲ့အချိန်အထိအဆက်အသွယ်ရခဲ့တယ်လို့ ချင်းလန်းအသင်းက ဖော်ပြခဲ့ပါတယ်။ ညပိုင်းမှာလည်း Pa Lung ဖုန်းကို ဆက်ခဲ့ကြပေမယ့် ဖုန်းလုံးဝ မကိုင်ဘူးလို့ သိရတယ်။ မနက်ပိုင်းမှာတော့ Pa Lung ဖုန်းက လုံးဝ ပိတ်သွားခဲ့ပါပြီ။ အခုဆိုရင် Pa Lung ပျောက်ဆုံးတာ တစ်ပတ်နီးပါး ရှိပြီဖြစ်ပေမဲ့ သတင်းအစအနကို မရသေးပါဘူး။

ဘောလုံးသမားလူငယ် ပျောက်ဆုံးသွားတဲ့ မြောက်ဒဂုံမြို့နယ်ဟာ ယခုရက်ပိုင်းအတွင်း ပေါ်တာတွေ ဆက်တိုက်ဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြောက်ဒဂုံတင်လားဆိုတော့ မဟုတ်ပါဘူး။ ရန်ကုန်မြို့ဧရိယာထဲက သာကေတ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာတောင်ညွှန့်၊ တောင်ဒဂုံ၊ သာကေတတွေကနေ လှည်းကူးဘက်အထိ အာဏာသိမ်းစစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲနေကြောင်း ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network – RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတယ်။

Public Service Announcement

Public Service Announcement

RSN ရဲ့ ထုတ်ပြန်ချက်အရ အဲဒီမြို့နယ်တွေမှာသြဂုတ်လအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူ သတင်းရရှိတဲ့အရေအတွက်က ၃၂ ဦးဖြစ်ပါတယ်။ သတင်းမရတဲ့သူတွေ အများအပြား ကျန်နေသေးတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာလူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RCN က ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူ ၉၀ ဦးအနက် ၂ ဦး ပြန်လွတ်ပြီး ၁၅ ဦးကို စစ်မှုထမ်းသင်တန်းကျောင်း​နဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့ ၇၃ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးကြောင်း RCN က အသိပေးပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲမှာလမ်းမပေါ်သွားလာနေတုန်းကားနဲ့ဆွဲဖမ်းခံရသူ ၂၉ ဦးနဲ့ ကားမှတ်တိုင်၊ လမ်းဘေး၊လမ်းဘေးဆိုင်၊ ဘူတာ၊ အဝေးပြေးကားဝင်းတွေမှာ ဖမ်းဆွဲခံရသူ ၉ ဦး ပါဝင်တယ်လို့ RCN က ထပ်မံအသိပေးပါတယ်။

RCN ရဲ့ နောက်ထပ်အချက်အလက်တွေကလည်း စိတ်ဝင်စားစရာပါ။ ရန်ကုန်မှာ ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၂၄ ဦးရှိပြီး အဲဒီထဲမှာ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၁၃ ဦးပါပါတယ်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်းပြီး ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၉ ဦး ရှိပါတယ်။ အချက်အလက်တောင်းစစ်တာ၊ PSMS နဲ့စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိပါတယ်။

လိမ်လည်ခေါ်ယူပြီးဖမ်းဆီးခံရသူ ၁၀ ဦး ရှိခဲ့ပါတယ်။ အိမ်ပြောင်းတာအလုပ်သမားခေါ်တာ၊ လက်သမားခေါ်တာ စတဲ့အလုပ်တွေနဲ့ မျှားကာ ဖမ်းဆီးခံရသူ ၈ ဦးရှိပါတယ်။ ရပ်ကွက်ရုံးသို့ ရုတ်တရက်လာခိုင်းပြီး ဖမ်းခံလိုက်ရသူ ၁ ဦးနဲ့ သားဖြစ်သူ ရှိ၊မရှိ စစ်တပ်ထဲ ဝင်စုံစမ်းရင်း ဖမ်းခံရသူ ၁ ဦးတို့ပါဝင်ပါတယ်။

အဖမ်းအဆီးဖြစ်ခဲ့တဲ့ မြိုနယ်တွေကတော့ မြို့နယ်ပေါင်း ၁၉ မြို့နယ်ဖြစ်ပြီး တာမွေ၊ လှိုင်၊ ဒဂုံဆိပ်ကမ်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ ထန်းတပင်၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ သာကေတ၊ စမ်းချောင်း၊ လမ်းမတော်၊ အင်းစိန်၊ ဒေါပုံနဲ့ ရွှေပြည်သာမြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဩဂုတ်လထဲ အဖမ်းခံရသူတွေထဲ လှိုင်သာယာ ဖိနပ်ချုပ်စက်ရုံက ဝန်ထမ်းလေးတွေလည်း အိမ်ပြန်တုန်း အဆွဲခံရတာရှိပါတယ်။ တောင်ဒဂုံ စက်မှုဇုန် ၂က စက်ရုံအလုပ်သမားတွေနဲ့ စျေးသည်လေးတွေ ပါပါတယ်။

တစ်ပတ်နီးပါးကြာတဲ့အထိ သတင်းမရသေးတဲ့ ဘောလုံးသမား Pa Lung နဲ့ ပတ်သက်ပြီး ပေါ်တာဆွဲခံလိုက်ရတာလို့ ယူဆသူတွေလည်း ရှိတယ်။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆိုင်ရာပိုင်ရာတွေကို လိုက်စုံစမ်းရင် ဒီလောက်မကြာနိုင်တာမို့ ဒါဟာ ကျားဖြန့်က ဖမ်းသွားသလားလို့ ထင်မြင်သူတွေလည်းရှိတယ်။ ခုထိ အခြေအနေ မထူးသေးဘူး။

တစ်ကယ်​တော့ မြန်မာ​နေရှင်နယ်လိဂ်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့လက်​အောက်မှာ ​ဘောလုံးပြိုင်ပွဲ​တွေ ပုံမှန်လည်ပတ်​နေပါတယ် ဆိုပြီး စစ်တပ်အလိုကျ ယှဥ်ပြိုင်​​နေတဲ့ပြိုင်ပွဲဖြစ်ပါတယ် ။​ ​​ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦး​ဇော်​ဇော်ကစပြီး ဘောလုံးကလပ်အများစုကို စစ်တပ်နဲ့ နီးစပ်တဲ့ခရိုနီ​တွေ ၊လုပ်ငန်းရှင်​တွေကပိုင်ဆိုင်ကြတာပါ ။

စစ်တပ်လက်​အောက်မှာ ​ဘောလုံးပြိုင်ပွဲ​တွေက ​အောင်မြင်မှု မယ်မယ်ရရ ဘာမှမရှိ​ပေမယ့် ပြည်သူ​တွေကို ​တော်လှန်​ရေးမှ စိတ်မဝင်စား​အောင် ၊နိုင်ငံ​ရေးစိတ်မဝင်စား​အောင်၊ အ​ခြေအ​နေ​တွေက ပုံမှန်လည်ပတ်​နေတယ်ဆိုတဲ့ ပုံရိပ်​​တွေကို ပြဖို့​တော့ ​ဘောလုံးပွဲ​တွေက စစ်အုပ်စုအတွက်အသုံးတည့်​နေတယ်လို့​ဘောလုံးဝါသနာရှင်တစ်ဦးက​ပြောပါတယ်။ သူက​တော့စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်တပ်ကိုယ်စားပြု ယှဥ်ပြိုင်တဲ့​ဘောလုံးပွဲ​တွေကို​​​ရော ၊​​နေရှင်နယ်လိဂ်ပွဲ​တွေကို​ရော လုံးဝမကြည့်​တော့ဘူးလို့​​သူကပြောပါတယ် ။

ဒါ​ကြောင့် စစ်တပ်လက်​အောက်မှာ စစ်အုပ်စုကအား​ပေး​နေတဲ့ဇာတ်ပွဲ​တွေလို ​ဘောလုံးပွဲ​တွေဟာလည်း အတူတူပဲဖြစ်ပါတယ်။ဒီအ​ခြေအ​နေမှာ ​​ဘောလုံးကန်​​ပေးနေသူကိုပါ ​ပေါ်တာဆွဲတဲ့အ​ခြေအ​နေ​ရောက်​နေပြီဆိုရင်​တော့စစ်အုပ်စုရဲ့ အ​သေခံစစ်သားစု​ဆောင်း​ရေး အ​ခြေအ​နေဘယ်​လောက်ဆိုး​နေပြီလဲဆိုတာတွက်ဆလို့ရနိုင်တယ်လို့ သူကဆက်​ပြောပါတယ်။

Pa Lung နဲ့ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြဖို့ကိုလည်း ချင်းလန်းအသင်းက မေတ္တာရပ်ခံထားပါတယ်။ အားလုံးလည်း ဝိုင်းဝန်း ကူညီရှာဖွေပေးကြဖို့၊ သတင်းမျှဝေပေးကြဖို့နဲ့ ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့ ဆုတောင်းသတိရပေးကြဖို့ ချင်းလန်းအသင်းက တောင်းခံထားပါတယ်။ Pa Lung ဘယ်​ရောက်နေပါသလဲ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။