ခါကာဘို ရေးသားသည်။
ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။
ဒီဆောင်းပါးဟာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာမှာ ပြန်လည်ဖော်ပြထားတဲ့ကနေဒါနိုင်ငံ University of Manitoba မှ ဒေါက်တာကော်ဆာအာမက် (Kawser Ahmed) ရဲ့ သုံးသပ်ချက်ဖြစ်ပြီး၊ မြန်မာ့မေ့လျော့ခံ စစ်ပွဲနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပျက်ကွက်မှုအပေါ် အလေးပေး ဆွေးနွေးထားတဲ့ သူ့ရဲ့သုံးသပ်ချက်ကို ပြန်လည်တင်ပြထားခြင်းဖြစ်ပါတယ်။
၅ နှစ်တာကာလအတွင်း အဆုံးအရှုံးကြီးမားလှတဲ့ မြန်မာပြည်တွင်းစစ်ဟာ ယနေ့အချိန်မှာတော့ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်လာနေတဲ့ စစ်ပွဲတစ်ခု ဖြစ်လာနေပါတယ်။

Public Service Announcement
ဒါဟာ စစ်မြေပြင်မှာ လူတွေသေဆုံးကြရတာ၊ မိသားစုတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာသာမက လူသားတွေရဲ့ အသက်အိုးအိမ်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးမယ်ဆိုတဲ့ကမ္ဘာကြီးရဲ့ကတိကဝတ်တွေ၊အထူးသဖြင့်‘ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု’ (Responsibility to Protect – R2P) ဆိုတဲ့ သဘောတူညီချက် မူဝါဒတွေဟာ တကယ်တမ်းကြ အသက်မှ ဝင်နေသေးရဲ့လား၊ ဒါမှမဟုတ် နိုင်ငံရေးအရ အဆင်ပြေတဲ့အချိန်မှာသာ အသုံးပြုတဲ့ ကတိစကားတစ်ခုလား ဆိုတာကို သံသယ ဖြစ်လာစေပါတယ်။
တကယ်တော့ ၂၀၀၁ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လက်ခံခဲ့တဲ့ “ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု” (Responsibility to Protect – R2P) ဆိုတာဟာ စာရွက်ပေါ်က မူဝါဒတစ်ခုသာ မဟုတ်ပါဘူး။ အဲဒီအယူအဆရဲ့ နောက်ကွယ်မှာ ‘နိုင်ငံတစ်နိုင်ငံက မိမိပြည်သူတွေကို မကာကွယ်နိုင်တဲ့အခါ ကမ္ဘာကြီးမှာ ဘာတာဝန်ရှိသလဲ’ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ မိမိပြည်သူတွေကို လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှု (Genocide)၊ စစ်ရာဇဝတ်မှု (War Crimes)၊ လူမျိုးရေးအရ ရှင်းလင်းမှု(Ethnic Cleansing)နဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) တွေကနေ မကာကွယ်နိုင်ဘူး၊ ဒါမှမဟုတ် မကာကွယ်ချင်ဘူးဆိုရင် အဲဒီတာဝန်ဟာ ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်းမျှဝေယူရမယ့် တာဝန်တစ်ရပ် ဖြစ်လာတယ်ဆိုတဲ့ အခြေခံမူ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဒီမူဝါဒကို အကျပ်အတည်းတိုင်းမှာ တူညီစွာ အသုံးမပြုနိုင်ခဲ့ပါဘူး။ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေဟာ ပဋိပက္ခတစ်ခုချင်းစီရဲ့ မဟာဗျူဟာဆိုင်ရာ အကျိုးစီးပွားနဲ့ ကမ္ဘာ့အာရုံစိုက်မှုအပေါ် မူတည်ပြီး ကွာခြားနေခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှု နည်းပါးတဲ့ နေရာတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကတော့ နှစ်ပေါင်းများစွာ ကြာအောင် တိတ်တဆိတ် ဆက်လက်ခံစားနေရဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ယနေ့မှ စတင်ခဲ့တာ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကတိုင်းရင်းသားတန်းတူရေး၊အာဏာခွဲဝေမှုနဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေဟာ နိုင်ငံရဲ့ အခြေခံစိန်ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ဟာနိုင်ငံရေးအာဏာကိုအဓိကထိန်းချုပ်လာခဲ့ပြီး၁၉၈၈ခုနှစ်ရှစ်လေးလုံးဒီမိုကရေစအရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းတို့လို လူထုလှုပ်ရှားမှုတွေကိုလည်း အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။
၂၀၁၀နောက်ပိုင်းမှာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအစပြုလာခဲ့ပေမယ့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်မြန်မာနိုင်ငံဟာပဋိပက္ခအဆင့်သစ်တစ်ခုထဲ ဝင်ရောက်သွားခဲ့ပါတယ်။
ဒီအခြေအနေတွေရဲ့ အကြီးမားဆုံးပေးဆပ်ရသူတွေကတော့ ပြည်သူတွေကိုယ်တိုင် ဖြစ်ပါတယ်။
စစ်ပွဲရဲ့ ဆုံးရှုံးမှုဆိုတာ စစ်မြေပြင်မှာ ကျဆုံးသွားသူအရေအတွက်သာမက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မြို့ရွာတွေ၊ နေရပ်စွန့်ခွာခဲ့ရတဲ့ မိသားစုတွေ၊ စာသင်ခွင့်ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေ၊ အနာဂတ်မသေချာတော့တဲ့ လူငယ်တွေနဲ့ နှစ်ပေါင်းများစွာ အိမ်ပြန်ခွင့်မရသေးတဲ့ လူထုတွေရဲ့ ဘဝတွေပါ ပါဝင်ပါတယ်။
ရိုဟင်ဂျာအကျပ်အတည်းကိုမြန်မာ့အကျပ်အတည်းရဲ့အထင်ရှားဆုံးဥပမာတစ်ခု အဖြစ် ထောက်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနောက်ပိုင်း ရိုဟင်ဂျာ သိန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပြီး ယနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော် နေထိုင်နေကြပြီး အများစုမှာ ကော့စ်ဘဇား (Cox’s Bazar) ဒုက္ခသည်စခန်းတွေမှာဘဝကိုခက်ခဲစွာဆက်လက်ဖြတ်သန်းနေကြရပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမှုကြောင့် လူထောင်ပေါင်းများစွာ ထပ်မံ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း မြန်မာ-ထိုင်းနယ်စပ်က ယာယီခိုလှုံရေးစခန်းတွေမှာ မြန်မာဒုက္ခသည် ရှစ်သောင်းကျော်ကို လက်ခံ ထားရပါတယ်။
ဒီအခြေအနေတွေဟာ ခဏတာဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ မဟုတ်ဘဲ၊ မျိုးဆက်များစွာအထိ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအနာဂတ်ကိုထိခိုက်စေနိုင်တဲ့အကျပ်အတည်းတွေ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးလည်း ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးသုန်းစေမှု ဆိုင်ရာ စွပ်စွဲချက်များနဲ့ တရားစွဲဆိုခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ICJ က အမှုရဲ့ အနှစ်သာရပိုင်းဆိုင်ရာ ကြားနာမှုများကို ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ထွက်ပေါ်လာဘို့ စောင့်မျှော် နေကြပါတယ်။
ဒါပေမယ့် မြန်မာ့ပဋိပက္ခဟာ ရိုဟင်ဂျာပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။တိုင်းရင်းသားဒေသတွေမှာ ဆယ်စုနှစ်များစွာ ကြာမြင့်လာတဲ့ ပဋိပက္ခတွေ၊ နယ်မြေထိန်းချုပ်မှု၊ စစ်ပွဲစီးပွားရေး (War Economy) နဲ့ သယံဇာတအရင်းအမြစ်တွေဟာ ဒီစစ်ပွဲကို ပိုမိုရှုပ်ထွေးစေတဲ့ အချက်တွေ ဖြစ်လာပါတယ်။
မြေရှားသတ္တု (Rare Earths) တူးဖော်မှု၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (Online Scam Operations) နဲ့ တရားမဝင် စီးပွားရေးကွန်ရက်တွေဟာစစ်ပွဲကို စတင်စေတဲ့ အကြောင်းရင်း မဟုတ်ပေမယ့် ပဋိပက္ခ ဆက်လက်တည်ရှိဖို့ အရင်းအမြစ်တွေ ဖြစ်လာနေပါတယ်။
ဒါဆို ဒီစစ်ပွဲကို ဘယ်လိုအဆုံးသတ်နိုင်မလဲ။
စစ်ပွဲအဆုံးသတ်ဖို့ဆိုတာ တိုက်ပွဲရပ်တန့်ရုံနဲ့ မပြီးပါဘူး။စစ်ပွဲကနေရရှိနေတဲ့အကျိုးအမြတ် တွေထက် ငြိမ်းချမ်းရေးက ပိုမိုတန်ဖိုးရှိပြီး လူထုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ကြောင်း လက်တွေ့ပြသနိုင်ဖို့ လိုအပ်ပါတယ်။
ကျောင်းတွေ၊ဆေးခန်းတွေ၊အခြေခံအဆောက်အအုံတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ လူထုတွေကို စစ်ပွဲမဟုတ်တဲ့ အနာဂတ်တစ်ခုကို ပြန်လည်မြင်နိုင်စေမယ့် အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေးရန်ပုံငွေတွေကိုလည်း စစ်ပွဲကနေ အကျိုးအမြတ်ရရှိနေသူတွေ မသိမ်းပိုက်နိုင်အောင် စနစ်တကျ စီမံဖို့လည်း အရေးကြီးပါတယ်။
မြန်မာ့အရေးဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းရဲ့ ပြဿနာ မဟုတ်တော့ပါဘူး။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတို့ရဲ့ ဒေသတွင်းအကျိုးစီးပွားနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။
၂၀၂၁ ခုနှစ်မှာ သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ဟာ အကျပ်အတည်းကို မဖြေရှင်းနိုင်သေးပေမယ့် မြန်မာ့အရေးအတွက် ဒေသတွင်းဆွေးနွေးမှု ဆက်လက် ပြုလုပ်နိုင်တဲ့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေနဲ့လည်း ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက တာဝန်ယူဖို့ လိုအပ်ပါတယ်။
မြန်မာ့အရေးမှာ ကမ္ဘာကြီးက ခုထိ ပြန်မဖြေသေးတဲ့ မေးခွန်းတစ်ခုကတော့ ဆက်လက်ရှိနေဆဲပါ။
ကမ္ဘာကြီးဟာ “အကာအကွယ်မဲ့နေသူ၊ ပြည်သူတွေကို ကာကွယ်ပေးမယ်” ဆိုတဲ့ ကတိကို အမှန်တကယ်ရော တန်ဖိုးထားရဲ့လား။
တကယ်တော့ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု (R2P) ဆိုတာ အလိုအပ်ဆုံးသူတွေရဲ့ အသံတွေ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုအပြင်ဘက်ကို ရောက်သွားချိန်မှာတောင် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လောက်အထိ တာဝန်ယူနိုင်သလဲဆိုတာနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာကြီးက ဒီကတိကဝတ် တွေဘယ်လောက်တည်သလဲဆိုတဲ့စမ်းသပ်မှုကြီးထဲမှာ ရှိနေပါတယ်။ ယခုအချိန်အထိတော့ ကမ္ဘာကြီးဟာ ဒီစမ်းသပ်ချက်ကို အောင်မြင်စွာ ဖြေဆိုနိုင်ခြင်း မရှိသေးကြောင်း စာရေးသူက Dhaka Tribune တွင် ထောက်ပြထားပါတယ်။
ကိုးကား – Dhaka Tribune


















































