တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ?
– မဲခေါင် ရေးသားသည်။
CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး ကဏ္ဍမှာ အရေးပါနေတဲ့ မြေရှားသတ္တုတွေကို တရုတ်က ဘယ်လို ထိန်းချုပ်နိုင်ခဲ့ သလဲဆိုတာ စိတ်ဝင်စားဖွယ် ခွဲခြမ်းရှင်းပြထားပါတယ်။
အဆိုပါအစီအစဉ်မှာ ဆွေးနွေးထားတဲ့ အဓိကအချက်တွေကတော့ —

Public Service Announcement
၁။ တရုတ်နိုင်ငံက ဘယ်လို အနိုင်ရခဲ့သလဲ ? (ချုပ်ကိုင်နိုင်ရခြင်းအကြောင်းရင်း)
တရုတ်က ဒီနေ့ မြေရှားလောကရဲ့ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာတာဟာတစ်ညတည်းနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။
မြေရှားကဏ္ဍကို နှစ်ပေါင်းများစွာ စနစ်တကျ ရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် ယနေ့မှာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်ခြင်းဖြစ်ပါတယ်။
ဒီအတွက် နှစ်ပေါင်းများစွာ ကြိုတင်စီမံကိန်းချပြီး အစိုးရက ဦးဆောင်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အနောက်နိုင်ငံအများစုဟာ မြေရှားတူးဖော်ရေး ဆိုတာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများတယ်၊ အမြတ်အစွန်းလည်း မကောင်းဘူးဆိုပြီး စိတ်ဝင်စားမှု လျော့နည်းနေချိန်မှာတရုတ်ကတော့အဲဒီကဏ္ဍကို အနာဂတ်အတွက် မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ပြီး တိတ်တဆိတ် တည်ဆောက်နေခဲ့ပါတယ်။
သတ္တုတွင်းတူးဖေါ်ခြင်းလုပ်ငန်းတစ်ခုထဲ မဟုတ်ဘဲ သတ္တုသန့်စင်ရေး၊ ခွဲထုတ်ရေးကနေ နောက်ဆုံး အားကောင်းတဲ့ သံလိုက် (NdFeB Magnet)ထုတ်လုပ်တဲ့အထိ “Mine-to-Magnet”လို့ခေါ်တဲ့ထောက်ပံ့ရေးကွင်းဆက်(Supply Chain)တစ်ခုလုံးကိုကိုယ်တိုင် ထိန်းချုပ်နိုင်အောင် တည်ဆောက်ခဲ့ပါတယ်။
အဲဒီ ဆယ်စုနှစ်များစွာ ကြိုတင်ပြင်ဆင်ခဲ့တဲ့ မဟာဗျူဟာကြောင့်ပဲဒီနေ့ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ၇၀ရာခိုင်နှုန်းခန့်ကိုတရုတ်က ထိန်းချုပ်ထားနိုင်ပြီး၊ ဒီသတ္တုတွေကို အခြေခံတဲ့ ကမ္ဘာ့နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေအတွက် သြဇာအရှိဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။
၂။ မြေရှားသတ္တုများရဲ့ မဟာဗျူဟာမြောက် အရေးပါမှု
မြေရှားသတ္တု ၁၇မျိုးကိုခေတ်သစ်နည်းပညာလောကရဲ့ “ဗီတာမင်” လို့တောင် တင်စားကြပါတယ်။ အကြောင်းကတော့ ပမာဏနည်းနည်းလေးသာ သုံးရပေမယ့် မပါလို့မဖြစ်တဲ့ အခန်းကဏ္ဍမှာ ရှိနေလို့ပါ။
စစ်ဘက်ဆိုင်ရာ တိုက်လေယာဉ်တွေ၊ တိကျစွာ ပစ်မှတ်ထိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေ၊ ရေဒါ စနစ်တွေမှာ အသုံးပြုတဲ့ အားအလွန်ကောင်းတဲ့ သံလိုက်တွေကို ထုတ်လုပ်ဖို့ ဒီသတ္တုတွေ မရှိမဖြစ် လိုပါတယ်။
စစ်ရေးတင်မကဘဲ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေ၊ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ် တာဘိုင်တွေနဲ့ အဆင့်မြင့် နည်းပညာသုံး ကိရိယာအများစုအတွက်လည်း မြေရှားသတ္တုတွေက အဓိကကျပါတယ်။
၃။ အမေရိကန်အတွက် အန္တရာယ်နှင့် လွှမ်းမိုးမှု
တရုတ်ကမြေရှားသတ္တုလောကကိုအဓိက ထိန်းချုပ်ထားနိုင်တာကြောင့် အမေရိကန်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့်နှစ်နိုင်ငံကြားပထဝီနိုင်ငံရေး တင်းမာမှုတွေ ဖြစ်လာတဲ့အချိန်မှာ တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်တာမျိုးနဲ့ ဖိအားပေးနိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဒီအခြေအနေက မြေရှားဟာ သာမာန်သတ္တုတမျိုးသာ မဟုတ်ဘဲ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ နည်းပညာ၊ စီးပွားရေးနဲ့ လုံခြုံရေးကိုပါ သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ အင်အားတစ်ခု ဖြစ်လာနေပြီဆိုတာ ပြသနေပါတယ်။
တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်လိုက်တဲ့အခါ အကျိုးသက်ရောက်မှုက အမေရိကန်ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ချက်ချင်း ခံစားရစေပါတယ်။ (ဥပမာ – Ford လို ကားကုမ္ပဏီကြီးတွေတောင် ထုတ်လုပ်မှုအချို့ကို ရပ်နားခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်)။ ဒီဖြစ်ရပ်က မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်ကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာဟာ စက်မှုလုပ်ငန်းတွေအတွက် ဘယ်လောက် အရေးကြီးကြောင်းထင်ရှားစွာပြသလိုက်တာပါပဲ။
အမေရိကန်အနေနဲ့ တရုတ်ကို မှီခိုနေရမှုကနေလွတ်မြောက်အောင်ကြိုးပမ်းနေပေမယ့်လည်းနည်းပညာ၊ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများနဲ့ ကုန်ကျစရိတ်တွေကြောင့် ပြည်တွင်းမှာ ထုတ်လုပ်မှု တည်ဆောက်ဘို့ဆိုရင် နှစ်ပေါင်းများစွာကြာမြင့်ဦးမည်ဖြစ်ပါတယ်။
၄။ တရုတ်ရဲ့ စွမ်းအင်အချုပ်အခြာအာဏာ
တရုတ်ရဲ့ မဟာဗျူဟာထဲမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချပြီး စီးပွားရေးစနစ်တစ်ခုလုံးကို လျှပ်စစ်အခြေပြုစနစ် (Electrification) အဖြစ် တဖြည်းဖြည်း ပြောင်းလဲနေခြင်း ဖြစ်ပါတယ်။
တရုတ်က လျှပ်စစ်အခြေပြုစနစ်ကို အားပေးလာရတဲ့ အဓိကအကြောင်းရင်းက စွမ်းအင်လုံခြုံရေး (Energy Security) နဲ့ ဆက်စပ်နေပါတယ်။ တရုတ်ဟာ ရေနံလိုအပ်ချက်အများစုကို ပြည်ပကနေ တင်သွင်းနေရပြီး၊အဲဒီရေနံတွေ ဖြတ်သန်းလာတဲ့ မလက္ကာရေလက်ကြား (Strait of Malacca) လို အရေးကြီးတဲ့ ရေလမ်းကြောင်းတွေ ပိတ်ဆို့ခံရခဲ့ရင် စီးပွားရေးအပေါ် ကြီးမားတဲ့ထိခိုက်မှုဖြစ်နိုင်ပါတယ်။
ဒါကြောင့် တရုတ်က ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်စွမ်းအင်ကို အခြေခံတဲ့ စနစ်တွေကို ဦးစားပေးတည်ဆောက်ပြီး ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီမဟာဗျူဟာရဲ့ ရလဒ်ကတော့ လျှပ်စစ်ကား ကဏ္ဍမှာ ထင်ရှားစွာ တွေ့မြင်ရပါတယ်။ ယနေ့မှာတရုတ်ဟာကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဦးဆောင်ထားပြီး၊ ဘက်ထရီ နည်းပညာ၊ ထုတ်လုပ်ရေးစက်ရုံတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာလည်း အားကောင်းတဲ့ အနေအထားကို ရရှိထားပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ တရုတ်နိုင်ငံအတွင်း ရောင်းချတဲ့ ကားအသစ်တွေရဲ့ ထက်ဝက်ကျော်ဟာ လျှပ်စစ်ကားတွေဖြစ်လာခဲ့ပြီး၊လျှပ်စစ်ကားဈေးကွက်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို ပိုမိုထင်ရှားစေခဲ့ပါတယ်။
အနာဂတ်ကမ္ဘာမှာ အရေးကြီးလာမယ့်အရာတွေဟာ နည်းပညာကို အသက်သွင်းပေးမယ့် သတ္တုအရင်းအမြစ်တွေ ဖြစ်လာနေတယ် ဆိုတဲ့အချက်ကို တရုတ်က စောစောနားလည်ပြီး ဆယ်စုနှစ်များစွာ ကြိုတင်ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ဒီနေ့ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်မှာ အသာစီးရနေတာဖြစ်ပါတယ်။
အမေရိကန်အတွက်တော့ ဒီအခြေအနေဟာ စီးပွားရေးပြဿနာတစ်ခုသာ မဟုတ်ဘဲ နည်းပညာ ဦးဆောင်မှုနဲ့ နိုင်ငံတော်လုံခြုံရေး ကိုပါ သက်ရောက်နိုင်တဲ့ မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပြီး၊ တရုတ်အပေါ် အလွန်အမင်းမှီခိုနေရတဲ့မြေရှားသတ္တု အခြေအနေကို ပြန်လည် ပြင်ဆင်ဖို့ အချိန်မဆွဲဘဲ ကိုယ်ပိုင်ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင်တော့ တရုတ်ဟာ ရေနံအပေါ် မှီခိုမှုကို လျှော့ချပြီး လျှပ်စစ်အခြေပြုစနစ်ဆီကို ရွှေ့ပြောင်းကာ စွမ်းအင်လမ်းကြောင်းတွေရဲ့ ချုပ်ကွက်တွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေသလို၊ တစ်ချိန်တည်းမှာပဲ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင် နိုင်ခဲ့တာကြောင့် နည်းပညာပြိုင်ပွဲမှာ အမေရိကန်အပေါ် မဟာဗျူဟာမြောက် ချုပ်ကွက်တစ်ခု ရယူရင်း အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ မြေရှားသတ္တု ပြိုင်ပွဲဟာ သတ္တုတစ်မျိုးရဲ့ ပြိုင်ပွဲထက် သာလွန်တဲ့ အနာဂတ်နည်းပညာ၊ စွမ်းအင်နဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာကို ဘယ်သူက ထိန်းချုပ်နိုင်မလဲဆိုတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ။
ကိုးကား – CBC News


















































