Connect with us

Hi, what are you looking for?

ရသ

ဝေဒနာတွေလွယ်ထားတဲ့ရဲဘော်

စကားတွေဖောင်ဖွဲ့ရင်း တခဏအတွင်း ရင်းနှီးသွားတဲ့ အသက် ၂၀ အရွယ် အဲဒီလူငယ်က မောင်နေ (အမည်လွှဲ) တဲ့။ သူက ကွန်မန်ဒိုရဲဘော်တစ်ယောက်ဆိုတာ သိလိုက်ရတယ်။ ကျွန်မရောက်နေတဲ့နေရာကတော့ နယ်စပ်တစ်နေရာက ပြန်လည်ထူထောင်ရေးစင်တာတစ်ခု။ သူဒီနေရာကိုရောက်လာရတဲ့အကြောင်းအရင်းကို စကားစမိရင်းနဲ့ …။

ရေးသားသူ – ဂျာမုန်း

“တကယ်ဆိုရင် လူ့ဘဝ တိုတောင်းလွန်းလှပါတယ် …
မာန်မာနများ ရန်ငြိုးများ မရှိစေနဲ့ ဘယ်သူတွေတရားပျက်ပျက်
ကိုယ်မပျက်နဲ့ကွာ… မသောက်ဘူး မိုးခါးရေများ … ”

ဆောင်းဦးလှိုင်ရဲ့ မိုးခါးရေ သီချင်းက ဂီတာသံနဲ့အတူ ကျွန်မနားထဲ ပျံ့လွင့်လာတယ်။ လောကဓံ ရိုက်ချက်ပြင်းတွေကြုံရတဲ့အချိန်တိုင်းဆိုနေကြ မိုးခါးရေ သီချင်းကို တစုံတယောက်က ခံစားချက်အပြည့်နဲ့ ဆိုနေတော့ အသံလာရာဆီ အလိုလိုအကြည့်က ရောက်သွားတယ်။

သစ်ပင်ရိပ်မှာ သီချင်းထိုင်ဆိုနေတဲ့ လူငယ်တစ်ယောက်ကိုတွေ့တော့ သီချင်းအဆုံးမှာ သူအနား ကျမရောက်နှင့်နေပြီ။ အသံရှင်ကတော့ ကျောပေးလျက် တဖက်ဆီကို တွေငေးနေတယ်။

Public Service Announcement

Public Service Announcement

စကားတွေဖောင်ဖွဲ့ရင်း တခဏအတွင်းရင်းနှီးသွားတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အဲဒီလူငယ်က မောင်နေ (အမည်လွှဲ) တဲ့။ သူကကွန်မန်ဒိုရဲဘော်တစ်ယောက်ဆိုတာ သိလိုက်ရတယ်။ ကျွန်မရောက်နေတဲ့နေရာကတော့ နယ်စပ်တစ်နေရာက ပြန်လည်ထူထောင်ရေးစင်တာတစ်ခု။

ဒီနေရာ သူရောက်လာရတဲ့အကြောင်း စကားစရင်းနဲ့ သူနောက်ဆုံးပါဝင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတစ်ခုဆီ စကားစရောက်သွားတော့တယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ သူက ပြည်သူ့ကာကွယ်ရေးတပ် ကွန်မန်ဒိုတပ်ရင်းရဲ့ တပ်စိတ်မှူးအနေနဲ့ ပါဝင်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ လောက်အထိုင်ချထားတဲ့စခန်းကိုသွားတိုက်ခဲ့တဲ့ အဲဒီညက အကြောင်းတွေကတော့ သူ့မှတ်ဥာဏ်တွေထဲ ထင်ထင်ရှားရှားရှိနေဆဲလို့ယုံကြည်ရအောင် သူက အသေးစိတ်ပြန်ပြောင်းပြောပြနေတာ။

၂၀၂၃၊ ဒီဇင်ဘာ ၃ ရက် ညသန်းခေါင်ယံ ၁၂ နာရီအတိမှာ စတိုက်ဖို့ညွှန်ကြားထားလို့ မောင်နေတို့ တပ်စိတ်က တာဝန်ကျတဲ့သတ်မှတ်နေရာ အပင်ခြုံအကွယ်တွေမှာ လူဖြန့်ပုန်းခိုရင်း အမိန့်စောင့်နေကြပါတယ်။

ပုန်းနေရာကနေ မီတာ ၅၀ ကျော်လောက်မှာ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးမြောင်း၊ ပြီးတော့ ကွန်ခရစ်နဲ့အကျအနဆောက်ထားတဲ့ ဘန်ကာနဲ့အတူ အစောင့်တပ်သားက ကင်းပတ်နေရင်း တချက်တချက် ထထပစ်ခတ်တတ်ပါသေးတယ်။

အဲဒီလိုနဲ့အချိန်ကျလာတော့ မောင်နေတို့တပ်စိတ်နဲ့ နောက်ထပ် တပ်စိတ်တစ်စိတ်က ဘေးတစ်ဖက်စီကနေ ကွေ့ပတ်ရှေ့တက်လာပြီး စတင်ပစ်ခတ်ကြရင်း ဘန်ကာကို အရင်ဆုံးဝင်စီးဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ကျည်အကွယ်နေရာမရှိဘဲတက်လာတဲ့ မောင်နေတို့ကို ဘန်ကာတွေထဲက ဖိပြီး ဝိုင်းပစ်ကြတော့တယ်။

ခေါင်းပေါ်က ကျည်ဖြတ်သံတွေကြားနေရတယ်။ သူတို့အားလုံး မတ်တပ်ရပ် ရင်ဘောင်တန်းပြီး စစ်ကောင်စီတပ်သားတွေနဲ့ မျက်နှာချင်းဆိုင် ပစ်ဖို့ရှေ့ကိုပဲ ဇွတ်တိုးတက်လာခဲ့ကြပါတယ်။

“ ကျည်ပျံသံတွေ ရွှီ ရွှီနဲ့။ ဘယ်ကောင်ထိမလဲ ထိ၊ မင်းကျည် ငါ့ကို မထိရင် ငါ့ကျည် မင်းကိုထိအောင်ပစ်မယ်ဆိုတဲ့စိတ်တွေပဲဝင်တယ်။ သေလည်းသေသေကွာ ငါတို့နောက်တော့ မဆုတ်နိုင်ဘူး ဒီနေရာကိုရအောင်သိမ်းမယ်ဆိုတဲ့စိတ်က အပြီးရိုက်ထည့်ထားတာ။ အဲ့မှာ ရဲဘော်တစ်ယောက်ကတော့ လက်တစ်ချောင်းပြတ်သွားတယ်” လို့ မောင်နေပြောပြနေချိန် အဲဒီအချိန်က စိတ်ခံစားမှုတွေသူ့ဆီမှာ ပြန်ရနေသလို အားနဲ့အင်နဲ့ကို ပြောနေတော့တာ။

ရဲဘော်ကိုထိသွားလို့ သွေးကြောင်နေလို့မရဘူး။ ဘယ်လောက်ကျကျ သူတို့ မဆုတ်နိုင်ဘူး။ ဘေးက သူငယ်ချင်း (ရဲဘော်) တွေထိသွား မှောက်သွားခဲ့တဲ့အခါတိုင်း အလောင်းကျော်ခွပြီး ရှေ့ဆက်တက် ကြရတာပဲ လို့ သူက ဆက်ပြောတယ်။

အဲဒီလိုနဲ့ သူတို့တပ်စိပ်က တပ်ခြံဝန်းထဲက အဆောင်တစ်ခုမှာ နေရာယူလိုက်တယ်။ တခြားတပ်စိတ်တွေလည်း အသီးသီးနေရာ ယူပြီးကြပြီ။ အပြန်အလှန် ပစ်ရင်းခတ်ရင်းကနေ မနက်မိုးလင်းစပြုချိန်မှာ တိုက်ပွဲခဏငြိမ်သွားတယ်။ ပြည်သူတော်လှန်ရေးတပ်တွေကလည်း သူနေရာသူယူ၊ စစ်ကောင်စီတပ် တွေကလည်းသူ့နေရာနဲ့သူ။ တပ်စခန်းဖြစ်တော့ စစ်တပ်မိသားစုဝင်တွေလည်းရှိနေပြီး သူတို့ကလည်း အဆောင်တစ်ခုမှာ စုနေကြတယ်။

အဲဒီအဆောင်မှာ ရှိနေတဲ့ စစ်တပ်မိသားစုဝင်တွေကို ကယ်ထုတ်ပြီးနောက်တန်းပြန်မပို့ခင် ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ဆက်ပြင်ဆင်ကြပါတယ်။ ဘေးလွတ်ရာထုတ်သွားဖို့ပြင်နေတုန်း စစ်ကောင်စီတပ်လေယာဥ်က ဗုံးလာကျဲတော့တယ်။

သူရှိတဲ့နေရာနဲ့ မီတာ ၆၀ လောက်အကွာကို လေယောဉ်ဗုံးကျတော့ အနီးက အသက် ၆ နှစ်အရွယ် ကလေးမလေးကို တံတားနားဆွဲပြေးနေရင်း မောင်နေကမြေပေါ်ဝပ်ချလိုက်တယ်။ ကလေးမလေးကို ရင်ခွင်ထဲထည့်ထားပြီး ဝပ်ချလိုက်ချိန် ကလေးက ကြောက်ပြီးငိုတော့တယ်။

တကယ်တော့ တိုက်ပွဲငြိမ်မှ လုံခြုံတဲ့ဆီတပ်မိသားစုဝင်တွေအားလုံးပို့ပေးမှာဖြစ်ပေမယ့် အဲဒီကလေးလေး မိခင်ကလည်း နီးစပ်ရာရွာပို့ပေးဖို့ ကြောက်လန့်ပြီးထပ်တလဲလဲတောင်းဆိုနေတယ်။ တိုက်ပွဲပြီးတဲ့အထိ တံတားအောက်မှာနေဖို့ဖြောင့်ဖျလို့မရတဲ့အဆုံး မောင်နေက သူ့တပ်စိတ်ကရဲဘော်တစ်ယောက်ကိုခေါ်ပြီး သူတို့သားအမိကို နောက်တန်းပြန်ပို့မယ့်အဖွဲ့ဆီထည့်ပေးဖို့ တာဝန်ပေးခဲ့တယ်။

တကယ်တော့ တိုက်ပွဲပြီးလို့နောက်နေ့မှ ပြန်သိရတာက အသွားလမ်းမှာတင်ကလေးမိခင်က လေယာဉ်ဗုံးစကျောကိုစိုက်လို့ ဆုံးသွားခဲ့ပြီး ကလေးငယ်ကတော့ အသက်ရှင်လျက် လုံခြုံရာကို ရောက်သွားခဲ့တယ်ဆိုတာကိုပါ။

မောင်နေကတော့ ကလေးသားအမိနဲ့ နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းက ကျန်သေးတဲ့လက်နက်တိုက်ကို ဝင်စီးနိုင်ဖို့ ဆက်တိုက်နေခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်သား ၂၀ လောက်ကျန်နေသေးတာ။ အသေခံပြန်ပစ်နေတဲ့ လက်နက်တိုက်ရှေ့က ဘန်ကာကိုဝင်စီးနိုင်ပြီးမှပဲ အားလုံးလက်နက်တိုက်ထဲဝင်နိုင်တော့တယ်။
လက်နက်တိုက်ထဲက ပွိုင့်ဖိုက်သေနတ်နဲ့ အခြားလက်နက်တချို့သိမ်းနေချိန် ကျန်ရဲဘော်တွေက နောက်ဆုတ်သွားတဲ့ လက်ကျန်စစ်ကောင်စီတပ်သားတွေနဲ့ ဆက်ပြီးပစ်ခတ်နေကြတယ်။ အဲဒီအချိန် လေယာဉ်ရောက်လာပြီး ဗုံးကျဲပြန်တယ်။ ရဲဘော်တစ်ယောက်ဒဏ်ရာပြင်းပြင်းရသွားပြီး သူကိုကယ်ထုတ်ဖို့ကြိုးစားနေချိန် ကျန်တဲ့ တပ်စိပ်က ရဲဘော်တွေကတော့ စခန်းကို သိမ်းနိုင်လိုက်ကြပါပြီ။

အဲဒီနှစ်ရက်တာတိုက်ပွဲဟာ မောင်နေသူငယ်ချင်း ရဲဘော် ၄ ယောက်ကို ကျဆုံးစေခဲ့တယ်။ တိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းရေး လုပ်နေချိန်မှာ စခန်းထဲ ရဲဘော်တချို့ပဲ ကျန်ပါတော့တယ်။ အဲဒီ အချိန် လေယာဉ်သံထပ်ကြားလိုက်ရတယ်။

အဲဒီအခိုက်အတန့်ကပဲ မောင်နေ့ဘဝ အပြောင်းအလဲများစွာကို ဖြစ်စေခဲ့တာပါ။

“ အဲ့အနီးအနားမှာ ဘန်ကာ တစ်လုံးပဲရှိတယ်။ အဲ့ထဲကို ဝင်ချိန်ရလိုက်တာဆိုလို့ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်ပဲရှိတယ်။ ကျန်တဲ့လူတွေက အပြင်တွေမှာ ဝမ်းလျားမှောက်နေကြတာ။ အဲ့မှာလေယာဉ်က ကျွန်တော်တို့ဘန်ကာကိုပဲ လာပစ်သွားတာ။ ဖြစ်ချင်တော့ ကျန်တဲ့ဘန်ကာတွေက အကုန်ကွန်ကရစ်လောင်းထားတယ်၊ အဲ့ဘန်ကာပဲ သွပ်မိုးထားတဲ့ဘန်ကာဖြစ်နေတယ်။ အဲ့မှာ သူပစ်တဲ့ရော့ကတ်က သွပ်ကိုဖောက်ပြီး ကျွန်တော့နောက်ကျောကို လာထိတာ”
ပြောပြနေရင်းက စကားစရပ်သွားပြီး သက်ပြင်းရှည်ကြီးချလိုက်တယ်။ ဝှီးချဲပေါ်က သူ့ခန္တာအောက်ပိုင်းကို ငုံ့ကြည့်ရင်းစကားဆက်တယ်။

“ထိသွားတော့ ကျွန်တော်အသက်လည်းရှူမရတော့ဘူး။ သူငယ်ချင်း မင်း ထ ထ ဆိုတဲ့အသံတွေကြားလည်း ကျွန်တော် မထနိုင်တော့ဘူး။ ငါ ခါးပြတ်သွားပြီ လမ်းလျှောက်မရတော့ဘူးဆိုပြီး ဝမ်းလျားမှောက်ကြီးနဲ့ မပြောနိုင်ပြောနိုင်နဲ့ ကျွန်တော်ပြောတာ။ အဲဒါနဲ့ သူငယ်ချင်းတွေ လာကြည့်ပြီး ဒဏ်ရာကြီးတယ်လို့အော်နေတာ ကျွန်တော်ကြားတယ်၊ အဲ့မှာ သတိက လစ်ချင်နေပြီ။ သူတို့ကျွန်တော့်ကိုဆွဲသွားတာ အောက်တစ်ပိုင်းက ဘာမှမသိတော့ဘူး”

ခုဆို မောင်နေတစ်ယောက် ကျောရိုးမက ဒဏ်ရာကြောင့် ခါးအောက်ပိုင်း အာရုံခံစားမှုပျောက်ဆုံးပြီး လမ်းမလျှောက်နိုင်တော့တာ ၆ လ နီးပါးရှိလာခဲ့ပါပြီ။

“ကိုယ့်ရဲ့ကောင်းတဲ့ခြေထောက်တစ်စုံကို ပြန်တော့လိုချင်တာပေါ့။ ခုဆို ဘဝဆုံးသလိုခံစားရတာ” လို့ မောင်နေက သူ့ရဲ့ အလိုချင်ဆုံးဆန္ဒကို ပြောပါတယ်။

သေသွားရင်တောင် ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့ရပြီဆိုပေမယ့် မသေသေးသ၍တော့ နောက်ကောင်းတဲ့သမိုင်းအသစ်တွေထပ်ရေးချင်သေးတယ်။ ခုဆိုကျွန်တော် ခြေထောက်မကောင်းပေမယ့် ကွပ်ကဲရေးဌာနလိုမျိုး ရုံးပိုင်းမှာ ကွန်ပျူတာနဲ့ လက်နဲ့အလုပ်လုပ်မယ် တာဝန်ပြန်ယူမယ်လို့ ပြောထားကြောင်း ပိုင်းဖြတ်ထားတဲ့ စိတ်ဆန္ဒကို ဆက်ပြောပြတယ်။

“ အခြေအနေပိုအဆင်ပြေလာတဲ့အခါ ကျွန်တော်ဝှီးချဲပေါ်ထိုင်ပြီး ၆၀ မမ ကောင်းကောင်းပြန်ပစ်ပေးမယ်လို့ လူကြီးကို ကျွန်တော်ပြောခဲ့သေးတယ်။”

ဒီတစ်ခါမှာတော့ မောင်နေစကားပြောနေရင်း သူ့မျက်ဝန်းထဲကနေ ယုံကြည်ချက် မျှော်လင့်ချက်အလင်းရောင်လက်လက်လေးတစ်ခု ကျွန်မတွေ့လိုက်ရတယ်။

အဲဒီပြန်လည်ထူထောင်ရေးစင်တာမှာ တိုက်ပွဲတွင်းရခဲ့တဲ့ဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်တဲ့ ဝှီးချဲနဲ့ရဲဘော်တွေ၊ အမြင်အာရုံဆုံးရှုံးထားသူတွေ၊ လက်ထိခိုက်မှုကြောင့် လှုပ်ရှားမရတော့တဲ့သူတွေနဲ့ အခြားဒဏ်ရာရရဲဘော်တော်တော်များမျာကို ကျွန်မတွေ့ခဲ့ရတယ်။

သူတို့အယောက်စီတိုင်းမှာလည်း မောင်နေလိုပဲ လောကဓံကို ကြံ့ကြံ့ခံရင်း ပုံမှန်အခြေအနေနဲ့ခြားနားတဲ့နေ့စဉ်ဘဝကို ကြိုးစားကျော်ဖြတ်ဖို့ အကြောင်းပြချက်တစ်ခုဖြစ်တဲ့ မျှော်လင့်ထားတဲ့မနက်ဖြန်ကိုယ်စီရှိကြမှာ သေချာပါတယ်။

သူတို့အားလုံးအတွက် အပြုံးတွေသာစောင့်ကြိုနေတဲ့ နွေးထွေးတဲ့မနက်ဖြန်တွေ ရရှိနိုင်ကြစေဖို့ ရင်ထဲက စူးစူးနစ်နစ်ဆုတောင်းရင်း မောင်နေကိုပွေ့ဖက်နှုတ်ဆက်ရင်း လာရာလမ်းလေးဆီ ကျွန်မဆက်လျှောက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

ဆောင်းပါး

"ရဲဘော်အဒီးနဲ့ နပန်းသတ်တဲ့ စစ်ကောင်စီစစ်သား သေသွားတယ်။ အသေလုံးကြတာ" ဟု KPF နှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်က လူထု​နွေဦးသို့ပြောသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

မြိုင်ပကဖနှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များသည် ပခုက္ကူမှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းများအား တိုက်ခိုက်လျက်ရှိသည်။