ဝဇီရာ/People’s Spring
ဒီရုပ်ရှင်ဟာ ၁၉၈၀ ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့မှာ တကယ်ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် “ဂွမ်ဂျူးအရေးအခင်း”ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း ပြောရရင် တောင်ကိုရီးယားစစ်အာဏာရှင် ချွန်ဒူးဟွမ်က နိုင်ငံကို စစ်အုပ်ချုပ်ရေးကြေညာပြီး နှိပ်ကွပ်နေတဲ့ အချိန်ကစတင်ပါတယ်။ ဂွမ်ဂျူးမြို့လေးမှာတော့ ပြည်သူတွေဟာ ဒီနိုင်ငံရေးလှိုင်းလုံးတွေနဲ့ ဝေးရာမှာ အေးအေးချမ်းချမ်း နေထိုင်နေကြဆဲပါ။
ဂွမ်ဂျူးမြို့လေးမှာ ဒီကားရဲ့ဇာတ်လိုက် အငှားယာဥ်မောင်း မင်ဝူး နေထိုင်ပါတယ်။ မင်ဝူးဟာ ရိုးသားပြီး အေးဆေးတယ်။ သူတပါးကို ကူညီတတ်တယ်။ မင်ဝူးမှာ စာတော်တဲ့ ဂျင်ဝူးဆိုတဲ့ ညီလေးတစ်ယောက်ရှိပြီး သူတို့ဟာ မိဘမဲ့တွေပါ။ ဂျင်ဝူးက သူ့အကိုကို ရည်စားရစေချင်နေတာ။ သူ့အကိုကို သူနာပြုဆရာမလေးနဲ့လည်း သဘောတူနေခဲ့တယ်။ ဂျင်ဝူးကလည်း သူနာပြုဆရာမလေးကို သဘောကျတယ်။

Public Service Announcement
တစ်နေ့မှာတော့ စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ရက်ရက်စက်စက် လိုက်လံနှိမ်နင်းရာကနေ မြို့ထဲမှာ သွေးမြေကျမှုတွေ စတင်ပါတော့တယ်။
ဆေးရုံထဲ ဒဏ်ရာရ ကျောင်းသားတွေကို အပြေးအလွှားသယ်လာကြတော့ The Lady ဇာတ်ကားထဲက ဇာတ်ဝင်ခန်းနဲ့ တူနေခဲ့တယ်။ သမိုင်းတွေတူခဲ့ကြတော့ ပြကွက်တွေပါမှာ တူကြတော့တာပါ။
အပြစ်မဲ့ အရပ်သားပြည်သူတွေပါ စစ်တပ်ရဲ့ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံရပြီး၊ ဂျင်ဝူးရဲ့ အတန်းဖော်သူငယ်ချင်းတစ်ယောက် စစ်သားတွေလက်ချက်နဲ့ သေဆုံးသွားတဲ့အခါမှာတော့ ဒေါသထွက်နေတဲ့ ဂျင်ဝူးဟာ ဆန္ဒပြပွဲရဲ့ ရှေ့တန်းကနေ ပါဝင်လာပါတော့တယ်။
မင်ဝူးက သူ့ညီလေး ထိခိုက်မှာစိုးလို့ တားဆီးပေမဲ့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ပြည်သူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် ပစ်ခတ်ဖြိုခွဲတဲ့အချိန်မှာ ဂျင်ဝူးတစ်ယောက် မင်ဝူးရဲ့ ရှေ့တင်မှာတင် သေနတ်မှန်ပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
ဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တော့ ညီငယ်ထိသွားချိန် အကိုဖြစ်သူ မျက်ရည်တွေနဲ့ ပစ်ခတ်နေတဲ့ကြား ပြေးသွားတော့ ကြည့်ရင်း မျက်ရည်ဝဲတက်လာတယ်။
ဇာတ်လိုက် စစ်သားတွေဖမ်းဆီးရာကနေ ထွက်ပြေးချိန် ဝင်ခိုလှုံဖူးတဲ့ မျက်မမြင်အမယ်အိုတစ်ယောက်က သူ့သားလေးလည်း ပျောက်နေလို့ စုံစမ်းပေးဖို့ အကူအညီတောင်းခဲ့တယ်။ ပြန်တွေ့တော့ သူ့သားလေးက စစ်တပ်ရဲ့သတ်ဖြတ်မှုခံလိုက်ရပြီ။ မျက်စိမမြင်ရတော့ လက်ကလေးနဲ့ အလောင်းကို စမ်းပြီး သူ့သားဟုတ်မဟုတ် အတည်ပြုတယ်။ သူကဘာပြောလဲဆိုတော့ “နင်ကသူငယ်ချင်းဖြစ်ပြီး မသိဘူးလားတဲ့။ ငါတို့ချန်းဆူက နှာတံလည်းဖြောင့်စင်းပြီးတော့ ဘယ်လောက်တောင် ချောလိုက်သလဲ”တဲ့။
သူ့သားလေးက စစ်တပ်က ရိုက်သတ်လို့ နှာနုရိုးပါကျိုးသွားခဲ့တာကိုး။
ဒီအခြေအနေတွေကို တားဆီးဖို့ တက္ကစီလုပ်ငန်းပိုင်ရှင် လေကြောင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က အငြိမ်းစားဗိုလ်ချုပ် ဘတ်ဟွန်းဆူက သူ့မိတ်ဆွေဟောင်း စစ်ဗိုလ်ချုပ်ဆီ သွားတွေ့ခဲ့ပါသေးတယ်။ အသိဉာဏ်ကင်းမဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အငြိမ်းစားသမားရဲ့စကားကို ကောင်းကောင်းလက်ခံနားမထောင်ဘဲ ပြန်ခိုင်းတယ်။ အငြိမ်းစားဗိုလ်ချုပ်က ဘာပြောလဲဆိုတော့ “မောင်ရင် သေနတ်ထက် ပိုကြောက်ဖို့ကောင်းတာ ဘာလဲသိလား။ လူတွေပဲ။”တဲ့။
အငြိမ်းစား ဗိုလ်ချုပ်စကား မှန်ကန်ခဲ့ပါတယ်။
ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်သူတွေကို မျက်စိရှေ့တင် ဆုံးရှုံးလိုက်ရတဲ့ ဂွမ်ဂျူးပြည်သူတွေဟာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး
လေကြောင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က အငြိမ်းစားဗိုလ်ချုပ် ဘတ်ဟွန်းဆူ ဦးဆောင်ဖွဲ့စည်းတဲ့ ပြည်သူ့တပ်မတော်မှာ ပါဝင်လာပြီး စစ်တပ်ကို ပြန်တိုက်ပါတော့တယ်။
စစ်တပ်ကကွမ်ဂျူးကို ဖြတ်လေးဖြတ်လုပ်ဖို့ပြင်ဆင်ပါတယ်။ “ဖန်ပုလင်းထဲပိတ်မိနေတဲ့ကြွက်က အသက်ရှုပေါက်ကို ပိတ်လိုက်ရင် သေသွားမှာပဲ”လို့ ဗိုလ်ချုပ်တစ်ယောက်က ပြောတယ်။
ပြည်သူတွေဟာလည်း အငြိမ်းစားဗိုလ်ချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ စစ်စခန်းတွေက လက်နက်တွေကို လုယူကာ ပြည်သူ့စစ်တပ်အဖြစ် ဖွဲ့စည်းပြီး မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ ၁၀ ရက်ကြာ သွေးချောင်းစီး တိုက်ပွဲကို ဆင်နွှဲပါတော့တယ်။
ဒီဖြစ်ရပ်မှာ သေဆုံးသူစာရင်းဟာ အမျိုးမျိုးကွဲလွဲနေခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာဆိုရင် ဒီဖြစ်ရပ်ကြောင့် သေဆုံးသူ ၂၀၇ ဦး၊ ဒဏ်ရာရသူ ၂၃၉၂ ဦးနဲ့ ပျောက်ဆုံးသူ ၉၈၇ ဦး ရှိခဲ့ပါတယ်။ ဒါပေမယ့် စုစုပေါင်းအရေအတွက်ကတော့ မတူညီတဲ့ အမြင်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေ၊ နိုင်ငံခြားသတင်းထောက်တွေ ကာယကံရှင်မိသားစုတွေနဲ့ သမိုင်းပညာရှင်တွေရဲ့ အရေအတွက်အရ အမှန်တကယ် သေဆုံးသူဦးရေဟာ တရားဝင်စာရင်းထက် အဆမတန် များပြားပြီး အနည်းဆုံး ၆၀၀ မှ ၂,၀၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ယူဆကြပါတယ်။
ဒီလို ကွာဟရတဲ့ အဓိကအကြောင်းရင်းတွေကတော့ စစ်တပ်က အရပ်သားတွေရဲ့ အလောင်းတွေကို မြို့ပြင်တွေမှာ လျှို့ဝှက်ကျင်းတူးပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့တာတွေ ရှိပါတယ်။နောင်နှစ်ပေါင်းများစွာ ကြာမှ အရိုးစုတွေကို ပြန်လည်တူးဖော်ရရှိတာမျိုးတွေ ရှိခဲ့ပါတယ်။
အရေးအခင်းအတွင်း ပြင်းထန်စွာ ဒဏ်ရာရပြီးနောက် ဆေးရုံတွေမှာ သေဆုံးသွားသူတွေ၊ သို့မဟုတ် စစ်တပ်ရန်က ကြောက်လို့ ဆေးရုံမပြရဲဘဲ အိမ်မှာတင် သေဆုံးသွားသူတွေကို စာရင်းထဲ ထည့်မတွက်ခဲ့တာတွေလည်း ရှိပါတယ်။
ဒါ့အပြင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း ဘယ်ရောက်မှန်းမသိဘဲ ဒီနေ့အထိ သတင်းအစအန လုံးဝပျောက်ဆုံးသွားသူ ရာနဲ့ချီ ရှိနေခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေချည်းပဲ မဟုတ်ပါဘူး။ ဆန္ဒပြပွဲနဲ့ မသက်ဆိုင်ဘဲ လမ်းသွားလမ်းလာရင်း စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသားငယ်လေးတွေ၊ အိမ်ရှင်မတွေနဲ့ သာမန်အရပ်သား ပြည်သူအများအပြား ပါဝင်ခဲ့တာကြောင့် သမိုင်းမှာ အလွန်ရက်စက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ၂၀၂၁ စစ်တပ်အာဏာမသိမ်းမီက ကြည့်တုန်းက သာမန်ခံစားရတဲ့ ရုပ်ရှင်ကားတစ်ကားလို့ သတ်မှတ်ခဲ့ပေမဲ့ ဒီကာလထဲ ပြန်ကြည့်ရချိန်မှာတော့ ရင်တွေ ဗလောင်ဆူတက်လာခဲ့တယ်။
၈၈ မှာ ကောင်းကောင်းလူလားမမြောက်သေးတဲ့ ကျွန်တော်တို့တတွေအတွက် ၂၀၂၁ ဟာ မြန်မာစစ်တပ် ဘယ်လောက်အောက်တန်းကျတယ်၊ ဘယ်လောက်ရက်စက်ယုတ်မာတယ်ဆိုတာကို နဖူးတွေ့ ဒူးတွေ့ တွေ့မြင်စေခဲ့တယ်။ ခုထိလည်း အာဏာသိမ်း စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေက နှစ်နဲ့ချီပြီး အရှိန်ကောင်းနေတုန်းပဲ။ ဒါကြောင့် ဒီ ရုပ်ရှင်ဟာ ကျွန်တော်တို့အတွက် ဖျော်ဖြေရေးသက်သက်ထက်ပိုတဲ့၊ ရင်တွေနာရတဲ့ ရုပ်ရှင်တစ်ကားပါ။
တကယ်တော့ ဂွမ်ဂျူးရဲ့ သာယာလှပတဲ့ မေလရဲ့ နွေဦးရက်တွေထဲမှာ အာဏာရူးတွေရဲ့ ကျည်ဆန်တွေ၊ ပုဆိန်တွေအောက်မှာ သွေးချင်းနီခဲ့ရတဲ့ နွေဦး။ စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းလို့ ခေတ္တညှိုးနွမ်းသွားခဲ့ရပေမဲ့၊ နောက်ဆုံးမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီအလင်းရောင်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ တော်လှန်ရေးရဲ့ ကနဦး နွေဦး။ ဂွမ်ဂျူးရဲ့နွေဦးဟာ လွမ်းစရာပါ။


















































