ဝဇီရာ/People’s Spring
ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်းသား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။
ကျောင်းသားဆိုးက ဆွဲထူပြီး သူ့ပါးကို ရိုက်စမ်းဆိုပြီး ပြောတယ်။ ကျောင်းသားလေး ဘယ်ရိုက်ရဲမလဲ။ ဒါပေမဲ့ ကျောင်းသားဆိုး ပါးပေါ် လက်ဖဝါးတစ်ခု ကအရှိန်ပြင်းပြင်းရိုက်ချလိုက်တယ်။ ကျောင်းသားဆိုး လွင့်ထွက်သွားတယ်။ သူ့ကို ဘယ်သူရိုက်လိုက်တာလဲလို့ ကြည့်လိုက်တော့ ဆရာတဲ့။ ဒီဆရာကို ဘယ်သူမှမမြင်ဖူးဘူး။ ဆရာအသစ်ရဲ့အပြင်းစားရိုက်ချက်တွေကြောင့် ကျောင်းသားဆိုး ကော်ရစ်တာမှာ မေ့လဲသွားခဲ့တယ်။
ကျောင်းကတာဝန်ရှိသူတွေအပြေးအလွှားရောက်လာကြတယ်။ခင်ဗျားဘယ်သူလဲမေးတော့ ကတ်ပြားထုတ်ပြတယ်။ တောင်ကိုရီးယား ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာနက ကြီးကြပ်ရေးမှူး နာဟွာဂျင်းပါတဲ့။ အဲဒီဌာနက ဘယ်သူမှ မကြားဖူးကြဘူး။ နာဟွာဂျင်းက ပြန်ဖြေပါတယ်။တည်ထောင်ထားတာ မကြာသေးပါဘူးတဲ့။

Public Service Announcement
ကျောင်းကိုနာဟွာဂျင်းရောက်လာရတဲ့အကြောင်းရင်းကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် ကျောင်းသားတစ်ဦး ကျောင်းအဆောက်အအုံပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ဖြစ်စဥ်ကြောင့်ပါ။ ကျောင်းကဆရာတွေက ပြောတယ်။ ကျောင်းသားတစ်ယောက်ကို ဒီလိုရိုက်လို့ရလားတဲ့။ နာဟွာဂျင်းက ပြန်ဖြေပါတယ်။ ရပါတယ်တဲ့။ ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန ကြီးကြပ်ရေးမှူးမှာ အထူးလုပ်ပိုင်ခွင့် တစ်ခုရှိပါတယ်။ ပညာပေးတဲ့နည်းလမ်းမှာ ဘယ်လိုကန့်သတ်ချက်မှ မရှိဘူးတဲ့။ “စကားနဲ့ပြောလို့ နားထောင်တဲ့သူကို စကားနဲ့၊ ရိုက်နှက်မှ နားထောင်တဲ့သူကိုတော့ ရိုက်နှက်ပြီးတော့ပဲဖြစ်ဖြစ် သင်ကြားပေးပါတယ်”တဲ့။ အဆန်းကြီး။
ဆရာ နာဟွာဂျင်းက ပြုံးပြုံးလေး ဆက်ပြောတယ်။ “ဒီကျောင်းမှာ တောင်ကိုရီးယား ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာနကနေ ဒီနေ့ကစပြီး ပညာပေးဆုံးမသွားပါ့မယ်”တဲ့။
Netflix ကနေ မနေ့က ဇွန်လ ၅ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ စီးရီးဖြစ်ပြီး အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ ဒီဇာတ်ကားကို စတင်ရိုက်ကူးစဥ်ကတည်းက ပညာရေးလောကရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့တယ်လို့ သိရတယ်။ ကျောင်းတွင်းအနိုင်ကျင့်မှုကို ကာကွယ်ဖို့ဆိုပြီး လူကြီးတစ်ယောက် (ဆရာ) က အရွယ်မရောက်သေးတဲ့ ကျောင်းသားတွေကို ပြန်လည်ရိုက်နှက်တာဟာ နောက်ထပ် အကြမ်းဖက်မှုပုံစံတစ်ခုကို တရားဝင်အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။
ကိုရီးယားနိုင်ငံဟာ ကျောင်းတွေမှာ ဆရာတွေက ကျောင်းသားတွေကို ရိုက်နှက်ဆုံးမတဲ့စနစ်ကို ဥပဒေအရ လုံးဝပိတ်ပင်ထားပြီး ဒီကားထဲကလို ဆရာက ကျောင်းသားကို ရိုက်တာမျိုးကို သူရဲကောင်းဆန်ဆန် ပုံဖော်တာဟာ အတိတ်က ပညာရေးစနစ်ဆိုးဆီကို ပြန်သွားဖို့ လှုံ့ဆော်နေသလို ဖြစ်နေတယ်လို့ထောက်ပြကြပါတယ်။ဘယ်
လောက်ပဲ ဆိုးတဲ့ကျောင်းသားဖြစ်ပါစေ၊ ဥပဒေပြင်ပကနေ ခန္ဓာကိုယ်နာကျင်အောင် လုပ်ပိုင်ခွင့်ကို ဘယ်သူ့ကိုမှ မပေးသင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။
တဖက်က အမြင်ကျတော့အပြင်လောကမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေမှာ ကျောင်းသားလူမိုက်တွေဟာ “အရွယ်မရောက်သေးတဲ့သူတွေအတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေကို အသုံးချပြီးလူသတ်တဲ့အထိ ရိုက်နှက်တာတောင် ထိရောက်တဲ့ ပြစ်ဒဏ်မရကြပါဘူးလို့ ဆိုပါတယ်။
လက်ရှိ ကိုရီးယားမှာ ကျောင်းသားတွေနဲ့ မိဘတွေက ဆရာတွေကို ပြန်လည်အနိုင်ကျင့်တာ၊ တရားစွဲတာတွေကြောင့် ဆရာ/ဆရာမတွေ စိတ်ကျရောဂါရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်ရပ်တွေ အများကြီးရှိလာပါတယ်။ ဒီကားက အဲဒီလို ပျက်စီးနေတဲ့ ပညာရေးလောကကို ထိထိရောက်ရောက် သတိပေးလိုက်တာဖြစ်တယ်လို့ ထောက်ခံသူတွေက ဆိုကြပါတယ်။
ဒီဇာတ်လမ်းတွဲက ပေးချင်တဲ့ သတင်းစကားကတော့ ဆိုးသွမ်းကျောင်းသားတွေကို အားပေးအားမြှောက်လုပ်နေတဲ့ ခေတ်သစ်ဥပဒေတွေရဲ့ အားနည်းချက်ကို သရော်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆရာက ကျောင်းသားကို မျက်
နှာညိုမည်းစွဲအောင် ရိုက်နှက်တဲ့ ပြကွက်တွေကတော့ တော်တော်လေး စည်းကျော်ပြီး ရဲတင်းလွန်းတယ်လို့ ဝေဖန်ရေးသမားတွေက သတ်မှတ်ခဲ့ကြပါတယ်။
ပြင်ပလောကမှာ ဇာတ်ကားထဲကလိုသာ ဆိုးသွမ်းကျောင်းသားတွေကို ဆရာက ဆော်ပလော်တီးနေရင်တော့အဲဒီဆရာထောင်ထဲကကိုထွက်ရမှာမဟုတ်ပါဘူး။
ဇာတ်ကားကြည့်ရင်း ကိုယ့်နိုင်ငံက ကျောင်းသားတွေကိုလည်း သတိရမိပါသေးတယ်။ စစ်တပ်အာဏာသိမ်းလိုက်လို့ ကျောင်းတွေမတက်ကြတော့ ပြန်တက်ကြချိန် လူကောင်တွေက ကြီးလာခဲ့တယ်။ ဒီကြားထဲ ပညာရေးစနစ်က ၁၂ တန်းအထိ တိုးလိုက်တော့ ကျောင်းသားတွေက တက္ကသိုလ်ကျောင်းသားအရွယ်တွေ ဖြစ်လာခဲ့တယ်။ လိမ္မာသူတွေရှိပေမဲ့ ဆိုးသွမ်းတဲ့ အရွယ်ကြီးကောင်ကြီးမားတွေကျ ဆရာတွေလည်းမနိုင်။
Tiktok မှာလည်း သူတို့တတွေရဲ့ ကျောင်းတွင်းက ရန်ပွဲတွေ မမြင်ချင်မှအဆုံး။ ကျောင်းသားတွေတင်မက ကျောင်းသူတွေလည်း အုပ်စုလိုက်ရန်ပွဲတွေ နွှဲကြပါသေးတယ်။ ဆရာဆရာမဆိုသည်မှာလည်း အရည်အချင်းပြည့်ဝတဲ့ ဆရာတော်တော်များများက CDM လုပ်ထားကြတော့ ကျောင်းတွေမှာ ဖရိုဖရဲတွေဖြစ်။ တချို့ကျောင်းတွေမှာဆို မူးယစ်ဆေးဝါးကအစ အလွယ်တကူသုံးစွဲနေကြပြီတဲ့။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ ဖရိုဖရဲဖြစ်နေတဲ့ ကိုယ့်နိုင်ငံက ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကတော့ရင်မောစရာချည့်။ ။


















































