Connect with us

Hi, what are you looking for?

ကဗျာ

ပေးစာ’

အဆင်မပြေမှတော့ မယ်စောရယ်

ဝေးကွာရခြင်းကိုအဖြေထုတ်မနေနဲ့တော့

အဆင်ပြေစရာဘာမှရှိတော့မှာမဟုတ်ဘူး။

◼️ခွန်းနီ

အဆင်ပြေသလိုနေပစ်လိုက်ဖို့တောင်

အဆင်မပြေမှတော့ မယ်စောရယ်

ဝေးကွာရခြင်းကိုအဖြေထုတ်မနေနဲ့တော့

Public Service Announcement

Public Service Announcement

အဆင်ပြေစရာဘာမှရှိတော့မှာမဟုတ်ဘူး။

ငါထွက်သွားတိုင်းအမြဲစောင့်ခဲ့တဲ့သူ

ဘဝတစ်လျှောက်လုံးစောင့်ခဲ့တဲ့သူ

ဒီတစ်ခေါက်ခရီးကဘာမှမသေချာလို့

ဘဝဆုံးတဲ့အထိမစောင့်စေချင်ဘူးမယ်စောရယ်။

မင်းကလဲဘဝနဲ့ချီပြီးစောင့်ချင်ခဲ့သလို

ငါ့မှာလဲဘဝနဲ့ရင်းပြီးလျှောက်နေရတာပါကွယ်

မင်းသိတဲ့ကိန်းဂဏန်းတွေနဲ့တွက်လို့မရတဲ့ခရီးမို့

နီးသလား၊ဝေးသလား မကွဲပြားဘူးမယ်စော။

ဘဝဆိုတာတိုတိုလေးလို့ဆိုရင်လဲငါယုံတယ်

တကယ်တိုတောင်းလွန်းခဲ့သူတွေရှိတယ်လေ

မယုံမရှိနဲ့မယ်စောရေ

ငါတို့မှာသာရှည်လျားတယ်ထင်ရတာ။

မင်းကငါ့ကိုစောင့်ချင်နေခဲ့တယ်

ငါကတရားမျှတမှုကိုစောင့်နေခဲ့တယ်

မင်းကငါ့ကိုရှာဖွေနေဆဲ

ငါကလဲအနာဂတ်သစ်ကိုရှာနေဆဲပဲ။

ငါတို့မျှော်လင့်တဲ့လူ့ဘောင်သစ်မှာ

အတူတကွနေထိုင်ဖို့ကိုမင်းစောင့်နေသလား

မင်းတစ်ထစ်ချယုံကြည်တယ်ဆိုရင်တောင်မှ

ငါ့မှာကတစ်ဆစ်ချိုးသွားနိူင်တဲ့လမ်းပေါ်မှာ။

မကျေနပ်စရာတွေများလွန်းခဲ့လို့လားမသိဘူး

ငါ့ရပ်တည်ရှင်သန်မှုပျောက်သွားရင်တောင်

ကျေနပ်စွာပျော်ဝင်ချင်တဲ့ဂုဏ်သတ္တိတစ်မျိုး

ငါ့နှလုံးသွေးထဲစီးဆင်းနေတယ်မယ်စော။

မတည်နိူင်ခဲ့တဲ့ကတိတွေမင်းဆံနွယ်တွေကြားထဲ

အခုထိကပ်ညှိဆွတ်ပျံ့နေတုံးပဲဆိုရင်ခွင့်လွှတ်ပါ

ငါ့လက်မှာတော့မိစ္ဆာသွေးတွေပေကျံနေခဲ့ပြီ

ငါရပ်တန့်လို့မရနိူင်အောင်သွေးဆာနေပြီမယ်စော။

ငါယုံကြည်တဲ့တော်လှန်ရေးဟာ

ဖုတ်သွင်းရထားလိုမျိုး

လိုရာရောက်မှရပ်တန့်မဲ့အသွင်မျိုးနဲ့သွားနေတာ

အသစ်အသစ်သောဦးဆောင်သူတွေရဲ့နောက်မှာ

ငါမရှိလဲဆက်နှင်ကြမဲ့ယုံကြည်သူတွေအပြည့်နဲ့။

ငါမရှိရင်မဖြစ်ဘူးဆိုတဲ့မင်းရဲ့စကားကို

ဖတ်လက်စစာအုပ်ကြားထဲငါညှပ်ထားခဲ့တာ၄နှစ်ရှိပြီ

အခုလဲမင်းရပ်တည်နိူင်နေပြီလို့ငါယုံ​ကြည်ပါတယ်

မင်းနာကျဥ်ခဲ့တဲ့အပိုင်းကိုဆင်ဆာဖြတ်ထားလိုက်။

ဒီတစ်လောငါ့နှလုံးသားနာဖျားနေတယ်မယ်စောရယ်

နေရာအနှံ့ကပြည်သူတွေကြေမွနေရှာတယ်

ဘဝတွေတင်မကဘူးခန္ဓာကိုယ်တွေပါပျံ့ကျဲလို့

စိတ်ချင်းဆက်နေတယ်ဆိုရင်မင်းလဲခံစားရရှာမှာ။

ကောင်းကင်ကကြည့်ရင်မြင်ကွင်း​တွေဆိုပေမဲ့

တကယ်တမ်းမှာတော့သတ်ကွင်းတွေပဲ

စိတ်ရှိတိုင်းဗုံးလာကျဲနေကြတော့

ဘယ်ကလေးမှကောင်းကင်ကြီးကိုမချစ်တော့ဘူး။

လေယာဥ်ပျံတွေပလူပျံနေတဲ့ညတွေဆိုရင်

ဗုံးခိုကျင်းတွေထဲမှာစိုးရိမ်စိတ်တွေ

လျှံထွက်နေတတ်မြဲ

ဘာမှမဖြစ်ပါစေနဲ့ဆိုတဲ့ဆုတောင်းတွေဟာ

ဘာတစ်ခုမှမပြည့်တဲ့ အထိ ရက်စက်ခံရတာပဲမယ်စော။

နေ့စဥ်နဲ့အမျှပူလောင်စရာတွေကြီးပဲ

မင်းဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းငါမှတ်မိတယ်

စိတ်ရောလူပါမချမ်းမြေ့သရွှေ့တော့

ဘယ်ရာသီပဲရောက်ရောက်အားလုံးဟာနွေပဲတဲ့။

အခုလဲနွေဦးကိုတစ်ဖန်ပြန်ပြီးရောက်ပါပြီ

ငါပဲပြန်မရောက်နိူင်ခဲ့သေးတာ

ကျန်နေခဲ့တဲ့ဆောင်းမှာငါသောင်တင်နေတယ်မှတ်ပါ

ငါ့စိတ်ထဲမှာတော့အားလုံးကိုငြိမ်းချမ်းစေချင်ခဲ့တာ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ခွန်းနီ’ ​ရေးဖွဲ့တဲ့ “ပေးစာ” ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...