ဇွဲမာန်
တဘဝလုံးနီးမျှ
ဗုဒ္ဓရဲ့ဝတ်လဲတော်ကို ဆင်မြန်းခဲ့တဲ့သူက
ကျောင်း သင်္ကန်း ပရိက္ခရာကို စွန့်ခဲ့တယ်
သေနတ်ကို ရင်ဝယ်ပိုက်လို့..
ယုံကြည်ချက်ကို ကျောမှာပိုးလို့..
တောအထပ်ထပ် တောင်အသွယ်သွယ်
ဖြတ်ကျော်ခဲ့တဲ့ တော်လှန်ခရီးကြမ်းမှာ
စစ်ချီသံတွေ မြိုင်ဆိုင်ခဲ့တယ်
စစ်သည်တော်လို ကျင့်ကြံနေထိုင်ခဲ့တယ်
ဗုဒ္ဓရဲ့သားတော်စစ်စစ်ဟာ
အမှန်တရားကို ဘုရားလို ဆည်းကပ်ခဲ့တယ်
အမိမြေကို ဦးထိပ်ပန်ဆင်တတ်ခဲ့တယ်
ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ်

Public Service Announcement
တဘဝလုံးနီးမျှ
တရားဓမ္မကိုလက်ကိုင်ထားခဲ့တဲ့သူက
စစ်မြေပြင်မှာ
အမှုတော်ကို ရဲဝံ့စွာထမ်းရွက်ခဲ့တယ်
မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်
တော်လှန်သူတို့ရဲ့သမိုင်းမှာ
သူရဲကောင်းတယောက်လို့
အာဇာနည်တပါးလို့
မော်ကွန်းလှလှ ရေးထိုးသွားခဲ့တယ်။
(*ရဲဘော် ဘုန်းကြီး(ခ)ဒီဃ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံး)
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဇွဲမာန်’ ရေးဖွဲ့တဲ့ ““ရဲဘော် ဘုန်းကြီး (ခ) ဒီဃ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































