Connect with us

Hi, what are you looking for?

ကဗျာ

‘မြစ်သေ’


◼️ဓီရ်ခေတ်အိမ်


ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။
လေးဘက်လေးလံက
ရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်
ဖြေဖျားနဲ့ထိုးဖွလိုက်
စကြာဝဌာထဲမှာ
ထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊
တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူး
ငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊
ပြာတွေနဲ့အတူကြွေကျသွားတုန်းက
ငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊
မြို့ပြက သွေးကြွေးမချန်ဘူး
ငါမရီနိုင်ဘူး
ငါမပြုံးနိုင်ဘူး
အိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီ
ငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊
ငါ့ညနေခင်းတွေအသံမပါတော့ဘူး
ငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့
ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲ
ငါ့လက်ခုတ်သံအကျယ်ဆုံးပဲ
ဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူး
ဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲ
ပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာ
စီးကရက်တွေကိုငါမီးညှိတယ်
Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့
သီချင်းတွေကိုဖွင့်ထားပြီး
လမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်
ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကို
ဘီယာအဖြစ်ပြောင်းပေးဖို့
ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်
မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာ
ငါ့လိုနာရီဝက်နေနိုင်ရင်
ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်
ဒီလိုဆိုတော့လည်း
ကိုယ့်တာဝန်ကိုယ်မယူနိုင်တာ
ရန်ကုန်တခုတည်းမဟုတ်ဘူး
ယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲ
သို့မဟုတ် မင်းလဲပစ် ငါလဲပစ်
အာဏာရှင်တွေကို အမြစ်ဖြတ်ပစ်လို့
ငါစတေးတပ်တကြောင်းရေးတင်မယ်
ငါတို့တော်လှန်ရေးက
အာနည်းနည်းချောင်ပြီး
ဖင်နည်းနည်းယားတယ်
ဖြာထွက်နိုင်သလောက်ပွင့်ပြခဲ့တဲ့
ပန်းတွေအကြောင်းသီကြွေးဖို့
မင်းရောငါရောတာဝန်ရှိတယ်
ဒါပေမယ့် ရောက်မလာသေးတဲ့
ဇာတ်ဝင်ခန်းတွေကိုမျှော်နေတုန်း
လှေကားတွေထပ်ရှည်လာတုန်း
အဆုံးအဆမဲ့ ငါပြုတ်ကျနေတုန်း
ကားတွေကြားထဲကနေ
တောအုပ်တခုထဲရောက်လာ
လူတွေသေနေတယ်
ဒီမြင်ကွင်းတွေကို
ငါမအံ့ဩတာ အံ့ဩဖို့ကောင်းတယ်
ဆဲဆိုသံတွေကြားကနေ
ကျေးလက်မြင်ကွင်းတခုကို ငါတွေ့တယ်
ငါစီးဆင်းတယ်
ငါရပ်တန့်တယ်
မြစ်သေတွေအများကြီးစီးကြောင်းတခုမှာ
စီးဆင်းတယ်။ ။


(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဓီရ်ခေတ်အိမ်’ ရေးဖွဲ့တဲ့ “​​မြစ်သေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ကဗျာ

ဘဘဝ “ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။ ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။...