Connect with us

Hi, what are you looking for?

ကဗျာ

“နောက်ဆုံးပွဲ (ဝါ)ယနေ့မနက်ဖြန် ကြည့်ရှူရန်သင့်တဲ့အစီအစဥ်”

◼️ပန်းတော်ဆက်


ကင်မရာက ခြင်္သေ့ကိုတလှည့်
ကျွဲ အုပ်ကိုတလှည့် ရိုက်ပြတယ်
ကျွဲအုပ် ဟာ ….
အန္တရာယ်ကို မသိခင် သူ့စားကျက်မှာသူ…
စားသူစား ၊ကစားသူကစား
မေထုံမှီဝဲ ၊ရေစုန် မှာ တနေကုန်
အေးအေးလူလူ ရေစိမ်မြဲ
ကင်မရာက ကျွဲအုပ်ကိုတစ်လှည့်
ချောင်းမြောင်းနေတဲ့
ခြင်္သေ့ကို တလှည့်ရိုက်ပြတယ်…။
ကျွဲအုပ်ဟာ ရုတ်တရက် ဆိုသလို
ခြင်္သေ့ကို တွေ့လိုက်ရချိန်
လဲသူလဲ
ကွဲသူကွဲ
ကျွဲအုပ်ဟာ ကစဥ့်ကလျား
ကျွဲအုပ်ဟာ ဦးဂျိုကိုမေ့လို့
ထွက်ပြေးတယ်….။
ကျွဲတွေဟာ နေ့စဥ်ထွက်ပြေးတယ်….။
သူတို့ထဲက တစ်ကောင်ကို မမိမချင်း
ထွက်ပြေးတယ်….။
ကျွဲအုပ်ဟာ သူတို့ထဲက
တစ်ကောင်ကောင်ကို မိသွား တာနဲ့ ချက်ခြင်း အပြေးရပ်တယ်….။
သူတို့..အ​ပြေးရပ်ပုံက ထူးထူးဆန်းဆန်း
ဘယ်ဘက်ခြေလှမ်း မလှမ်းခင်
ကျွဲအုပ်ထဲက တစ်ကောင်ကောင်ကိုမိပြီဆိုတာနဲ့….
ညာဘက်ခြေလှမ်းဟာ ဆက်မပြေးတော့ပဲ…
သူတို့ မပြေးခဲ့ရသလိုမျိုး အပြေးကိုချက်ခြင်း ရပ်လိုက်ကြတယ်….။
ယခုပြေးခဲ့မှုဟာ သူတို့နဲ့မဆိုင်ကြောင်း သေချာမှုမျိုးနဲ့
ချက်ချင်း အပြေးရပ်လိုက်တယ်…..။
နေ့စဥ်ပုံမှန်
သူတို့အပြေးရပ်ကြတယ်….။
ဒီလိုနဲ့ နေ့စဥ်နေတိုင်း
ကျွဲအုပ်ထဲက အပြေးမသန်လို့ကျန်ခဲ့သူ (ဒါမှမဟုတ်)
ဝ ဝခဲခဲ ကျွဲတစ်ကောင်ဟာ…
ခြင်္သေ့ရဲ့ညစာဖြစ်မြဲ….။
တစ်ခုသော အစီအစဥ်တစ်ခုမှာတော့
ကျွဲတစ်ကောင်ဟာ ထွက်ပေါက်ပိတ်
ခြင်္သေ့တွေအများကြီးအဝိုင်းခံလိုက်ရတယ်….။
ကျွဲဟာ မလွတ်မြောက်တော့တဲ့နောက်ဆုံး
တအဲအဲ အာခေါင်ခြစ်အော်
အကူအညီတောင်းရှာတယ်
ဒါပေမယ့်….
တစ်စုံတစ်ကောင်မှ ရောက်မလာ….
ကျွဲဟာခြင်္သေ့တွေရဲ့စတင်တိုက်ခိုက်ခြင်း ခံလိုက်ရချိန်
နာကျင်သွားဟန်
အကြောက်တရားအစား ဒေါသထွက်သွားခြင်းလား
ဒါမှမဟုတ် အဖြေကိုသေသေချာချာ သိလိုက်မှုလား မပြောတတ်
ကူရာမဲ့တဲ့အခါ
ကိုယ်တိုင်ကယ်တင် ရှင်သာဆိုသလို
သူ့ဦးချိုကို သတိရသွားပုံ ရသွားတာလား
(ငါသေသေချာချာမသိ)
ကျွဲဟာ စတင် တန်ပြန်တိုက်ခိုက်တယ်….။
အသက်ကို အသက်နဲ့လဲတဲ့ပွဲ
ရေကုန်ရေးခမ်း
ကျွဲကိုတစ်လှည့်
​ခြ​င်္သေ့အုပ်ကို တလှည့် ကင်မရာ ကရိုက်ပြတယ်…
ငါက အသက်ရှူဘို့တောင် တဒင်္ဂ မေ့လျှော့
သဲထိပ်ရင်ဖို…..။
ကျွဲက ခတ်ပြီ
ကြောက်ကျွဲဟာ ခတ်ခဲ့ပြီ…။
သူစတင် တိုက်ခိုက်ချိန်မှာ ထုံးစံအတိုင်း တစ်ကောင်ကောင်ကို မိသွားလို့ အပြေးရပ်လိုက်ကြတဲ့ ကျွဲတွေဟာ
ဒီအသက်လုပွဲကို ပထမ ရပ်ကြည့်နေတယ်….
တဖြည်းဖြည်း
တဖြည်းဖြည်း နှာမှုတ်လာတယ်
တဖြည်းဖြည်း ရှေ့တလှမ်း လှမ်းတက်တယ်…။
တဖြည်းဖြည်း တစ်ကောင်စ နှစ်ကောင်စ…
တဖြည်းဖြည်း ကျွဲအုပ်ဟာ ဦးဂျိုတွေကို သတိရသွားပုံပေါ်ရဲ့
ခြင်္သေ့တွေကို ပြန်လိုက်တယ်
ခြင်္သေ့တွေသွေးရူးသွေးတမ်း
ပေါင်ပြတ်သူပေါင်ပြတ်
အူပွင့်သူ အူပွင့်
လဲသူလဲ
သေသူသေ…..
​ခြင်္သေ့တွေရဲ့ ပြေးခန်းက….ကင်မရာတဆုံး ဖုံလုံးကြီးတွေ လိမ့်လို့…..။
ကျွဲအုပ်ဟာ ဦးဂျိုကို သတိရသွားသလိုပေါ့….
ငါတို့ကအားနည်းသူတွေပါ….။
ထွက်ပြေးလို့ မလွတ်မြောက်တော့အခါ…..
အရာရာရင်ဆိုင်လိုက်ကြရုံပါပဲ….။ ။


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ပန်း​တော်ဆက်’ရေးဖွဲ့တဲ့ “နောက်ဆုံးပွဲ (ဝါ) ယနေ့မနက်ဖြန် ကြည့်ရှူရန်သင့်တဲ့အစီအစဥ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...