တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူပေါင်း ၈၀၀၀၀ ကျော်ကို ဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရပါတယ်။
တရုတ်ဟာ နိုင်ငံအနှံ့မှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ဟန်ချက်မညီဘဲ ကြုံတွေ့နေရပြီး တချို့နေရာတွေမှာ ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီ အပူဒဏ်ကို ခံစားနေရပြီး တခြားနေရာတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းရင်း မိုးသက်မုန်တိုင်း ရာသီဥတုမျိုး ကြုံနေရပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာတော့ နိုင်ငံအနောက်တောင်ပိုင်းက ကွီကျိုးဒေသမှာ ရေဘေးသင့် ပြည်သူ ၈၀၉၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဇွန်လ ၂၅ ရက်နေ့မှာ ဖော်ပြသွားပါတယ်။
ရွန်ကျန်းခရိုင်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မီးသတ် တပ်ဖွဲ့ဝင် ရှောင်ရှင်းက ဒီတစ်ကြိမ် ရေကြီးမှုက အတော်ကြမ်းပြီး နှစ် ၅၀ လောက်အတွင်း အဆိုးဆုံး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
AFP သတင်းဌာနက ရရှိထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေမှာတော့ လူနေတိုက်တာတွေမှာ ပထမထပ်လောက်ထိ ရေမြုပ်နေတာကို တွေ့ရပါတယ်။ ရွန်ကျန်းက ဘောလုံးကွင်း တစ်ခုဆိုရင် ၁၀ ပေလောက်ရှိတဲ့ ရေထု ဖုံးလွှမ်းတာ ခံလိုက်ရပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောက်ကျိပြီး အတော်လေးနက်တဲ့ ရေတွေထဲမှာ လှေတွေကို အသုံးပြုပြီး ဒေသခံတွေကို လိုက်လံ ကယ်ထုတ်ပေးနေရပါတယ်။ မူကြိုကျောင်း တစ်ခုမှာလည်း ကလေးတွေ ပိတ်မိနေတာကြောင့် သွားရောက်ကူညီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကယ်ဆယ်ရေးတွေ ရုတ်တရက် မရောက်နိုင်သေးတဲ့ နေရာတွေမှာ ခေါင်မိုးအမြင့်တွေပေါ် တက်ပြီး ခိုလှုံနေရတဲ့ ရေဘေးသင့် ပြည်သူတွေကိုတော့ ဒရုန်းတွေ အသုံးပြုပြီး ဆန်နဲ့ တခြားရိက္ခာတွေ ပို့ဆောင်ပေးနေပါတယ်။
တရုတ် အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ဌာနက ကွီကျိုးမှာ ရေဘေးသင့် ကယ်ဆယ်ရေး ကဏ္ဍအတွက် ယွမ်သန်း ၁၀၀ (ဒေါ်လာ ၁၄ သန်း နီးပါး)ကို ခွဲတမ်း သတ်မှတ်ပေးထားပါတယ်။ ကွီကျိုးရဲ့ အိမ်နီးချင်း ကွမ်စီဒေသမှာလည်း ရေကြီးမှုတွေ ကြုံနေပြီး အစိုးရ မီဒီယာတွေက ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပြည်သူတွေကို ကူညီပြီး ရွှေ့ပြောင်းပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ် အာဏာပိုင်တွေဟာ အခုနှစ်ရဲ့ ရာသီဥတုဆိုင်ရာ ပထမဆုံး အရေးပေါ် အခြေအနေ ကြေညာချက်အဖြစ် ဒေသကြီး ၆ ခုမှာ တောင်ကျရေတွေ စီးဆင်းနိုင်ခြေ အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဖြစ်စဉ်မှာ တရုတ်ဟာ ထိခိုက်သက်ရောက်မှုတွေ အဆိုးဆုံး ခံစားရမယ့် နိုင်ငံတွေထဲက တစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်တွေက ပြောပါတယ်။
အခုသီတင်းပတ်ထဲမှာ မြို့တော် ဘေဂျင်းဟာ ၂၀၂၅ ခုနှစ်အတွင်း အပူဆုံး ကာလတစ်ခုကို ဖြတ်သန်း နေရတဲ့အတွက် ရာသီဥတုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
တရုတ်ဟာ ရာသီဥတုအပေါ် ထိခိုက်သက်ရောက်မှု ဖြစ်ပွားစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး ကမ္ဘာ့နိုင်ငံဖြစ်ပြီး အဲဒီအခြေအနေကို လျှော့ချနိုင်ရေးအတွက် သန့်စင်စွမ်းအင်နဲ့ ပြည့်မြဲစွမ်းအင်တွေကို အစားထိုး အသုံးပြုဖို့ အပူတပြင်း ကြိုးစားနေပါတယ်။ တရုတ် အစိုးရဟာ ၂၀၆၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံးအဆင့် ကာဘွန်ဒိုင်အောက်ဆိုက် အသားတင် ထုတ်လွှတ်မှု တန်ဖိုးကို သုညမှတ်ထိ လျှော့ချဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
ကိုးကား: AFP






















































