Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝက်ဝံတစ်ကောင် လှည့်ပတ်သွားလာနေလို့ ဂျပန်လေဆိပ် တစ်ရက်ပိတ်လိုက်ရ

လေယာဉ်ပြေးလမ်းပေါ် လျှောက်သွားနေတဲ့ ဝက်ဝံတစ်ကောင်ကြောင့် ဂျပန်က လေဆိပ်တစ်ခုမှာ ပုံမှန် လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

လေယာဉ်ပြေးလမ်းပေါ် လျှောက်သွားနေတဲ့ ဝက်ဝံတစ်ကောင်ကြောင့် ဂျပန်က လေဆိပ်တစ်ခုမှာ ပုံမှန် လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်း ယာမာဂါတာ လေဆိပ်က ပြေးလမ်းပေါ်မှာ ဝက်ဝံတစ်ကောင် လျှောက်သွားနေတာကို လေဆိပ် ဝန်ထမ်းတွေက သတိပြုမိခဲ့ပြီး ပြေးလမ်းကို ကမန်းကတမ်း ပိတ်ခဲ့ရပါတယ်။ အကျိုးဆက် အနေနဲ့ လေဆိပ်ရဲ့ ခရီးစဉ် ၄ ခုကို ပယ်ဖျက်ခဲ့ရပါတယ်။

နောက်တော့ ဝက်ဝံက ပျောက်သွားခဲ့ပြီး တစ်နာရီလောက် အကြာမှာ ပြန်ပေါ်လာပြန်ပါတယ်။ အနက်ရောင် ဝက်ဝံကြီးဟာ ပြေးလမ်းပေါ်မှာ ဟိုဟိုဒီဒီ သွားလာရင်း ဆော့ကစားနေတာကြောင့် ပြေးလမ်းကို နောက်တစ်ကြိမ် ပိတ်ခဲ့ရပြန်ပါတယ်။

လေဆိပ် ဝန်ထမ်းတွေဟာ ကားတစ်စီးကို အသုံးပြုပြီး အဲဒီ ဝက်ဝံကို ခြောက်လှန့် မောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် တောရိုင်းတိရစ္ဆာန်ကြီးဟာ လေဆိပ်ဝင်းထဲကနေ ထွက်မသွားဘဲ ဆက်ရှိနေခဲ့ပါတယ်။ မတတ်သာတော့တဲ့ အခြေအနေ ဖြစ်တာကြောင့် တာဝန်ရှိသူတွေက ယာမာဂါတာ လေဆိပ်ကို ဇွန်လ ၂၆ ရက်နေ့အတွက် တစ်ရက်တာ ပိတ်လိုက်ရပါတော့တယ်။

Public Service Announcement

Public Service Announcement

လေဆိပ်ထဲမှာ ဝက်ဝံတစ်ကောင် လျှောက်သွားနေတဲ့ အခြေအနေမှာ လေကြောင်း ခရီးစဉ်တွေကို တာဝန်ယူ ကိုင်တွယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ လေဆိပ် တာဝန်ခံ အေရီရာ နာဂိုင်က ပြောပါတယ်။ ဒုတိယအကြိမ် ပြေးလမ်းကို ပိတ်လိုက်ရတာကြောင့် ခရီးစဉ် ၁၂ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။

နောက်တော့ ရဲတွေက လေဆိပ်ကို ဝန်းရံ ပိတ်ဆို့ထားလိုက်ပြီး ဝက်ဝံကြီး ထွက်မသွားနိုင်အောင် စောင့်ကြပ်ထားသလို မုဆိုးတွေက ထောင်ချောက်တွေ ဆင်ထားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ဝက်ဝံရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို လေဆိပ်က မထုတ်ပြန်ပေမယ့် ဇွန်လ ၂၇ ရက်နေ့မှာ လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်မယ်လို့ ပြောပါတယ်။

ဂျပန်မှာ လူနဲ့ ဝက်ဝံတွေ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ ဖြစ်ရပ်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလအထိ နောက်ဆုံး တစ်နှစ်တာအတွင်း ၂၁၉ ကြိမ်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

ပြီးတော့ မေလတုန်းကလည်း ဂျပန်နိုင်ငံ အလယ်ပိုင်းက ဂေါက်ရိုက် အားကစား ပြိုင်ပွဲတစ်ခုမှာ ဝက်ဝံတစ်ကောင် ရောက်နေတာကို သတိထားမိလို့ လုံခြုံရေး အစီအမံတွေ အရေးတကြီး တိုးမြှင့်ခဲ့ရပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေဟာ ဝက်ဝံတွေရဲ့ သဘာဝ စားကျက်မြေတွေနဲ့ ဆောင်းခိုတဲ့ ကာလတွေအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး ဝက်ဝံတွေက လူနေဧရိယာတွေထဲ ဝင်ရောက် အစာရှာမှုတွေ ပိုများပြားလာစေကြောင်း ပညာရှင်တွေက ပြောကြားထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စက်ရုံဝင်းထဲထိ ဝင်ပြီး လူ ၄ ဦးကို တိုက်ခိုက်ခဲ့တဲ့နောက် ထွက်ပြေး လွတ်မြောက်သွားတဲ့၊ အံ့ဩစရာ ကောင်းလောက်အောင် ပါးနပ်လွန်းတဲ့ ဝက်ဝံတစ်ကောင်ကို ဂျပန်မှာ အပူတပြင်း လိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ဝက်ဝံတွေကို ခြောက်လှန့် မောင်းထုတ်ဖို့ တီထွင်ထားတဲ့ ဝံပုလွေ စာခြောက်ရုပ်တွေဟာ ဂျပန်ရဲ့ ကျေးလက်ဒေသတွေမှာ အထူးလူကြိုက်များနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အရက်စတိုးထဲ ဖောက်ထွင်းဝင်ပြီး အရက်မူး အိပ်ပျော်နေလို့ လူသိများခဲ့တဲ့ ရက်ကွန်း ဝက်ဝံလေးဟာ အခုအခါ ကွင်းဆက် ဖောက်ထွင်းရေးသမား ဖြစ်လာနေပြီလို့ ရဲတွေက သံသယရှိနေပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ ရန်ပြုတိုက်ခိုက်လို့ သေဆုံးသူ ဦးရေဟာ နှစ်အလိုက် စံချိန်တင် အရေအတွက်ထိ မြင့်တက်လာခဲ့ပါတယ်။