ဂျပန်မှာ ဝက်ဝံတွေကို ခြောက်လှန့် မောင်းထုတ်ဖို့ တီထွင်ထားတဲ့ ဝံပုလွေ စာခြောက်ရုပ်တွေဟာ ဂျပန်ရဲ့ ကျေးလက်ဒေသတွေမှာ အထူးလူကြိုက်များနေကြောင်း သိရပါတယ်။
လူသားတွေကို တောရိုင်း ဝက်ဝံတွေက ရန်ပြု တိုက်ခိုက်ခြင်းဟာ ဂျပန်မှာ ဖြေရှင်းဖို့ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုအနေနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ မနှစ်တုန်းကဆိုရင် လူသေဆုံးတဲ့ထိ ဝက်ဝံတိုက်ခိုက်မှု ဖြစ်စဉ် အရေအတွက်ဟာ ဂျပန်မှာ စံချိန်သစ်ပါ တင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဟော့ကိုင်းဒိုး အခြေစိုက် Ohta Seikiဆိုတဲ့ ကုမ္ပဏီက ဝက်ဝံနဲ့ တခြား တောရိုင်း တိရစ္ဆာန်တွေ ပြဿနာကို ဖြေရှင်းဖို့ မကောင်းဆိုးရွား ဝံပုလွေဆိုတဲ့ စာခြောက်ရုပ်ပုံစံ အရုပ်တစ်မျိုးကို တီထွင်ခဲ့ပါတယ်။
အဲဒီ ဝံပုလွေအရုပ်ဟာ ကြောက်စရာ ကောင်းတဲ့ အသွင်မျိုးနဲ့ ဖန်တီးထားပြီး စာခြောက်ရုပ်တွေလိုပဲ စိုက်ထူထားရတာပါ။ အရုပ်ရဲ့ ဦးခေါင်းကို လှည့်နိုင်ပြီး မျက်လုံးတွေက အနီရောင် မီးတွေနဲ့ တောက်ပနေပါတယ်။ ပြီးတော့ ကြောက်စရာကောင်းတဲ့ မာန်ဖီသံတွေ၊ အူတဲ့အသံတွေလည်း ပြုလုပ်နိုင်ပါတယ်။ ကျောချမ်းစရာ အသွင်အပြင်နဲ့ အသံတွေကြောင့် အဲဒီအရုပ် ရှိနေတဲ့ နေရာတဝိုက်ကို ဝက်ဝံတွေရော၊ တခြား တောရိုင်း တိရစ္ဆာန်တွေပါ မလာရဲကြတော့ဘူးလို့ ဆိုပါတယ်။

Public Service Announcement
အဲဒီ အရုပ်ရဲ့ ထိရောက် အသုံးဝင်မှုက လူမှုကွန်ရက်ပေါ်မှာ လူပြောများလာတဲ့အတွက် အမှာစာတွေလည်း တဖွဲဖွဲ ရောက်လာပေမယ့် ကုမ္ပဏီဖက်က အလျင်မီအောင် ထုတ်လုပ်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
မကောင်းဆိုးရွား ဝံပုလွေ စာခြောက်ရုပ် တစ်ခုစီတိုင်းကို စက်နဲ့မဟုတ်ဘဲ လက်နဲ့ တပ်ဆင် တည်ဆောက်ရကြောင်း၊ ဒီတော့ ထင်သလောက် မြန်မြန် မပြီးကြောင်း၊ တစ်ခါတလေ ဖောက်သည်တွေကို နှစ်လ၊ သုံးလလောက်ထိ စောင့်ခိုင်းရကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ယူဂျီ အိုတာက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ တောတောင်နဲ့နီးတဲ့ လူနေ ဧရိယာတွေမှာ ဝက်ဝံအန္တရာယ် အသိပညာပေးမှုတွေ၊ တောရိုင်းတိရစ္ဆာန်ကြောင့် လယ်ယာလုပ်ငန်း ထိခိုက်မှုတွေကို အသိပညာပေးမှုတွေ အရှိန်မြှင့်တင်နေချိန်မှာ ကုမ္ပဏီရဲ့ ထုတ်ကုန်က ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
မကောင်းဆိုးရွား ဝံပုလွေရုပ်တွေကို အဓိက မှာယူတာဟာ လယ်သမားတွေပါ။ ဒါပေမဲ့ ဂေါက်ကွင်းတွေနဲ့ တောစပ် ဧရိယာမှာ အလုပ်လုပ်ရသူတွေကလည်း အဲဒီ အရုပ်တွေကို မှာယူကြပါတယ်။
အဲဒီ အရုပ်တွေရဲ့ ကိုယ်ထည်ကို ပိုက်တွေနဲ့ ဖရိန်ချထားပြီး ဝံပုလွေနဲ့တူတဲ့ သားမွေးအတုတွေ အုပ်ထားပါတယ်။ ပြီးတော့ ပါးစပ်ကြီး ဟနေတဲ့ ကြောက်စရာ ဦးခေါင်းကိုလည်း အသံချဲ့စက်တွေနဲ့ ချိတ်ဆက်ပေးထားပါတယ်။ ဝံပုလွေ မာန်ဖီသံ၊ အူသံ၊ လူသားတွေရဲ့ ညာသံပေး ခြောက်လှန့်သံစတဲ့ အသံပေါင်း ၅၀ လောက်ကို ထည့်သွင်းပေးထားပြီး ၁ ကီလိုမီတာ အကွာအဝေးလောက်ထိ ထုတ်လွှင့်နိုင်ပါတယ်။ အရုပ်နဲ့ တွဲဖက် အသုံးပြုဖို့ ဘက်ထရီ၊ ဆိုလာပြားတွေ၊ အာရုံခံ ကိရိယာတွေလည်း ပါဝင်ပါတယ်။ အဲဒီအရုပ်ကို ဆက်စပ် စနစ်တွေ အားလုံးနဲ့ တွဲဖက် ဝယ်ယူရင် ဒေါ်လာ ၄၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီအတွင်း ဂျပန်မှာ ဝက်ဝံတိုက်ခိုက်မှုတွေကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကထက် နှစ်ဆကျော် မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ဂျပန်နိုင်ငံ အနှံ့မှာ တောရိုင်း ဝက်ဝံတွေကို လူသားတွေ မျက်မြင်တွေ့ရှိမှု ဖြစ်စဉ်ပေါင်း ၅၀၀၀၀ ကျော်ထိ များပြားခဲ့ပါတယ်။ ဒါကလည်း အဲဒီမတိုင်ခင် ၂ နှစ်တုန်းက စံချိန်တင်ထားဖူးတဲ့ အရေအတွက်ထက် နှစ်ဆကျော် ပိုတိုးလာခြင်းပါ။
တချို့နေရာတွေမှာ ဝက်ဝံတွေဟာ အိမ်တွေထဲ ကျူးကျော်တာ၊ ကျောင်းတွေနားမှာ ရစ်သီရစ်သီ လုပ်နေတာ၊ စူပါမားကက်တွေထဲ ဝင်ရောက်လုယက်တာတွေ ရှိခဲ့ပါတယ်။ မနှစ်တုန်းက ဂျပန်မှာ ဝက်ဝံတွေကို အရှင်ဖမ်းတာ၊ ဒါမှမဟုတ် သုတ်သင်ရှင်းလင်းတာမျိုးတွေ လုပ်ခဲ့ရတာလည်း စုစုပေါင်း ၁၄၆၀၁ ကောင် ရှိခဲ့ပြီး တစ်နှစ်တာ စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။
ကိုးကား: AFP


















































