Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ ဝက်ဝံတိုက်ခိုက်လို့ သေဆုံးသူဦးရေ နှစ်အလိုက် စံချိန်သစ်တင်

ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ ရန်ပြုတိုက်ခိုက်လို့ သေဆုံးသူ ဦးရေဟာ နှစ်အလိုက် စံချိန်တင် အရေအတွက်ထိ မြင့်တက်လာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ ရန်ပြုတိုက်ခိုက်လို့ သေဆုံးသူ ဦးရေဟာ နှစ်အလိုက် စံချိန်တင် အရေအတွက်ထိ မြင့်တက်လာခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့တုန်းက သီးခြားစီ ဖြစ်ခဲ့တဲ့ ဝက်ဝံတိုက်ခိုက်မှုတွေအတွင်း လူ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဂျပန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့က သေဆုံးမှုဟာ အခုနှစ်အတွင်း ဝက်ဝံကြောင့် ၁၀ ဦးမြောက် လူသေမှုအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

အရင်က ဂျပန်မှာ ဝက်ဝံတိုက်ခိုက်လို့ လူသေမှု အများဆုံး နှစ်အလိုက် စံချိန်က ၆ ဦး ဖြစ်ပါတယ်။ ဝက်ဝံတွေကြောင့် လူသေမှု စံချိန်တင် နှစ်ကာလတစ်ခုကို ဖြတ်သန်းနေရတဲ့နောက် အာဏာပိုင်တွေက ဒီပြဿနာကို ထိန်းချုပ်ဖို့ စည်းမျဉ်းတွေ ပိုမို တင်းကျပ်သွားမယ်လို့ ပြောပါတယ်။

ဂျပန်ရဲ့ လူဦးရေ ကျဆင်းလာတာ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာတာ၊ စားကျက်မြေ ရှားပါးလာတာ အစရှိတဲ့ အကြောင်းရင်း မျိုးစုံကြောင့် ဂျပန်မှာ လူနေမြို့ရွာတွေထဲ ဝက်ဝံတွေ ကျူးကျော် ချဉ်းကပ်မှုတွေ ပိုမိုများပြားလာနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၄ ရက်နေ့ကတော့ နိုင်ငံမြောက်ပိုင်း၊ အကီတာ ဒေသမှာရှိတဲ့ တောင်ပေါ်ရွာလေး တစ်ခုမှာ ဝက်ဝံတိုက်ခိုက်လို့ လူ ၄ ဦး ထိခိုက်သေဆုံးမှု သတင်းကို ရဲတွေက ရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ဝက်ဝံကိုက်လို့ ၁ ဦးသေခဲ့ပြီး ၃ ယောက်ကို ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဝက်ဝံဟာ လယ်လုပ်နေသူ ၂ ဦးကို တိုက်ခိုက်ခဲ့ပြီး သွားရောက် ကူညီသူ ၂ ဦးကိုပါ ရန်မူခဲ့တာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နောက်တော့ ဒေသခံ မုဆိုးတစ်ဦးက အနီးအနားမှာ ဝက်ဝံတစ်ကောင်ကို ရှင်းလင်းပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဝက်ဝံဟာ တိုက်ခိုက်မှု ကျူးလွန်တဲ့ သားရိုင်းတိရစ္ဆာန် ဟုတ်မဟုတ် ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ အောက်တိုဘာ ၂၄ ရက်နေ့မှာပဲ နိုင်ငံ အလယ်ပိုင်းက တိုယာမာ ဒေသမှာ ဝက်ဝံက ရန်မူလို့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရသစ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကတော့ ဝက်ဝံတွေနဲ့ ပတ်သက်ရင် ပိုပြီး တင်းတင်းမာမာ တုံ့ပြန်ကိုင်တွယ်တော့မယ်လို့ ပြောပါတယ်။ သူက ဒီပြဿနာဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပြီလို့လည်း ဆိုပါတယ်။

ဂျပန်မှာတော့ ဝက်ဝံတွေက ကမ္ဘာလှည့် ခရီးသည်တွေကို တိုက်ခိုက်တာ၊ စတိုးဆိုင်တွေထဲ ဝင်ရောက် လုယက် ဖျက်ဆီးတာ၊ ကျောင်းတွေနားမှာ ရစ်သီရစ်သီ သွားလာနေတာမျိုး ဖြစ်စဉ်တွေလည်း ရှိခဲ့တာကြောင့် လူထုကြားမှာ အထိတ်တလန့် ဖြစ်နေပါတယ်။ အဲဒီအခြေအနေတွေကို နိုင်ငံမြောက်ပိုင်း ဧရိယာတွေမှာ ပိုပြီး ကြုံရလေ့ ရှိပါတယ်။

ဂျပန်မှာ သဘာဝအတိုင်း ကျက်စားတဲ့ ဝက်ဝံမျိုးစိတ် နှစ်ခုရှိပါတယ်။ အဲဒါတွေက အာရှ ဝက်ဝံမည်းတွေနဲ့ ဝက်ဝံညိုတွေပါ။ အာရှ ဝက်ဝံမည်းတွေကို လဝက်ဝံတွေလို့လည်း ခေါ်ပါတယ်။ အရွယ်အစား ပိုကြီးပြီး ပိုမိုခက်ထန်တဲ့ ဝက်ဝံညိုတွေကတော့ နိုင်ငံ မြောက်ပိုင်းက ဟော့ကိုင်းဒိုးကျွန်းမှာ အဓိက ကျက်စားလေ့ ရှိပါတယ်။

ဂျပန်မှာ နှစ်စဉ် ပစ်ခတ် ရှင်းလင်းခံရတဲ့ ဝက်ဝံပေါင်း ထောင်နဲ့ချီ များပြားပါတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ ပျမ်းမျှ သက်တမ်းက ပိုမို ကြီးရင့်လာသလို ငယ်ရွယ်သန်စွမ်းတဲ့ မုဆိုးအရေအတွက်ကလည်း ကျဆင်းလာတာကြောင့်လည်း ဝက်ဝံ ပြဿနာကို ကိုင်တွယ်ရာမှာ ကန့်သတ်ချက်တွေ ရှိလာနေတယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။