ဩဂုတ်-၁၁၊ ၂၀၂၅။ နေ့သစ်/People’s Spring
ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ရက္ခိုင် ပြည်နယ်၏ ၈ခုမြောက် ခရိုင်အဆင့်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းသည် ပလက်၀သည် အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသဖြစ်၍ လုပ်စရာရှိသည်ကို မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။
ချင်းပြည်နယ်၏ ပလက်၀ကို ရက္ခိုင်ပြည်နယ်၏ ၈ခုမြောက်ခရိုင်အဖြစ်သတ်မှတ်ထားမှု သည် ယခင်ကတည်းက သတင်းထွက်ပေါ်လျက်ရှိရာ ဦးခိုင်သုခက ယနေ့ ဩဂုတ် ၁၁ရက် သတင်းစာရှင်းလင်းပွဲ၌ ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းမှု အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။
ပလက်၀ကို စစ်ကောင်စီ လက်ထက်ကတည်းက ခရိုင်အဆင့် တိုးမြှင့်ရန် စီစဉ်ထားမှုရှိကြောင်း ၎င်းက ပြောသည်။

Public Service Announcement
“ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်းမှာ အနောက်ဘက် စစ်မျက်နှာမှာ ပလက်၀ဟာ စစ်ကောင်စီ လက်အောက်က ပထမဆုံးလွတ်မြောက်လာတဲ့ ဒေသဖြစ်ပါတယ်။ ပလက်၀ ဒေသကို ကျနော်တို့ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒေသတခုကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာ ကျနော်တို့က ဒီအတိုင်းထားလို့ အဆင်မပြေပါ။ ကျနော်တို့က ယင်းဒေသကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ယင်းဒေသ၏ တည်ငြိမ်ရေး တရားဥပဒေ စိုးမိုးရေး၊ဒေသ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး ပညာရေးကိစ္စတွေ အဲဒီ ပြည်သူ့ဝန်ဆောင်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ တာဝန်ရှိတာဖြစ်ပါတယ်။
ကျနော်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသကို ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း ကျနော်တို့ အာရက္ခ ပြည်သူ့ တော်လှန်ရေးအစိုးရက လုပ်စရာရှိတာ မှန်မှန်ကန်ကန်ဆောင်ရွက်နေတာဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောကြားသည်။
အာရက္ခတိုင်းပြည်၌ နေထိုင်သည့် ပြည်သူတိုင်းအတွက် တန်းတူညီမျှမှုရှိသည့် အခွင့်အရေးနှင့်တာဝန် ဂုဏ်သိက္ခာရှိသည့် လူ့အဖွဲ့အစည်းတရပ် တည်ဆောက်နေသည်ဟုလည်း ဦးခိုင်သုခက ပြောသည်။
“ပလက်၀ ဒေသကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ အရင်က မြို့နယ်အဆင့်ရှိတာကို အခု ခရိုင်အဆင့် ဖွဲ့စည်းပြီး စနစ်တကျ စီမံအုပ်ချုပ်ဖို့ရှိပါတယ်။ အုပ်ချုပ်ရေးကိုဆောင်ရွက်တဲ့နေရာမှာ ဒေသခံတွေနဲ့ စည်းစည်းလုံးလုံးပူးပေါင်း ဆောင်ရွက်ပြီး လိုအပ်တဲ့ အရင်းအမြစ်နဲ့ ထောက်ပံ့မှုတွေကို စနစ်တကျပေးလို့ လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။
ULA အစိုးရက ကြိုးစားလုပ်နေသည့် အုပ်ချုပ်ရေး ဒေသ တည်ငြိမ်ရေး တိုးတက်ရေးကို မလိုလားသည့်အုပ်စုများက လူမျိုးရေးအမုန်းတရားဖြင့်အမျိုးမျိုးဝါဒဖြန့်နေဟု AAဘက်က စွပ်စွဲထားသည်။
ပလက်၀မြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်တခုဖြစ်ကြောင်းတနိုင်ငံလုံးအသိဖြစ်ပြီးချင်းညီနောင်အဖွဲ့ဝင်အားလုံး၏သဘောထား ရပ်တည် ချက်မှာလည်း ပလက်၀သည်ချင်းပြည်ဖြစ်သည်ကို တညီတညွတ်တည်း ယုံကြည်လက်ခံသည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောကြားသည်။
ဇွန်လ ၁၈ရက်တွင်ပြုလုပ်သည့် ချင်းညီနောင်၏ သတင်းစာရှင်းလင်းပွဲ၌ AA သိမ်းပိုက်ထိန်းချုပ် ထားသည့် ပလက်၀ ဒေသကို ရက္ခိုင်ပြည်ထဲမှ ခရိုင်တခုအနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်ကထည့် သွင်းဖွဲ့စည်းခဲ့သည်ဆိုသောသတင်းများအပေါ်ချင်းညီနောင်၏ သဘော ထား ကိုမေးမြန်းရာ ဆလိုင်းယောမန်ကဖြေကြားခဲ့ခြင်းဖြစ်သည်။
ချင်းညီနောင်သည် AA ၏မဟာမိတ်ဖြစ်ပြီး AA၏ အကူအညီဖြင့် စစ်ရေးတိုက်ပွဲများ စစ်ရေးတည်ဆောက်မှုများလုပ်ဆောင်နေသည့်ချင်းတော်လှန် ရေးအင်အားစုဖြစ်သည်။
“အရင်ဆုံးနဲ့ အရှင်းလင်းဆုံးပြောချင်တာကတော့ ချင်းညီနောင် အကုန် လုံးကပလက်၀သည် ချင်းပြည်ဆိုတာကိုအကုန်လုံးကတညီ တညွတ်တည်း ယုံကြည်ကြတယ်။လက်ခံကြတယ်ဆိုတာမျိုးပေါ့။ ဒါကညီနောင်ထဲမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးပေါ့နော်။ အကုန်လုံးလည်း သိပါတယ် ဒီလိုမျိုး ရပ်တည်လာတာ ဒီလိုမျိုးဖြစ်လာတာပါ” ဟု ဆလိုင်းယောမာန်က ပြောသည်။
ULA/AAသည် အိမ်နီးချင်းကောင်းဖြစ်ပြီး အိမ်နီးချင်းကောင်းထက်ပိုသည့် ရဲဘော်ရဲဘက်ဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။
တော်လှန်ရေးကာလ၌အချို့အရာများသည်အချင်းချင်းနိုင်ငံရေး အမြတ်ထုတ်လိုသည့်သဘောမျိုး ၊လူမျိုးရေးမုန်းတီးမှုပွားစေရန် ဆွသည့် အပိုင်းများကို သတိထားရမည်ဟု ဆလိုင်းယောမာန်က ထိုစဉ်က ပြောဆိုခဲ့သည်။
ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအစ ပလက်၀သည် ချင်းပြည်ဖြစ်သည်ဆိုသည်ကို မီဒီယာ၌ ဖြေဆိုခဲ့ဖူးဟုလည်းဆလိုင်းယောမာန်က ဆက်ပြောသည်။
လက်ရှိ အခြေအနေသည်စစ်ကောင်စီ ပြုတ်ကျရေးကို အလေးထားရမယ့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်ကောင်စီသာပြုတ်မကျသွားဘူးဆိုရင်အလကားပဲ။မည်သည့် ထိန်းချုပ် နယ်မြေမဆို အလဟသ ဖြစ်သွားမှာပဲ” ဟု ဆလိုင်းယောမာန်က ပြောကြားသည်။


















































