အောက်တိုဘာ-၃၀၊၂၀၂၆။ခိုင်မြတ်/ People’s Spring
နတ်ရေကန်တိုက်ပွဲမှာအထိနာနေပြီး လေကြောင်းပစ်ကူပေးနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာ တစီးကို အာရက္ခတပ်တော်(AA)က ဒီနေ့ မနက်ပိုင်းမှာပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း နတ်ရေကန်ပင်မဗျူဟာကုန်းဆီ အင်အားအလုံးအရင်းနဲ့ စစ်ကူပို့ဖို့ကြိုးစားနေပေမယ့် အထိ နာနေတာကြောင့် ပါရာမော်တာ၊ ဂျက်ဖိုက်တာအများအပြားနဲ့ လေကြောင်းပစ်ကူနေတုန်း AA က ပစ်ချခဲ့တာလို့ သိရပါ တယ်။
“ဒီနေ့မနက်ပိုင်းမှာပဲ ဖိုက်တာတွေ၊ ပါရာမော်တာတွေနဲ့ တစီးပြီး တစီး ဗုံးဆက်တိုက်ကြဲနေတယ်။ အဲဒါကို ကိုယ်လူ တွေက ပစ်ချလိုက်တာ ထိပြီး တခါတည်း ဆင်းသွားတယ်။ အစအနတွေတော့ လိုက်ရှာနေတုန်း။ မောင်းတဲ့သူရော သေသွားမယ်ထင်တယ်။ အမိအရ ပစ်လိုက်နိုင်တာ”လို့ AA သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
အဲဒီလို ပါရာမော်တာတစီး ပစ်ချလိုက်တာနဲ့ ပက်သက်လို့ AA ဘက်ကတော့ တရားဝင်ထုတ်ပြန်တာတော့မရှိသေးပါဘူး။
အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့နယ်အတွင်း ပင်လယ်ပြင်ရှိ စစ်တပ်ရဲ့ Frigate (ဖျက်သင်္ဘော)တစီးအပါအဝင် စစ်သင်္ဘော ၃ စီးကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ရေနစ်သွားအောင်ထိ တိုက်ခိုက်၊ ဖျက်ဆီးပြီး လေးရက်အကြာမှာပဲ စစ်တပ်ပါရာမော်တာတစီး ကို ထပ်မံပစ်ချ၊ ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလတုန်းကလည်း စစ်တပ်ရဲ့ရဟတ်ယာဥ်တစ်စီးကို AA ကပစ်ချခဲ့တာကို သတင်းဓါတ်ပုံထုတ်ပြန်ခဲ့ဖူးပါတယ် ။ဒါပေမယ့် ဘယ်တိုက်ပွဲမှာ ပစ်ချခဲ့တယ်ဆိုတာကိုတော့ အသေးစိပ်မထုတ်ပြန်ပါဘူး။ဒါအပြင် ၂၀၂၄ နိုဝင်ဘာ ၁၀ ရက်က အမ်းတိုက်ပွဲအတွင်းမှာလည်းစစ်တပ်ရဟတ်ယာဥ်လေးစီးကို ပစ်ချတာမှာ ၁ စီးကိုထိမှန်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လူထုနွေဦးကိုပြောခဲ့ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အပြင် ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း နတ် ရေကန်ဝန်းကျင်၊ မကွေးတိုင်း မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့အတွင်း စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိနာနေပြီး စစ်တွေမြို့နယ်မှာ တပ်စခန်း ၁၃ ခု လက်လွှတ်ရပြီး စစ်သင်္ဘော ၅ စီး ထက်မနည်းဖျက်ဆီးခံရကာ စစ်တွေအစပ် ပေါက်တောမြို့နယ်ကစခန်း၁ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု တို့ကိုလည်း စစ်တပ်ကလက်လွှတ်ထားရပါတယ်။




















































