■ARSA ၊RSO အဖွဲ့တွေကို ကူညီနေတဲ့(BGB)
အရာရှိတွေကိုအမြန်ဖော်ထုတ်အရေးယူပေးရန်နဲ့နှစ်ဖက်ပြေလည်စေမယ့် နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီးပူးပေါင်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ULA/AA အကြံပြု
စက်တင်ဘာ-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်(AA)ရဲ့ စခန်းကို ARSA အဖွဲ့က တိုက်ခိုက်လာတဲ့ ဖြစ်ရပ်ကို AAက စက်တင်ဘာ ၂၇ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး ARSAဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ခဲယမ်းထောက်ပံ့မှု၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB) အရာရှိအချို့ရဲ့ အားပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေလုပ်ဆောင်နေတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Public Service Announcement

AA ရဲ့ထုတ်ပြန်ချက်မှာ ARSA ကို အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့လို့ ဖော်ပြထားပါတယ်။
“အဆိုပါ စစ်သွေးကြွ အကြမ်းဖက်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ၍ နတ်မြစ်နှင့်မယူတောင်တန်း လမ်းကြောင်းများမှတစ်ဆင့် အာရက္ခပြည်၊ မောင်တောခရိုင်အတွင်းသို့ ဝင်ရောက်ကာ နယ်စပ်ရှိ အာရက္ခတပ်တော် လုံခြုံရေးစခန်းတချို့အား ဆက်တိုက် တိုက်ခိုက်လာသည့်နည်းတူ ဒေသခံအာရက္ခပြည်သူလူထုများကို လူပြတ်သော နေရာများ၌ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခြင်း၊ အနိုင်ကျင့် ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းတို့ကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိကြသည်” လို့ AAက ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ဒေသခံတွေကို သတ်ဖြတ်ပြီး အရပ်သားအလောင်းတွေကို AA ယူနီဖောင်း အစားထိုးဝတ်ဆင်ပေးပြီး ရုပ်သံ၊ ဓာတ်ပုံများထုတ်လွှင့်ကာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ် ဖျောက်ဖျက်ဖို့ ကြိုးစားအားထုတ်နေပြီး တိုက်ပွဲတွေအတွင်း AA ဘက်က ကျဆုံး တပ်ဖွဲ့ဝင် တွေဖြစ်တယ်လို့ လိမ်လည် ဝါဒဖြန့်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၆ရက်က မောင်တောနယ်စပ် တမန်းသားရွာနဲ့ ဒုံးညိုရွာက ရွာသား (၁၀) ဦးခန့်ကို ARSAက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဥပမာပေး ဖော်ပြပါတယ်။
စက်တင်ဘာ ၁၆ရက်ကARSA က မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) အကြား “ပွိုင့် (၆၀၁) ကုန်း” ရှိ AA စခန်းနဲ့ ဒုံးညိုရွာအနီးရှိ“ဒုံးညိုစခန်း” အား သိမ်းပိုက်ရယူဖို့ ထိုးဖောက်လာ တာ၊ ဘင်္ဂလားဘက်အခြမ်းမှ နှောင့်ယှက်ပစ်ခတ်တာ၊ ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတာ၊ ဒရုန်းနဲ့ ကင်းထောက်တာ၊ စစ်ကူလာမယ့် နေရာအချို့ကို ဖြတ်တောက် ပိတ်ဆို့ထားတာ စတဲ့ စခန်းသိမ်းဖို့ တိုက်ခိုက်မှုတွေ လုပ်လာတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီ AA ရဲ့ နယ်စပ်စခန်းဟာ စစ်ကူရောက်ဖို့ အနည်းငယ်ခက်သလို AAအနေနဲ့ စစ်တွေမြို့၊ ကျောက်ဖြူမြို့အပါအဝင် အာရက္ခဒေသနဲ့ နယ်မြေ ဆက်စပ်လျက်ရှိသော အခြားသောနေရာ (၃) ခုမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတာကို ARSA ၊ RSOအဖွဲ့တွေက အခွင့်ကောင်းယူ ပြီး AA စခန်းတွေကို တိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။ အဲဒီလို AA စခန်းကို တိုက်ခိုက်လာတဲ့ ARSA၊ RSO တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိပြီး အဲဒီအဖွဲ့တွေကို စစ်ကောင်စီက လက်နက်ခဲယမ်း ထောက်ပံ့နေတယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၆ရက် ညနေမှာ AA ရဲ့ ပွိုင့်(၆၀၁) စခန်းကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြး AAရဲ့ တန်ပြန်ထိုးစစ်၊ ခုခံစစ်တွေနဲ့အတူ စစ်ကူတွေရောက်လာချိန် ARSA အဖွဲ့ဝင်တွေအားလုံး ထွက်ပြေးသွားကြလို့ လိုက်လံရှင်းလင်းနေကြောင်း၊ တိုက်ပွဲငယ်တွေဆက်ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။
မနေ့က စက်တင်ဘာ ၂၇ရက်မှာ ARSAနဲ့ AA အကြား နေရာ ၆ခုမှာ တိုက်ပွဲ ၁၂ ကြိမ်အထက်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပြီး ARSA တပ်ဖွဲ့ဝင် အလောင်းတချို့၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းဖို့ အထမမြောက်တဲ့အပြင် စခန်းကိုဘယ်တုန်းကမှ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းမရှိကြောင်း ၊ တပ်စခန်းဟာ AAထိန်းချုပ်မှုအောက် အပြည့်အ၀ ရောက်ရှိနေပြီး အခုအချိန် စခန်း အနီး ဝန်းကျင် ARSA အဖွဲ့ဝင် တဦးမှ မရှိတော့ဘူးလို့ အသိပေးပါတယ်။
ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ မူဆလင်မဟုတ်တဲ့ ရခိုင်အပါအဝင် အခြားသောမျိုးနွယ်စု အချို့တွေကို ARSA၊ RSO အဖွဲ့က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ဟာ စက်တင်ဘာလလယ်မှာ ဖြစ်စဉ် ၃ခုထက်မနည်းရှိခဲ့တယ်လို့လည်း AAက ထုတ်ပြန်ပါတယ်။
ARSA၊ RSOဟာ စစ်ရေး၊ ထောက်ပံ့ရေး အကူအညီများကို အပြည့်အဝ ရယူထားရုံသာမက BGB စခန်းများအနီးမှာပဲ သူတို့ရဲ့ စခန်းအချို့ အခိုင်အမာ အခြေစိုက်တပ်စွဲခွင့်ရရှိထားပြီး အဲဒီကနေ တဆင့် အာရက္ခဒေသအတွင်းသို့ ဝင်ရောက် အကြမ်းဖက်လှုပ်ရှားနေကြောင်း ဖော်ပြထားပါတယ်။
ARSA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)မှအစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးတဲ့ အကျင့်ပျက် အရာရှိတချို့ရဲ့ အားပေးထောက်ခံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုရရှိထားတယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ အခိုင်အမာ အခြေစိုက်တပ်စခန်းချလျက် အာရက္ခပြည်အတွင်းသို့ ဝင်ရောက်ကာ အာရက္ခပြည်သူများအား ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ပြီး မိမိတို့၏ နယ်စပ်လုံခြုံရေး တပ်စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်သော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအဖွဲ့များအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီ၊ အားပေးအားမြှောက်ပြုနေသည့် အိမ်နီးနားချင်း တစ်ဖက်နိုင်ငံမှ အစွန်းရောက်စစ်သွေးကြွဝါဒ အားပေး အကျင့်ပျက် BGB မှ အရာရှိတချို့နှင့် စစ်သွေးကြွလှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြသောသူ တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အမြန်ဆုံးဖော်ထုတ်အရေးယူသင့်ပေသည်” လို့လည်း AA က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရကအရေးယူထိန်းကျောင်းမှုမရှိဘဲ လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံရေးတို့ကို ထိခိုက်စေနိုင်သလို နှစ်ဖက်တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်မှာ တကျော့ပြန်စခန်းထလာသော ARSA၊ RSO အကြမ်းဖက်လှုပ်ရှားမှု အန္တရာယ်ဟာ အာရက္ခဒေသတွင်းနေ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေတဲ့အပြင် ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်ရာရောက်နေတယ်လို့ AAက ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွေ အနေနဲ့လည်း သေချာစောင့်ကြည့်ဝိုင်းဝန်းစောင့်ကြပ် ထိန်းသိမ်းပေးစေလိုကြောင်း AAက ထုတ်ပြန်ပါတယ်။
ဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အဖွဲ့အစည်းအကြား နှစ်ဖက်ပြေလည်စေမယ့် နည်းလမ်းတွေ အမြန်ဆုံး ရှာဖွေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာ ဦးစားပေးလုပ်ဆောင်သင့်ကြောင်းလည်း AAက အကြံပြုထားပါတယ်။
ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့်လည်း ယခုဖြစ်ရပ်တွေအပေါ် သေချာစောင့်ကြည့်ပြီးတော့ ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုတယ်လို့လည်းဖော်ပြထားပါတယ် ။


















































