Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ဆွီဒင်က ခေတ်မီ တိုက်လေယာဉ် အစီး ၁၅၀ ရောင်းချပေးဖွယ်ရှိ

ယူကရိန်းဟာ ဆွီဒင်ဆီက ခေတ်မီ နည်းပညာမြင့် တိုက်လေယာဉ် အစီး ၁၅၀ ထိ ဝယ်ယူခွင့် ရလာနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်းဟာ ဆွီဒင်ဆီက ခေတ်မီ နည်းပညာမြင့် တိုက်လေယာဉ် အစီး ၁၅၀ ထိ ဝယ်ယူခွင့် ရလာနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ဝင် ဆွီဒင်က ယူကရိန်းအတွက် Gripen-E အမျိုးအစား တိုက်လေယာဉ် အစီး ၁၀၀ ကနေ ၁၅၀ ကြားလောက်ထိ ရောင်းချပေးသွားဖို့ ဆန္ဒရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါဟာ အနောက် မဟာမိတ် နိုင်ငံတွေထဲမှာ ယူကရိန်းဆီ တိုက်လေယာဉ်တွေ အလုံးအရင်း ထောက်ပံ့ရောင်းချပေးဖို့ ပထမဆုံး စကားကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းဟာ သက်တမ်း အိုဟောင်းနေတဲ့ တိုက်လေယာဉ်တွေကို မှီခိုရင်း အရွယ်အစား အနေနဲ့လည်း သေးငယ်တဲ့ လေတပ်ကို ချဲ့ထွင်ဖို့ အပူတပြင်း ဆန္ဒရှိနေပါတယ်။ ဒီတော့ Gripen-E တိုက်လေယာဉ်တွေသာ ရာနဲ့ချီ ဝယ်ယူခွင့် ရလာမယ်ဆိုရင် ယူကရိန်း လေကြောင်းကာကွယ်ရေး စွမ်းရည်ကို ထိထိရောက်ရောက် မြှင့်တင်နိုင်မယ့် သဘောပါ။

အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆွီဒင် ဝန်ကြီးချုပ် အဲ့လ်ဖ် ခရစ္စတာဆန်တို့ဟာ နှစ်နိုင်ငံ လက်နက်အရောင်းအဝယ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု သဝဏ်လွှာ တစ်စောင်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ တိုက်လေယာဉ် အစီး ၁၀၀ ကနေ ၁၅၀ ကြား ရောင်းချရေး၊ အရောင်းအဝယ် စာချုပ်ရဲ့ တန်ဖိုးနဲ့ လေယာဉ်တွေ ပို့ဆောင်မယ့် သတ်မှတ်ကာလ စတာတွေကို နောက်တစ်ဆင့် ညှိနှိုင်းဖို့ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ ဒီညှိနှိုင်းမှုတွေဟာ အပြီးသတ်အဆင့် မရောက်သေးပေမယ့် လက်တွေ့ အထမြောက်သွားမယ်ဆိုရင် ခေတ်မီ တိုက်လေယာဉ်တွေ အရေးတကြီး လိုအပ်နေတဲ့ ယူကရိန်း အတွက်သာ မကဘဲ ဥရောပတိုက်နဲ့ NATOရဲ့ လုံခြုံရေး ကဏ္ဍအတွက်ပါ အထင်ကရ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ အသီးသီး မှတ်ချက်ပေးခဲ့ပါတယ်။

ယူကရိန်းနဲ့ ဆွီဒင်ဟာ အမှန်တကယ် ထူးခြားပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းကူးဆက်ဆံရေး မျက်နှာစာသစ် တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်ကြောင်း၊ ဒါ့အပြင် ဥရောပတိုက် တစ်ခုလုံးနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးသစ် တစ်ခုကို အစပျိုးခြင်းလည်းဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ခရစ္စတာဆန်ကလည်း ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးဟာ ယူကရိန်းရော၊ ဆွီဒင်နဲ့ ဥရောပကိုပါ ပိုမို အားကောင်း ခိုင်မာစေလိမ့်မယ်လို့ ပြောပါတယ်။

ယူကရိန်းဟာ ၂၀၂၂ ခုနှစ်တုန်းက အိမ်နီးချင်း စူပါပါဝါနိုင်ငံ ရုရှားရဲ့ ကျူးကျော်မှုကို ခံရချိန်မှာ ဆိုဗီယက်ခေတ်က ထုတ်လုပ်တဲ့ တိုက်လေယာဉ် အဟောင်းအနွမ်းတွေကိုသာ အသုံးပြုပြီး ခုခံခဲ့ရပါတယ်။ ယူကရိန်း လေတပ်ရဲ့ တိုက်လေယာဉ် ပိုင်ဆိုင်မှုဟာ စစ်ပွဲကာလမှာ မြန်မြန်ဆန်ဆန် ဆုတ်ယုတ်လာတဲ့နောက် NATO နိုင်ငံတွေဆီက အမေရိကန်လုပ် F-16 တိုက်လေယာဉ် အဟောင်းတွေကို ဝိုင်းဝန်း ထောက်ပံ့ ပေးပို့ခဲ့ပါတယ်။ ပြင်သစ်ကလည်း ပြည်တွင်းဖြစ် Mirage တိုက်လေယာဉ်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့တော့ ရုရှားရဲ့ လေကြောင်းအင်အား အသာစီးယူ စိုးမိုးနိုင်စွမ်းကို ချေဖျက်ဖို့ မလုံလောက်ခဲ့ပါဘူး။

ဆွီဒင် ကုမ္ပဏီ Saabက ထုတ်လုပ်တဲ့ Gripen-Eတွေဟာ ယူကရိန်းရဲ့ စစ်ရေးလိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံး ဖြစ်နိုင်တယ်လို့ လက်နက်ပါရဂူတွေက သုံးသပ်ကြပါတယ်။ Gripen-Eတွေကို ခေတ်နဲ့အညီ စဉ်ဆက်မပြတ် မွမ်းမံ အဆင့်မြှင့်မှုတွေ လုပ်ဆောင်လာခြင်းကလည်း ကမ္ဘာပေါ်မှာ အလေးစားရဆုံး တိုက်လေယာဉ် အမျိုးအစားတစ်ခု ဖြစ်လာစေပါတယ်။ Gripen-Eတွေမှာ ရေဒါစနစ်နဲ့ ဆက်သွယ်ရေးစနစ် အသစ်တွေ၊ ပိုမိုကောင်းမွန်တဲ့ အာရုံခံ ထောက်လှမ်းမှု စနစ်တွေ၊ ကွဲပြားစုံလင်တဲ့ လက်နက် တပ်ဆင်မှုတွေ ပေါင်းစပ် ပါဝင်လာပါတယ်။ ပြီးတော့ ပစ်မှတ်ရှာဖွေ ထောက်လှမ်းမှုနဲ့ တခြားစွမ်းဆောင်ရည်တွေမှာ ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့ပါ ပေါင်းစပ်ထားတယ်လို့ Saabက ဆိုပါတယ်။

လေယာဉ်မှူး တစ်ဦးတည်းက ထိန်းချုပ်မောင်းနှင်တဲ့ Gripen-Eတွေဟာ နောက်ဆုံးပေါ် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေလိုမျိုး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth)စွမ်းရည် မပါဝင်ပေမယ့် တိုက်ပွဲဝင်နိုင်စွမ်း၊ လှုပ်ရှားစစ်ကစားနိုင်စွမ်းနဲ့ တခြား အရည်အသွေးတွေမှာတော့ ထိပ်ဆုံးတန်း အဆင့်မျိုး ရှိနေပါတယ်။

အရောင်းအဝယ်ကိစ္စ သဘောတူညီမှု ရရှိလာမယ်ဆိုရင် ဆွီဒင်ဟာ ယူကရိန်း တိုက်လေယာဉ်မှူးတွေကို မျိုးဆက်ဟောင်း Gripen တိုက်လေယာဉ်တွေနဲ့ ကနဦး လေ့ကျင့်မှုတွေ စတင်ရမှာပါ။ ယူကရိန်းကိုတော့ Gripen-Eတွေ ပို့ဆောင်မှုဟာ လာမယ့် ၃ နှစ်လောက်မှ အစပြုနိုင်ဖွယ် ရှိပါတယ်။ ဇီလန်စကီးကတော့ နောက်နှစ်လောက်မှာတင် တိုက်လေယာဉ် အသစ်တွေ စတင်သုံးစွဲနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။ အခုအချိန်မှာတော့ Gripen တိုက်လေယာဉ်တွေ ရရှိရေးဟာ ယူကရိန်းအတွက် ဦးစားပေးအဆင့် ဖြစ်လာပြီလို့ သူက ဆိုပါတယ်။

Gripen မျိုးကွဲ တိုက်လေယာဉ်တွေကို ဆွီဒင်၊ ဘရာဇီး၊ ချက်၊ ဟန်ဂေရီ၊ တောင်အာဖရိကနဲ့ ထိုင်းလေတပ်တွေက ပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ ယူကရိန်းသာ အစီး ၁၅၀ ထိ မှာယူဖြစ်ခဲ့မယ် ဆိုရင်တော့ ကမ္ဘာပေါ်မှာ အဲဒီ တိုက်လေယာဉ်တွေကို အရေအတွက် အများဆုံး အသုံးပြုတဲ့ နိုင်ငံတစ်ခုအနေနဲ့ စာရင်းဝင်လာမယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။