Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘တဲအိမ်လေးထဲက စာအုပ်တွေ’

တဲသာသာအိမ်လေးထဲမှာ အဖေနဲ့ ညီလေးနေကြတယ်။ သူတို့နဲ့အတူ ခွေးမလေးတကောင်လဲရှိတယ်။ ဒီအိမ်လေးထဲမှာ စာအုပ်တွေမြောက်များစွာ‌ရှိနေတာကို ဘယ်သူကမှ မသိကြပါဘူး။

◼️တာပလု

တဲသာသာအိမ်လေးထဲမှာ အဖေနဲ့ ညီလေးနေကြတယ်။ သူတို့နဲ့အတူ ခွေးမလေးတကောင်လဲရှိတယ်။ ဒီအိမ်လေးထဲမှာ စာအုပ်တွေမြောက်များစွာ‌ရှိနေတာကို ဘယ်သူကမှ မသိကြပါဘူး။

ယိုင်ယိုင်နဲ့နဲ့ အိမ်ကလေး‌ထဲမှာ အဖိုးတန်စာအုပ်တွေရှိနေတယ်။ အဲ့ဒီအကြောင်း ဘယ်သူကမှမသိသလို၊ အဲ့ဒီအိမ်ထဲက သားအဖနှစ်ယောက်လဲ စာအုပ်တွေကို ယူဖတ်ရမယ်ဆိုတာကို သိချင်မှသိမယ်ထင်ပါတယ်။ အဖေကိုပြောပါတယ်။ ဈေးဖိုး သုံးဖို့လိုတဲ့အခါ စာအုပ်တွေကို ထုတ်ရောင်းလို့ရတယ်လို့ပြောတော့ မရောင်းဘူးတဲ့။ တချို့စာအုပ်တွေက ထပ်မထုတ်တော့တာ ရှိနိုင်တယ်။ အဲ့ဒီလိုထပ်မထုတ်တော့တဲ့ စာအုပ်မျိုးဆို သူများရောင်းလိုက်လို့ မဖြစ်ဘူးဆိုပြီး ပြောပါတယ်။

ကျနော့အနေနဲ့လဲ စာအုပ်တွေကို အခုလိုသိမ်းဆည်း သိုလှောင်ထားတာကို သဘောကျပါတယ်။ တနေ့နေ့ အိမ်ပြန်ရောက်ရင် တချိန်ကစုဆောင်းခဲ့သမျှ စာအုပ်တွေကို ပြန်တွေ့ရမှာမို့ အဖေပြောတာကို လက်ခံခဲ့ပါတယ်။ မိတ်ဆွေ အယ်ဒီတာတဦးရဲ့ မှတ်ချက်စကားတခုကြောင့် အဲ့ဒီလိုစာအုပ်တွေကို သိမ်းဆည်းသိုလှောင်ထားတာ စိတ်ထဲမလုံမလဲ ဖြစ်လာတယ်။

Public Service Announcement

Public Service Announcement

“စာအုပ်တွေဆိုတာ စာဖတ်တဲ့သူလက်ထဲရှိနေမှ အသက်ရှိနေတာ၊ စာဖတ်တဲ့သူရဲ့ လက်ထဲမှာ ရှိမနေရင် စာအုပ်တွေ သေသွားတာပဲ။ စာအုပ်တွေအသေမခံနဲ့ဗျာ”တဲ့။

ကျနော်ကိုယ်တိုင် ကျနော့်စာအုပ်တွေကို အသေခံပြီး ထားနေရော့သလားဆိုတာ အတွေးရောက်လာတယ်။ တကယ်တော့ အဖေက စာအုပ်တွေသာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတာပါ။ စာအုပ်တွေကို ယူမဖတ်ပါဘူး။

သူဖတ်တဲ့စာအုပ်က တအုပ်ထဲပဲ။ တအုပ်ထဲသောစာအုပ်မှာ စာမျက်နှာတခုထဲကိုပဲ အဖေက အကြိမ်ကြိမ် ဖတ်နေတဲ့သူပါ။ တခြားစာအုပ်တွေကို ယူဖတ်သလားဆိုတော့လဲ မဖတ်ပါဘူး။

အဖေက စာအုပ်တွေသာ ယူဖတ်နေတယ်ဆိုရင် စာအုပ်တွေ အသက်ဝင်နေမှာပါ။ အခုတော့ ကျနော့စာအုပ်တွေ ပလပ်စတစ်ပုံးထဲမှာ၊ သစ်သားသေတ္တာပုံးထဲမှာ အသံတိတ်နေကြတာ ကြာပါပြီ။ သူတို့နဲ့ကျနော် ဘယ်အချိန်မှာများ ပြန်ဆုံနိုင်မလဲဆိုတာလဲ မသေချာခြင်းတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

စာအုပ်တွေကို အသက်သွင်းပေးဖို့ ကျနော် တနည်းမဟုတ်တနည်း ကြိုးစားကြည့်တာလဲ မရပါဘူး။ တယောက်ယောက်က အဖေသိုလှောင်သိမ်းဆည်းထားတဲ့ နေရာကနေယူပြီး တနေရာရာကို ပို့ဆောင်ပေးတာမျိုး လုပ်ပေးစေချင်တာတော့အမှန်ပါ။ ဘယ်သူနဲ့မှတော့ အခွင့်မကြုံကြိုက်သေးပါဘူး။

အဖေက စာအုပ်ပုံးတွေဘေးမှာ အိပ်ပါတယ်။ စာအုပ်တွေက သူနဲ့မဆိုင်သလိုပါပဲ။ ရှေ့နှစ်တွေက အဖေ စာလေးဘာလေး ဖတ်ပါလားလို့ ပြောတော့ ဖတ်တယ်လေ၊ မန်းရှာစာအုပ်ပဲဖတ်တယ် တခြားစာအုပ်တွေ မဖတ်ဘူးတဲ့။

သူဖတ်တဲ့ “မန်းရှာ” စာအုပ်ဆိုတာ ကျနော်ဝယ်လာခဲ့တဲ့စာအုပ်ပဲ။ ခေတ်ကောင်းချိန်လေးတဖြတ်မှာ ရန်ကုန် “တော်ဝင်နှင်းဆီ” ဟိုတယ်မှာ ပဒိုမန်းရှာ ကွယ်လွန်ခြင်း ဘယ်နှနှစ်မြောက်လဲမမှတ်‌မိတော့ပါဘူး။ အဲ့ဒီပွဲမှာ ဝယ်လာခဲ့တာ။ စာအုပ်ကလေးက အခုတော့ ခပ်နွမ်းနွမ်းတောင်ဖြစ်လို့လာပါပြီ။

အဖေက အဲ့ဒီစာအုပ်ကို ဖတ်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ တရက်တော့ အိမ်ပြန်ရောက်သွား‌တယ်။ အဖေက စာအုပ်တအုပ်ကိုပဲ အထပ်ထပ်ဖတ်နေတာဆိုတော့ တချို့ကို အလွတ်နီးနီးရရောပေါ့ဆိုတဲ့ စိတ်အထင်နဲ့ အဖေ့ကို စာအုပ်ထဲက အကြောင်းတချို့ ပြောကြည့်လိုက်တာ အဲ့ဒီအကြောင်းကို သူမသိဘူးတဲ့။

အဖေဖတ်နေတဲ့ စာအုပ်ထဲမှာပါတယ်လေ။ အဲ့ဒီ “မန်းရှာ”စာအုပ်ထဲမှာ အဲ့ဒီအကြောင်းပါတယ်။ အဖေက ဒီစာအုပ်ကို ခဏခဏပြန်ဖတ်နေတာဆိုတော့ အဲ့ဒီအခန်းကို မှတ်မိနေမလားမေးကြည့်တာလို့ ပြောတော့။

“ငါစာအုပ်တအုပ်လုံးကို ဖတ်တာမဟုတ်ဘူး”တဲ့။

စာအုပ်တအုပ်လုံးကို ဖတ်တာမဟုတ်ဘူးဆိုတော့ ဘယ်နေရာကို ဖတ်နေတာလဲဆိုတာကို သူ့ကိုထပ်မေးလိုက်တယ်။

“စာအုပ်တအုပ်လုံးကို ဖတ်တာမဟုတ်ဘူး၊ ပဒိုမန်းမန်းရှာရဲ့အကိုအကြောင်းပဲဖတ်တာ”လို့ ပြန်ပြောပါတယ်။

ပြီးတော့ ပဒိုမန်းရှာရဲ့အကိုက သူ့ညီလေး ကျနော့်ဦးလေးကို စာသင်ပေးခဲ့တာတဲ့။ အဖေကဒီအကြောင်းတွေကို ခဏခဏပြောတယ်။ တခါတခါ သူစာအုပ်ကိုင်ချိန် တနေရာကနေ အမှတ်တမဲ့ကလေး လှမ်းကြည့်နေရင် အဖေဟာ အဲ့ဒီစာမျက်နှာကိုပဲ လှန်ပြီးဖတ်နေတာမျိုး တွေ့ရပါတယ်။

စာအုပ်တအုပ်လုံးမှာမှ စာမျက်နှာတခုမှာ အသားသေသလောက်ရှိလာတဲ့ စာရွက်အခေါက်ကလေးရှိပါတယ်။ အဲ့ဒါအဖေဖတ်တဲ့ စာမျက်နှာပါပဲ။ အဖေဟာ အဲ့ဒီစာမျက်နှာကို ဘယ်နှကြိမ်မြောက် ပြန်ဖတ်ဖြစ်နေလဲတော့ မပြောတတ်ပါဘူး။

ကျနော်တို့ညီအကိုတွေ အိမ်ပြန်ရောက်ကြတဲ့အခါမျိုးမှာ သူစာအုပ်ကို လှမ်းကိုင်ပါတယ်။ ပြီးတော့ သူဖတ်နေကြ စာမျက်နှာတခုကိုပဲ အာရုံစူးစိုက်ဖတ်တာကို တွေ့ရပါတယ်။ စာအုပ်ကိုလဲ အကြာကြီးမကိုင်ထားပါဘူး။ သူဖတ်ချင်တဲ့နေရာလေး ဆုံးရင် စာအုပ်ကို အသာလေးပြန်ချထားလိုက်တာပါပဲ။

တကယ်တော့ အဖေဖတ်တဲ့ စာမျက်နှာလေးက စာနှစ်မျက်နှာတောင် မရှိတတ်ပါဘူး။ ပဒိုမန်းရှာအကြောင်းကို အမှတ်တရရေးသားထားကြတာ။ ပဒိုမန်းရှာရေးသားခဲ့တဲ့ ကဗျာတွေနဲ့ တခြားစာမူတွေက အများဆုံးပါ။ အဲ့ဒီထဲကမှ ပဒိုမန်းရှာရဲ့မိသားစုဝင်အကြောင်းလေးတွေကို စပ်ကျဉ်းစပ်ကျဉ်း ပါတာ။ အဲ့ဒီစပ်ကျဉ်းထဲကမှ ပဒိုမန်းရှာရဲ့အကိုအကြောင်းကလေး ပါလာတာဖြစ်ပါတယ်။

အဖေက ဘာလို့ဒီစာမျက်နှာကိုပဲ အကြိမ်ကြိမ်ဖတ်နေရတာလဲ။ ကျနော့်ကိုကျနော် အကြိမ်ကြိမ်ပြန်မေးမိတဲ့ စကားပါပဲ။ အဖေရယ် တခြားစာအုပ်လေးတွေလဲ ဖတ်ကြည့်ပါလားလို့ပြောတော့

“မဖတ်ဘူးကွ၊ ငါဒီစာအုပ်တအုပ်ထဲဖတ်မှာ”တဲ့။ ဘယ်လိုပဲ တခြားစာအုပ်တွေကို ဖတ်ဖို့ပြောပြော အဖေပြန်ပြောတတ်တဲ့စကားပါပဲ။ ဘယ်လိုမှ စည်းရုံးလို့ မရမှန်းသိတော့ အဖေ့ကို တခြားစာအုပ်တွေဖတ်ဖို့ မစည်းရုံးတော့ပါဘူး။

အဖေက ၄ တန်းကျောင်းသားဘဝနဲ့ စာသင်ခန်းထဲကနေ ထွက်လာခဲ့ရတယ်။ Broken Family ကလာတဲ့အဖေ့အတွက် ညီတွေ၊ ညီမတွေ ပညာသင်ဖို့အရေးကိုသာ ဦးစားပေးခဲ့ရသူ ဖြစ်ပါတယ်။ သူပညာတတ်ဖို့ထက် သူ့ညီတွေ၊ ညီမတွေ ပညာတတ်အောင် စာသင်ခန်းကထွက်ပြီး အလုပ်ထွက်လုပ်ခဲ့ရတယ်။ သူ့ညီတွေ၊ ညီမတွေကို ပညာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေကိုတော့ သူအခုချိန်ထိ မှတ်မိနေပါသေးတယ်။

သူ အဲ့ဒီဆရာ၊ ဆရာမတွေဆီမှာ ပညာသင်ခွင့်ရဖို့ စိတ်ကူးရင်ခဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ တခါတခါ ကျနော်တို့ကိုပြောတဲ့ စကားတွေထဲမှာ အဲ့ဒါ ညီလေးကိုသင်ခဲ့တဲ့ ဆရာပေါ့ကွာ။ အဲ့ဒါညီမလေးကို သင်ခဲ့တဲ့ ဆရာမပေါ့လို့ ပြောတတ်ပါတယ်။ သူ့ညီတွေ၊ ညီမတွေကို ဘယ်ဆရာ၊ ဆရာမတွေ ပညာသင်ခဲ့သလဲဆိုတာ အခုအချိန်ထိ မှတ်မိနေသူပါ။

“မန်းရှာ”စာအုပ်လေးထဲက ပဒိုမန်းရှာရဲ့အကိုဟာ သူ့ညီ ကျနော့်ဦးလေးကို စာသင်ပေးခဲ့သူတယောက်ဖြစ်တယ်။ အဲ့ဒီဆရာတယောက်ရဲ့အကြောင်းကို သူခဏခဏဖတ်ပြီး ဘာတွေများစိတ်ကူးယဉ်နေလဲ ကျနော် ဘယ်လိုသိနိုင်ပါ့မလဲ။

သူ အဲ့ဒီဆရာဆီမှာ ပညာတွေသင်ခဲ့ဖူးချင်တာလား။ ဒီလို ပဒိုမန်းရှာလို အထင်ကရပုဂ္ဂိုလ်တဦးရဲ့ အကိုဆီမှာ ညီဖြစ်သူကို ပညာသင်ခွင့်ရအောင် ကြိုးစားပေးခဲ့တာကို ဂုဏ်ယူနေသလားဆိုတာတော့ မပြောတတ်ပါဘူး။

အခုဆိုရင် “မန်းရှာ”စာအုပ်လေးဟာ စာအုပ်အဖုံးက တွန့်ကြေ နွမ်းဖတ်လို့နေပါပြီ။ စာအုပ်အရှေ့ဖုံးမှာ “မန်းရှာ” ဆိုတဲ့ ကာလာအစိုနဲ့ စာလုံးလေးတောင် မှိန်ဖျော့လို့နေပါပြီ။ အဲ့ဒီစာအုပ်လေးက အဖေအိပ်တဲ့ အိပ်ယာနံဘေးက သစ်သားသေတ္တာလေးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေး နေရှာပါတယ်။

အဖေယူဖတ်မယ့်အချိန်ကို သူစောင့်နေရှာတာလဲဖြစ်နိုင်ပါတယ်။ အဖေ စာဖတ်ချင်စိတ်ပေါ်လာတဲ့အခါ အဲ့ဒီစာအုပ်ကို ယူကိုင်မယ်။ ပြီးတော့ သူဖတ်နေကြစာမျက်နှာကို လှန်လိုက်မယ်။ သူဖတ်ချင်တဲ့ အကြောင်းကိုပဲ ဖတ်မယ်။ သူဖတ်ချင်တာလေး စာကြောင်းရေဆုံးသွားတဲ့အခါ စာအုပ်ကို သူ့နေရာမှာပြန်ထားမယ်။

စာအုပ်တွေကို ကွယ်ဝှက်ထားရမယ်ဆိုတဲ့ အသိကို သူဘယ်ကရခဲ့လဲတော့မသိပါဘူး။ ခေတ်ကာလအခြေအနေက စာအုပ်တွေရှိနေတာ လူသိခံလို့မဖြစ်ဘူးဆိုတာကို ဘယ်သူက ပြောလိုက်တာလဲတော့မသိပါဘူး။ အဖေဟာ စာအုပ်တွေကို ကွယ်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။

အဖေ့ကို ပြောပြပါသေးတယ်။ အဖေရေ စာအုပ်တွေက ဝတ္ထုတွေ၊ ကဗျာတွေကများပါတယ်။ နိုင်ငံရေးအကြောင်းရယ်လို့ မရှိသလောက်ပါပဲ။ စာအုပ်တွေရှိနေလို့ စိတ်မပူဖို့ပြောထားပေမယ့် အဖေက စာအုပ်တွေကို ဝှက်ထားဖို့ကိုသာ လုပ်ပါတော့တယ်။

ညတညမှာ စာအုပ်တွေကို ပီနံအိပ်တွေထဲထည့်ပြီး သစ်သား သေတ္တာပုံးထဲတခါထည့်လိုက်ပါတယ်။ တနေရာမှာတော့ ကျင်းနက်နက်တခုကို တူးလိုက်ပါတယ်။ တူးထားတဲ့ကျင်းထဲ စာအုပ်ထုတ်တွေထည့်ထားတဲ့ သေတ္တာကို မြှုပ်ထားလိုက်ပါတယ်။

ဘယ်သူမှမမြင်ချင်လို့ ညအချိန်ကြီး စာအုပ်‌‌တွေ ထားဖို့ ကျင်းတူးနေတုန်းမှာ လူတယောက်က ဘယ်‌ကရောက်လာမှန်းမသိဘဲ သူ့အနားရောက်လာလို့ လန့်သွားတဲ့အကြောင်း ပြောပါသေးတယ်။ အဲ့ဒီလူက အဖေနဲ့ အိမ်တအိမ်မှာ ညီအကိုလိုနေခဲ့ဖူးကြတဲ့ သူတယောက်ဖြစ်လို့ စိတ်မပူရတော့တဲ့အကြောင်းပြောပါတယ်။ သူ့ကိုပါ ကျင်းဝိုင်းတူးခိုင်းလိုက်ပါသေးတယ်။

အဲ့ဒီလူက အံ့ဩတဲ့လေသံနဲ့ပြောသွားဝာာကိုလဲ အဖေက ဖောက်သည်ချပါတယ်။ “အကြီးကောင်ရဲ့စာအုပ်တွေက အဲ့လောက်တောင်များလား”တဲ့။ ဒါတောင်အကုန်မဟုတ်သေးဘူးလို့ အဖေကပြန်ပြောလိုက်ပါတယ်။ အဲ့ဒီညက ခြံရဲ့မလှမ်းမကမ်းနေရာလောက်မှာ စစ်သားတွေ ကင်းလှည့်နေရင်း သေနတ်ကို မိုးပေါ်‌ထောင်ပစ်သွားပါသေးတယ်။

ညတညမှာလည်း အဖေက သူထင်မထားတဲ့ဖြစ်ရပ်တခုနဲ့ ထပ်ပြီးကြုံရပါတယ်။ တောရွာတွေမှာ ည ၁၀ နာရီဆို လူခြေတိတ်နေပါပြီ။ ခေတ်ကာလအခြေအနေအရ တိတ်ဆိတ်ခြင်းကိုပဲ အားပြုနေကြရတယ်ပဲ ပြောရမှာပါ။

လူသုံးလေးယောက်က အိမ်နားရောက်လာတယ်။ သော့ခတ်ထားတဲ့ ခြံစည်းရိုးကိုလဲ ရိုက်ဖွင့်နေတယ်။ အဖေက အိမ်ထဲကနေပဲ အပြင်မထွက်ပါဘူး။ လက်ထဲမှာတော့ သူနှီးဖျာတဲ့နေရာမှာသုံးတဲ့ ဓားတချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။

ခြံစည်းရိုးရိုက်ဖွင့်သူကိုတော့ အိမ်ကခွေးမလေးက သဲကြီးမဲကြီးကိုဟောင်နေတော့တာ။ ခွေးဟောင်သံဟာ ဆူညံလို့နေတော့တာပဲ။ ခြံစည်းရိုးရိုက်ဖွင့်တဲ့ လူတယောက်နားက နောက်ထပ်တယောက်က စက်နဲ့လှမ်းပြောတဲ့အသံကို ကြားရတယ်။

“ကျနော်တို့ရောက်ပြီ၊ အဲ့ဒီလမ်းထဲကအိမ်ကို ရောက်နေပြီ”

တခြားတဖက်က‌နေ ပြန်ပြောတဲ့အသံက။

“အဲ့ဒီအိမ်မဟုတ်ဘူး၊ အိမ်မှားနေပြီ၊ သွားရမှာ မြင့်အောင်တို့အိမ်ကိုသွားရမှာ။ အခုရောက်နေတာ အောင်မြင့်တို့အိမ်။ အိမ်မှားနေတယ်” (နာမည်လွှဲရေးသားထားခြင်းဖြစ်သည်)

တဖက်က အိမ်မှားနေတဲ့အကြောင်းကို ပြောတော့ ပြန်ထွက်သွားကြတယ်။ အဖေကခြေသံတွေကိုပဲ အိမ်ထဲကနေ နားစွင့်နေတယ်။ ခြေသံတွေကို နားထောင်ကြည့်တာ လူအယောက်ပေါင်း မနည်းဘူးဆိုတာကို သိရတယ်။ သူတို့တွေက စစ်သားတွေလား။ ရဲတွေလားဆိုတာတော့ အတတ်မပြောနိုင်ခဲ့ပါဘူး။

အဖေကတော့ ပြောပါတယ်။ အိမ်ထဲရောက်တော့လည်း ဘာတွေ့မှာလဲ။ အိမ်ပေါ်မှာ စာအုပ်တွေကလွဲရင် ဘာမှမရှိဘူးလို့ ပြောပါတယ်။

စာအုပ်တွေဆိုတာ တခုခုနဲ့ မလွတ်ကင်းဘူးဆိုတာကို ဘယ်သူကသတ်မှတ်လို့ရနိုင်မှာလဲ။ မလွတ်ကင်းတဲ့အကြောင်းကို ဘယ်လိုပေတံမျိုးနဲ့ သတ်မှတ်လို့ရနိုင်လဲ။ သောက်မြင်ကပ်ပုဒ်မမျိုးနဲ့ တယောက်ယောက်က စာအုပ်တွေဆိုတာ ဥပဒေနဲ့မလွတ်ကင်းဘူးလို့ ပြောလာရင် လက်သင့်ခံနိုင်စရာအကြောင်း မရှိပါဘူး။

ကိုယ့်အိမ်ပေါ်မှာ ကိုယ်ကြိုက်ရာစာအုပ်ကို ထားခွင့်ရှိရမှာ။ ဖတ်ခွင့်ရှိရမှာ။ လွတ်လွတ်လပ်လပ် ကိုင်ဆောင်ထားရှိခွင့်ရှိရမှာပဲ။ စာအုပ်တွေဆိုတာ တယောက်ယောက်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေဖို့ တရားခံမဟုတ်ရပါဘူး။ စာအုပ်တွေက သူ့အတိုင်းလေးပဲ ရှိသင့်တဲ့အရာတွေ ဖြစ်ပါတယ်။

စာအုပ်တွေအသက်ဝင်ဖို့ဆိုတာ တယောက်ယောက်က လက်ထဲမှာ ကိုင်ဖတ်နေဖို့ လိုတယ်ဆိုတာကိုတော့ လက်ခံမိပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် စာအုပ်တွေဟာ ချောင်တချောင်မှာ တိတ်ဆိတ်အသက်မဲ့နေကြမှာ ဖြစ်ပါတယ်။

ဓနိမိုး၊ ထရံကာထားတဲ့ တဲအိမ်ကလေးဟာ စာအုပ်တွေကို ထမ်းပိုးထားပါတယ်။ အဲ့ဒီအိမ်ကလေးထဲမှာ အဘိုးအိုအရွယ် လူတယောက်၊ မြေးအရွယ် သားတယောက်နဲ့ ခွေးမလေးတကောင်ရှိပါတယ်။ သူတို့တွေက စာအုပ်ပိုင်ရှင် ပြန်လာမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘တာပလု’ ရေးဖွဲ့တဲ့ “တဲအိမ်လေးထဲက စာအုပ်တွေ” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...