စက်တင်ဘာ-၂၆၊ ၂၀၂၆။ တေဇ/People’s Spring
မြန်မာလေတပ်အမှုမှာ အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ရေးအတွက် အသုံးပြုနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ အီးယူဥပဒေအကြံပေးချက်ရဲ့ သဘောထားမှတ်ချက်ကို ကြိုဆိုတယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။
“အီးယူရဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းဆိုင်ရာပြဌာန်းချက်အရ ‘နှစ်မျိုးသုံးပစ္စည်းများ’ ကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုသင့်ကြောင်း၊ ဖော်ပြထားတဲ့ အီးယူတရားရုံးဥပဒေအကြံပေးချုပ် Ćapeta ရဲ့ သဘောထားမှတ်ချက်ကို ကျွန်မတို့ ကြိုဆိုပါတယ်။
ဒီသဘောထားမှတ်ချက်က စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးရာမှာ အသုံးပြုတဲ့ လေယာဉ်တွေဟာ စစ်ရေးအရ အသုံးပြုနိုင်စွမ်းရှိတယ်ဆိုတဲ့ အများသိ အခြေခံအသိတရားကို အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Public Service Announcement
စက်တင်ဘာလ ၂၄ ရက်က ဥရောပသမဂ္ဂတရားရုံး (CJEU)ရဲ့ ဥပဒေအကြံပေးချုပ် Tamara Ćapeta ကဩစတြီးယား လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက မြန်မာလေတပ်ဆီကို လေယာဉ် တွေ ဆက်စပ်ပစ္စည်းတွေနဲ့ နည်းပညာ တွေတင်ပို့ရောင်းချခဲ့တာနဲ့ပတ်သက်ပြီး မှတ်ချက်ထုတ်ပြန်ခဲ့တာပါ။
စစ်တပ်အနေနဲ့ နိုင်ငံတကာရာဇဝတ်မှု တွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နိုင်တဲ့ နည်းလမ်းတွေ ရရှိနေတာကို တားဆီးဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်အနေနဲ့ JFM က ကြိုဆိုတာလို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ပြီး နောက်ပိုင်းမှာ စစ်တပ်ဆီကို လေယာဉ်တင်ပို့တာတွေ မလုပ်ဆောင်သင့်ဘူးလို့ မရတနာမောင်က ထောက်ပြထားပါတယ်။
ဒီအမှုက အီးယူဥပဒေအောက်မှာရှိတဲ့ နှစ်မျိုးသုံးပစ္စည်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အီးယူတရားရုံးမှာ ပထမဆုံးအကြိမ် ကိုင်တွယ်ဖြေရှင်းရတာဖြစ်ပြီး တရားရုံးအနေနဲ့ ဒီသဘောထားမှတ်ချက်ကို လက်ခံကျင့်သုံးခြင်း ဖြင့် အီးယူတစ်ဝန်းမှာရှိတဲ့ နောက်ထပ် ပို့ကုန်လိုင်စင်တွေအတွက် အရေးပါတဲ့ ဥပဒေအရ စည်းနှောင်မှုရှိတဲ့ စီရင်ထုံးတစ်ခုကို ချမှတ်ပေးနိုင်မယ်လို့ ၎င်းကသုံးသပ်ထားပါတယ်။
လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့နာမည်ကို တရားရုံးက ဖော်ပြထားခြင်းမရှိပေမယ့် ဒီအမှုက Diamond Aircraft Industries နဲ့ ဆက်စပ်နေတယ်လို့ JFM ကယူဆထားပါတယ်။
ဒီလိုသုံးသပ်တာက မြန်မာနိုင်ငံမှာ Diamond Aircraft Industries ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် စုံစမ်းဖော်ထုတ်မှုနဲ့ ဩစတြီးယားနိုင်ငံ စီးပွားရေးဝန်ကြီးဌာနကို မေးမြန်းခွင့်အရ တောင်းခံရရှိခဲ့တဲ့ အချက်အလက် တွေအပေါ် အခြေခံထားတယ်လို့ဆိုပါတယ်။
အချက်အလက် တွေအရ ၂၀၁၈ ဇန်နဝါရီကနေ ၂၀၂၄ ရဲ့ အစောပိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်း တင်ပို့ခွင့်လိုင်စင် တစ်ခုတည်းကို ၂၀၁၉ ဇွန်လ ၁၄ ရက်မှာ ခွင့်ပြုပေးခဲ့တယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒီမှတ်ချက်က Diamond Aircraft Industries ရဲ့ DART-450 လေယာဉ်တွေနဲ့ ဆက်စပ်စနစ်တွေ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ နည်းပညာတွေ မြန်မာ့လေတပ်ဆီကို တင်ပို့ခဲ့တာနဲ့ သက်ဆိုင်တယ်လို့ JFM ကဆိုပါတယ်။
DART-450 က အခြေခံလေယာဉ်မှူးသင်တန်းအတွက် ဒီဇိုင်းထုတ်ထားတဲ့ ထိုင်ခုံနှစ်ခုပါ အရပ်ဘက် လေယာဉ်တစ်မျိုး ဖြစ်ပြီး မြန်မာစစ်တပ်က ဝေဟင်ကင်းထောက်လုပ်ငန်း တွေအတွက်အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ JFM ရဲ့ သတင်းရင်းမြစ် တွေဆီကသိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Diamond Aircraft Industries က ၂၀၁၉ မှာ ဩစတြီးယားနိုင်ငံက ထုတ်ပေးခဲ့တဲ့ တင်ပို့ခွင့်လိုင်စင်အရ မြန်မာနိုင်ငံကို DART-450လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ခဲ့တာပါ။
JFM ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၂၀၁၉ မှာ Diamond Aircraft Industries က ဩစတြီး ယားနိုင်ငံ၊ Wiener Neustadt မြို့မှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းဌာနတွေမှာ မြန်မာလေတပ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံက ရှမ်းတဲလေတပ်စခန်းမှာလည်း ဆက်လက်လေ့ကျင့်သင် ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တရားရုံးရဲ့ ထုတ်ပြန်ချက်အရ အဲဒီ့လေယာဉ်တွေကို လေတပ်က အသုံးပြုဖို့ရည်ရွယ်ထားပြီး ၂၀၂၃ မှာDiamond Aircraft Industries မြန်မာနိုင်ငံကို ဆက်လက်တင်ပို့ခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် ဩစတြီးယားအာဏာပိုင်များက ဒီပစ္စည်းတွေက အီးယူရဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကြုံးဝင်တဲ့ ပစ္စည်းတွေလို့ သတ်မှတ်ထားတာကြောင့် ပိတ်ပင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလေယာဉ်တွေကို ကင်းထောက်ပျံသန်းတာနဲ့ စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ အသုံးပြုနိုင်တာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ဆက်စပ်ပြီး အသုံးပြုနိုင်တဲ့အတွက် ဩစတြီးယားအာဏာပိုင်များက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
Diamond Aircraft Industries က တင်ပို့ခွင့်ပါမစ်တွေငြင်းပယ်ခံရတာကို ဩစတြီးယားဖက်ဒရယ်အုပ်ချုပ်ရေး တရားရုံးမှာအယူခံစိန်ခေါ်ခဲ့ပြီး တရားရုံးက ၂၀၂၅ ဩဂုတ်မှာ ဒီအမှုကို ဥရောပ သမဂ္ဂတရားရုံး (CJEU) သို့ လွှဲပြောင်းပေးခဲ့တာပါ။
ဒီအမှုကို အီးယူတရားရုံးကိုလွှဲပြောင်းခဲ့ရတာကအရပ်ဘက်လေယာဉ်တစ်စင်းအနေနဲ့ အီးယူရဲ့ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းဆိုင်ရာပြဌာန်းချက်အောက််မှာ အကျုံးဝင်ခြင်း ရှိ၊ မရှိဆိုတဲ့ မေးခွန်းက အဓိကနေရာတွင် ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။
ပြဌာန်းချက်အရ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုတာက “အရပ်ဘက်နှင့် စစ်ဘက် ရည်ရွယ်ချက်နှစ်ရပ်လုံးအတွက် အသုံးပြုနိုင်သည့် ပစ္စည်းများ”လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
“အီးယူတရားရုံး၏ ဥပဒေအကြံပေးချုပ် Ćapeta သူမ၏ သဘောထားမှတ်ချက်တွင် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုင်ရာ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ရပ်ကို အဆိုပြုခဲ့ပြီး၊ ပစ္စည်း တစ်ခု၏ နှစ်မျိုးသုံးနိုင်မှု ရှိ၊ မရှိကို တင်ပို့သည့်အချိန်တွင် ထိုပစ္စည်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များကို အခြေခံ၍ ဆန်းစစ်သတ်မှတ်သင့်ကြောင်း အကြံပြုထားသည်။” လို့ JFM ကဖော်ပြထားပါတယ်။
DART-450 လေယာဉ်တွေကို စစ်ဘက်လေယာဉ်မှူးတွေ လေ့ကျင့်ပေးဖို့ အသုံးပြုနိုင်ခြေရှိတာက ဒီလေယာဉ်ကို စစ်ဘက်ဆိုင်ရာ အသုံးပြုနိုင်စွမ်းရှိတယ်လို့ သတ်မှတ်ဖို့ လုံလောက်တယ်လို့ အီးယူတရားရုံး၏ ဥပဒေ အကြံပေးအရာရှိချုပ် Ćapeta က သုံးသပ်ထားပါတယ်။
ဒီသဘောထားမှတ်ချက်က အီးယူတရားရုံးအပေါ် ဥပဒေအရ စည်းနှောင်မှု မရှိဘဲ၊ အပြီးသတ် စီရင်ချက်ကို နောက်ပိုင်းတွင် ချမှတ်သွားမယ်လို့သိရပါတယ်။
ဩစတြီးယားနိုင်ငံမှာ ရုံးချုပ်တည်ရှိတဲ့Diamond Aircraft Industries ကို တရုတ်ကုမ္ပဏီ Wanfeng Aviation Industry က ၂၀၁၇ ဒီဇင်ဘာမှာ ဝယ်ယူခဲ့တာပါ။
Diamond Aircraft Industries နဲ့ စစ်အုပ်စုတို့အကြား သဘောတူညီချက်ကို မြန်မာကုမ္ပဏီ Miya Win International က ကြားပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး၊ ဒီကုမ္ပဏီက ယူကေ၊ ကနေဒါနဲ့ အမေရိကန်ပို့ကုန်ဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတွေ ချမှတ်ခံထားပေမယ့် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် အီးယူရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုမ္ပဏီ တွေအနေနဲ့ Miya Win International ကုမ္ပဏီ ပိုင်ရှင်တွေ ဒါရိုက်တာ တွေနဲ့ ဆက်စပ်ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်အရေးယူပေးဖို့ JFM ကတောင်းဆိုထားပါတယ်။
Diamond Aircraft Industries အနေနဲ့လည်း Miya Win International၊ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ ဆက်စပ်ပတ်သက်နေသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကို ထပ်မံပေးပို့ဖို့ သဘောတူထားတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်း တွေ ဆက်စပ်ပစ္စည်းတွေနဲ့ လေ့ကျင့်သင်ကြားမှု တွေကို ရပ်တန့်ဖို့ JFM ကတောင်းဆိုထားပါတယ်။
ဒီလိုဆောင်ရွက်တာမရှိရင် Diamond Aircraft Industries အနေနဲ့ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု တွေမှာ အားပေးကူညီတဲ့အတွက် ဥပဒေကြောင်းအရ တာဝန်ခံရမယ့် အခြေအနေကို ရောက်ရှိနိုင်တယ်လို့ JFM ကထောက်ပြထားပါတယ်။
“အစိုးရအားလုံးအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးနေမှုကို တားဆီးပိတ်ပင်ရန်နှင့် ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို တားဆီးရန် Justice For Myanmar က တောင်းဆိုသည်။” လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


















































