စက်တင်ဘာ-၂၆၊၂၀၂၆။People’s Spring
အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ BRI ထုတ်ပြန်ချက်မှာတော့စစ်တပ်ခန့်အပ်ထားတဲ့ပြည်ထောင်စု တရားသူကြီးချုပ် သာဌေးက လက်မှတ်ရေးထိုးထားပြီး နှစ်ချင်း ခရစ်ယာန် သင်းအုပ်ဆရာ ၃ ဦးဆီက ထိမ်းမြားလက်ထပ်ပေးခွင့် လိုင်စင်တွေကို ပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ပါရှိခဲ့ပါတယ်။
ခရစ်ယာန် ဘာသာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီထိမ်းမြားလက်ထက်ပေးခွင့်ပယ်ဖျက်ခံရသူ သိက္ခာတော်ရ ဓမ္မ ဆရာတွေကတော့ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင် မြို့နယ်မှာရှိတဲ့ဒေါက်တာဇော်တောင် (ခေါ်) ခေါင်းလွမ်း၊ရှမ်းပြည်နယ်ရဲ့ ကျောက်မဲ မြို့နယ်ထဲက ဦးဂျိုးဇက် (ခေါ်)ဦးဇော်လင်း၊ ရန်ကုန်တိုင်းရဲ့အင်းစိန်မြို့နယ်ထဲက ဦးစောမြင့်ထွန်းတို့ ဖြစ်ပါတယ်။

Public Service Announcement
တရားသူကြီးချုပ် သာဌေးဟာ ဇွန်လ ၉ ရက်နေ့ အမိန့်အရ ထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ကြောင်းကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြပါ ၃ ဦးဟာ ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ပုဒ်မ ၆ နဲ့ ၉ ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး အခုလို လိုင်စင် ပယ်ဖျက်ခဲ့တာပါ။ ပုဒ်မ ၆ အရ လိုင်စင်ရရှိသူသည် ခရစ်ယာန် နှစ်ဦးအကြား၊ ဒါမှမဟုတ် ခရစ်ယာန်တစ်ဦးနဲ့ အတခြားဘာသာဝင်တစ်ဦးအကြား လက်ထပ်ထိမ်းမြားမှုကို ဆောင်ရွက်ပေးခွင့်ရှိပြီးပုဒ်မ ၉ အရ မြန်မာနိုင်ငံသား ခရစ်ယာန် နှစ်ဦးကို ထိမ်းမြားလက်ထပ်ပေးခွင့် ရှိပါတယ်။
အဲဒီ ဓမ္မဆရာတွေတာဝန်ယူပေးခဲ့တဲ့ လက်ထပ်ထိမ်းမြားမှု တချို့မှာ ဘာသာကူးပြောင်းကြောင်း ကြေညာထားမှုတွေနဲ့ ပတ်သက်ပြီး တရားရုံးက လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှု ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပါ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး လက်ထပ်မှုတွေကို ဦးစီးပေးခဲ့တယ်လို့ ဆုံးဖြတ်ပြီး အခုလို လိုင်စင်တွေ ရုပ်သိမ်းခဲ့တာပါ။
သမ္မတ ဦးသိန်းစိန်လက်ထက်၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတုန်းက ပြဋ္ဌာန်းခဲ့ပြီး မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ မြန်မာအမျိုးစောင့် ဥပဒေထဲကမြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေခွဲကိုအခြေခံပြီး တရားရုံးကအခုလို ဆုံးဖြတ်ခဲ့တာပါ။
မျိုးစောင့်ဥပဒေအရ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးတွေက တခြားဘာသာဝင်တွေနဲ့ ထိမ်းမြားလက်ထပ်ခွင့်ကို တင်းကျပ်ထားပြီး သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ အုပ်ချုပ်ရေး အရာရှိကသာ လက်ထပ်ပေးခွင့် ရှိပါတယ်။ အသက် ၁၈ နှစ် ကျော်သူတွေ ကိုးကွယ်ယုံကြည်မှုအပြောင်းအလဲလုပ်မယ်ဆိုရင်လည်း မြို့နယ် ဘာသာကူးပြောင်းရေး မှတ်ပုံတင်ရုံးဆီ လျှောက်ထားတာမျိုး၊ ရက် ၉၀ စောင့်ကြည့်ကာလကို ဖြတ်သန်းရတာမျိုးတွေ သတ်မှတ်ထားပါတယ်။
BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ပူးဇိုတုမ်မှုန်းကတော့ စစ်တပ် လက်အောက်ခံ တရားရုံးချုပ်ရဲ့ အမိန့်တွေဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ နောက်ထပ် မြင်သာတဲ့ သာဓကတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရဟာမြန်မာကိုဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းထဲ ဆက်လက် ထည့်သွင်းသင့်ကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။
အလားတူအမေရိကန်အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF)ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာကို အဲဒီစာရင်းထဲ ထည့်သွင်းဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဆီကို အကြံပြုထားကြောင်းသိရပါတယ်။
အဲဒီစာရင်းကိုနှစ်အလိုက်ထုတ်ပြန်သတ်မှတ်ပြီး မြန်မာဟာ ၁၉၉၉ ခုနှစ်ကစလို့ နှစ်တိုင်းလိုလို ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းမှာ နာမည်ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား-BRI


















































