စက်တင်ဘာ – ၂၆ ၊၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ဘန်ကောက်ဒေသခံတွေ၊ အထူးသဖြင့် မြို့တော် အရှေ့ပိုင်းမှာ နေထိုင်သူတွေဟာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာကို သတိပြုမိရင်း နိုးထလာကြရပါတယ်။
အစောပိုင်းတုန်းက ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ဒ်ချတ် ဆစ်တီပွန်က ခရိုင် ၃ ခုမှာ ရေကြီးမှု အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ ခရိုင် ၅၀ စလုံးမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
မိုးသည်းသည်းထန်ထန် ဆက်လက် ရွာသွန်းမှုတွေကြောင့် ဘန်ကောက်မှာ ချက်ချင်း ရေပြန်ကျမယ့် အလားအလာ မရှိသေးဘူးလို့လည်း ချတ်ဒ်ချတ်က ပြောကြားထားပါတယ်။
ရေကြီးမှု အဆိုးဆုံး ဧရိယာတွေမှာတော့ ကားတွေပါ ရေနစ်နေတာကို တွေ့ရပြီး မြို့ရဲ့ ကူးသန်းသွားလာရေး ကဏ္ဍမှာပါ အကြီးအကျယ် အကျပ် အတည်းတွေ ကြုံနေပါတယ်။
အရေးပေါ် အခြေအနေ ကြေညာလိုက်တဲ့အတွက် ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး မစ်ရှင်တွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဥပဒေကြောင်းဆိုင်ရာ လုပ်ပိုင်ခွင့် ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။
ဘန်ကောက် မြူနီစီပယ် အုပ်ချုပ်ရေး ဌာနကတော့ ဒေသတွင်းက မိုးရွာသွန်းမှုနဲ့ ရေကြီးမှု အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး လိုအပ်တဲ့ တုံ့ပြန်မှုတွေအတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
ကိုးကား – Khaosod


















































