Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ဦးကျိုးသွားတဲ့ ၄၉၂၆ စစ်ဆင်​ရေး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

(စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်တိုက်ပွဲ​တွေနဲ့ မင်းတုန်းမြို့နယ်တိုက်ပွဲ​တွေအတွင်းစစ်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​နဲ့စစ်သုံ့ပန်းတွေ။ဓါတ်ပုံ-AA Info Desk)

ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်မျက်နှာမှာဆိုရင်စစ်တပ်ထိုးစစ်စတဲ့ စက်တင်ဘာလ ၄ ရက်ကနေ စက်တင်ဘာ ၂၄ ရက်နေ့ထိ သုံးပါတ်အတွင်းစစ်တပ်ရဲ့ကာ ကင်းစခန်းနဲ့ ခြေကုတ်နေရာ ၉ ခုထက်မနည်း AA လက်ထဲ ထပ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်​တော်က စစ်တွေတိုက်ပွဲအတွင်း စက်တင်ဘာ ၂၄ ရက်နေ့မှာ တပ်စခန်းတခုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ တပ်စခန်းတခုတို့ကိုပါထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကျောက်ဖြူစစ်မျက်နှာမှာ စခန်းငယ်တခု၊ ရခိုင်ပြည်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း မြို့နယ်အတွင်းက စစ်မျက်နှာမှာ ရှေ့တန်းထောက်ပို့ကာကင်းစခန်းတခုနဲ့ မကွေးတိုင်း မင်းတုန်းစစ်မျက်နှာက စခန်းကြီးတခုတို့ကိုလည်း AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့ကြောင့် စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေး ၂၁ ရက်(သုံးပတ်)အတွင်း တပ်စခန်းနဲ့ ခြေကုတ်နေရာ ၁၂ ခုထက်မနည်းကို လက်လွှတ်ခဲ့ရတာကြောင့် တပါတ်မှာ စစ်စခန်း‌ ၄ ခုနှုန်း AA လက်ထဲ ရောက်နေတာဖြစ်ပါတယ်။

စစ်တပ်က စစ်ဆင်​ရေးအမည်မ​ကြေညာ​ပေမယ့် စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေ ၊​ဖေစ်ဘွခ်​ပေချ်​တွေ၊အ​ကောင့်​တွေ ၊တစ်​တော့​တွေစတဲ့ လူမှုကွန်ယက်​​တွေမှာ​တော့ ၄၉၂၆ လို့အမည်တပ်ထားပါတယ်။စစ်ဆင်​ရေးက ​နေ့တိုင်း​​အောင်ပွဲတွေရ​နေတယ်လို့ပဲစစ်တပ်​ဝါဒဖြန့်​ လူမှုကွန်ယက်​တွေက​ရေးနေကြပါတယ် ။စက်တင်ဘာ ၂၄ ရက် ညဦးပိုင်းမှာဆိုရင် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို​တောင် ပြန်ထိန်းချုပ်လိုက်ပြီလို့ မျိုးမင်းဦး အမည်နဲ့ စစ်တပ်ဝါဒဖြန့်သတင်း​တွေပုံမှန်​​ရေးသား​နေတဲ့ ​ဖေစ်ဘွခ့်ကောင့်က သတင်းအမှားဖြန့်​နေပါတယ်။

“အသံသာရှိပြီးတော့ အဆံမရှိတဲ့ သင်္ကြန်အမြှောက်နဲ့တူပါတယ်။ အွန်လိုင်းမှာတော့ တော်တော်အသံအကျယ်ကြီး နဲ့ ၄၉၂၆ ရခိုင်ပြည်ကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အသံအကျယ်ကြီးနဲ့ လော်ဘီလုပ်တာလောက် ပဲရှိတယ်။ ရခိုင်ပြည်သူတွေကိုခြောက်လှန့်တဲ့ အဆင့်လောက်ဘဲရှိတယ်။

တကယ့်မြေပြင်မှာကျတော့သူတို့ တလက်မ၊ တဖဝါးတောင်မှ အာရက္ခတပ်တော်ရဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို တိုးလို့မရောက်တာတောင်မက သူ တို့ထိန်းချုပ်ထားတဲ့အထဲက တချို့စခန်းတွေကိုတောင်မှ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်တာတွေရှိတယ်”လို့ ရခိုင်ပြည်နယ်မှာ​နေထိုင်ပြီး စစ်​ဘေး​ရှောင်​တွေကိုကူညီ​ပေး​နေသလို ၊စစ်ရေးအ​ခြေအ​နေကို​စောင့်ကြည့်လေ့လာ​နေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

မြို့နယ်​ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​​အောင်သုံးမြို့ကိုပဲထိန်းချုပ်နိုင်​တော့တဲ့စစ်တပ်ဟာ AA ကိုတန်ပြန်ထိုးစစ်ဆင်​ဖို့ ကြိုးစားခဲ့တာဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကပါ ။ဒါ​ပေမယ့်စစ်တပ်တန်ပြန်ထိုးစစ်​​တွေအကြိမ်ကြိမ် စစ်ဦးကျိုး ပြန်ဆုတ်ခဲ့ရတာ​ကြောင့် စက်တင်ဘာ ၄ ရက်မှာမှ တန်ပြန်ထိုးစစ် စသလိုဝါဒဖြန့်ပြီးအင်အား​ထောင်ချီသုံးကာ AA ကိုထပ်မံ အကဲစမ်းလာတာဖြစ်ပါတယ် ။

ဒီတစ်ကြိမ်မှာရခိုင်ပြည်နယ်မှာ စစ်တွေ ၊ ကျောက်ဖြူစစ်မျက်နှာ နဲ့ ရခိုင်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့ကနေလည်း စစ်မျက်နှာတခုစီမှာအင်အားနှစ်ထောင် ဝန်းကျင်ထိ အသုံးပြုကာ တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

●စစ်တွေစစ်မျက်နှာ

စစ်တွေမြို့နယ်မှာလည်း စစ်တပ်ဟာ အခြားစစ်မျက်နှာတွေနဲ့တပြိုင်တည်း စက်တင်ဘာလ ၄ ရက်နေ့မှာပဲ ထိုးစစ် စခဲ့တာဖြစ်ပြီး စစ်တွေနဲ့ ထိစပ်နေတဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်က နယ်မြေတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက ဝါဘိုကျွန်းနဲ့ ဝန်းကျင်နေရာအချို့ကလွှဲပြီးကျန်နယ်မြေအားလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်းမ အမြင့်ကျွန်းတံတား ကနေ စစ်ကြောင်းတခု၊ ရွှေမင်းဂံရေတပ်စခန်းကနေ စစ်ကြောင်းတခုတို့နဲ့ ထိုးစစ်စခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်းတခုမှာ အင်အားငါးရာဝန်းကျင်နဲ့ မြေပြင်ထိုးစစ်စခဲ့တာဖြစ်ပေမယ့် အမြင့်ကျွန်းတံတားကနေ ထိုးခဲ့တဲ့ စစ်ကြောင်းဟာ ထိုးစစ်စတဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာပဲ အကျအဆုံး ဆယ်ချီနဲ့ အမြင့်ကျွန်းရွာထိ တပ်ပြန်ဆုတ် ခဲ့ရပြီး စစ်ဆင်ရေးမစခင်ကတည်းက စစ်တပ်အထိုင်ချခဲ့တဲ့ အမြင့်ကျွန်းတံတားကင်းစခန်းကိုလည်း AA က သိမ်း ပိုက်ရခဲ့ပါတယ်။

“(စစ်တပ်က) အမြင့်ကျွန်းဘက်မှာ စုစုပေါင်း ငါးဆယ်လောက် သေတယ်။ ကွမ်းတောင်နားထိ ရောက်လာခဲ့သေးတယ်။ အထိနာလို့ ပြန်ဆုတ်သွားကြတာ” လို့ မြေပြင်မှာရှိနေတဲ့ AA နဲ့ နီးစပ်သူသတင်းရင်းမြစ်တဦးက ပြောပါ တယ်။

ရွှေမင်းဂံ(ချောင်းနွယ်)ရေတပ်စခန်းကနေ ထိုးစစ်ဆင်တဲ့စစ်ကြောင်းကတော့ ချောင်းတဖက်ကမ်း ပုဏ္ဏားကျွန်းမြို့ နယ် ရဲရိုးပြင်၊ခမောင်းတော၊ အောင်မြေကုန်း၊ ဆားပို့တောင်၊ စပါးထားရွာနားတွေထိ ရောက်သွားခဲ့ပါတယ်။ ဒါပေ မယ့် အခုအခါမှာတော့ AA ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့်စပါးထား၊အောင်မြေကုန်း၊ ခမောင်းတောရွာတို့ကနေ တပ်ဆုတ်ပြေးလာရပြီး ဆားပို့တောင်နဲ့ ရဲရိုးပြင်ရွာနားတွေမှာပဲ စုခံနေရတဲ့အနေအထားလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်တပ်ခြေကုတ်နေရာ ၄ ခုထက်မနည်းကို AA က သိမ်း

ပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူ တရာကျော်ထိ ရှိကာ ထွက်ပြေးသူတွေနဲ့ အလင်းဝင်သူတွေလည်း ရှိတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

“ပြည်သူ့စစ်တွေများတယ်။အမိန့်နာခံမှုလည်း သိပ်မရှိဘူး။လွတ်ရာထွက်ပြေးတဲ့ကောင်တွေအများကြီး၊ အလင်း ဝင်တဲ့သူတချို့လည်း ရှိတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်​တွေနဲ့ ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း​တွေရဲ့ထွက်ဆိုချက်​တွေကိုလည်းAA ကစက်တင်ဘာ ၂၀ မှာထုတ်ပြန်ပါတယ် ။ကွမ်း​တောင်ရွာ နဲ့ အမြင့်ကျွန်းရွာ ကြားတိုက်ပွဲမှာဖမ်းမိတဲ့​ တပ်မ(၁၀၁)လက်​အောက်ခံတပ်ရင်းနှစ်ခုက အောင်ပြည့်စုံ နဲ့ မိုက်ကယ်တို့က​တော့ စစ်တပ်ဟာ ​ရှေ့တန်းမှာ​တွေ့သမျှ က​လေး၊လူကြီးမ​​ရှောင်ပစ်ခတ်သတ်ဖြတ်ဖို့အမိန့်​ပေးထားတယ်လို့ထွက်ဆိုပေးကြပါတယ်။စစ်တပ်အရာရှိ​တွေကအဲလိုအမိန့်​ပေးပြီး တိုက်ပွဲ​တွေမှာ​တော့ အရာရှိ​တွေကအရင်ထွက်​ပြေးကြတယ်လို့ဆိုကြပါတယ်။

မင်း​ချောင်းတံတားအနီးဖမ်းမိတဲ့ တပ်သားရန်ငြိမ်း​အောင်က​လည်း စစ်တပ်က ဒဏ်ရာရစစ်သား​တွေကို ​ဆေးကုလို့မရနိုင်ရင် AA ဆီအဖမ်းမခံရ​အောင် ပစ်သတ်ခဲ့ဖို့​တောင်အမိန့်​ပေးထားတယ်လို့ဆိုပါတယ်။

စစ်​တွေနဲ့ပုဏ္ဏားကျွန်းကြားတိုက်ပွဲ​တွေမှာ AA က စစ်တပ်ဆီကလက်နက်ခဲယမ်းအများအပြားနဲ့ စစ်သားအ​​လောင်း​တွေသိမ်းဆည်းရတာကိုလည်းသတင်းဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်ပါတယ် ။သတင်းဓါတ်ပုံ​တွေအရ စစ်တပ်စစ်​ကြောင်း​တွေ ​သေဆုံး ဒဏ်ရာရသူများပြားခဲ့တာ​တွေ့ရပါတယ်။

ဒါ့အပြင်ရွှေမင်းဂံချောင်းတဖက်ကမ်းရောက်နေတဲ့ စစ်တပ်ရဲ့လက်ကျန်စစ်ကြောင်းဟာပိတ်မိတဲ့အနေအထားဖြစ်နေတယ်လို့လည်း သူကဆက်​ပြောပါတယ်။

“ရွှေမင်းဂံဘက်ကိုပြေးရင်လည်းသေမှာ။ ဒီဘက်မှာ စုခံရင်လည်း သေမှာပဲ။ လေယာဉ်တခုနဲ့ပဲ ခြိမ်းခြောက်နေ တာ” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော်က စစ်တပ်ရဲ့ ထိုးစစ်စစ်ကြောင်းတွေကို တန်ပြန်တိုက်​နေသလိုရွှေမင်းဂံရေတပ်ရဲ့ရှေ့ထွက်ကာကင်း၊ ကံ့ကော်ကျွန်းအနီးဝန်းကျင်ရှိ စစ် တပ်စခန်းတွေကိုလည်း လမ်းကြောင်းသစ်နဲ့ ထိုးဖောက်ကာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ဒုတိယပါတ်မှာ ကာကင်းစခန်းနှစ်ခု ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

အလားတူပဲ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအနီး စစ်တပ်ရဲ့ ကျားမသောက်တပ်ရင်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ အဓိ ကကာကင်းတွေဖြစ်တဲ့တော ကန်ရွာဝန်းကျင်ရှိ ကာကင်းစခန်းတခု နဲ့ ဝါဘိုကျွန်း၊ ဝါဘိုရွာဝန်းကျင်က စခန်းတခုတို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒကစ-စစ်တွေ နဲ့ နှစ်မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ တောကန်ရွာအနီးက တပ်စခန်းကိုစက်တင်ဘာ ၂၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဝါဘိုကျွန်းက စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ AA ကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရွှေမင်းဂံရေတပ်စခန်းတဖက်ကမ်းရဲရိုးပြင်ရွာဝန်းကျင်နဲ့ကွမ်းတောင်ရွာဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်က အထိနာနေပါတယ်။

“ရဲရိုးပြင်ကကောင်တွေလည်းဆုတ်ပြေးနေကြတယ်။ကွမ်းတောင်နားကကောင်တွေလည်းဝါဘိုကျွန်းဘက်၊ ငတောက်တက်(စစ်တွေမြို့နယ်)ဘက်တွေကို ဆုတ်ပြေးကြတယ်။ ကမန်းကတမ်းနဲ့ အကုန်ပတ်ပြေးနေကြလို့ဖမ်းမိတဲ့ကောင်တွေလည်းအများကြီး။ ပစတွေပေ့ါ၊ ဆေးကြောင်နေတဲ့ကောင်တွေ” လို့ အခြားမြေပြင်သတင်းရင်း မြစ်တဦးက ပြောပါတယ်။

ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ဇော်မတက်၊ကံ့ကော်ကျွန်းဝန်းကျင် ၊ကျားမသောက်တပ်ရင်း၊ဒကစ (စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်ရွာဝန်းကျင်တို့မှာစက်တင်ဘာ ၂၄ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

“တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။တရက်ထက်တရက် အသံတွေပိုကျယ်လာသလို ခံစားရတယ်။ကျားမသောက်အနားကိုတောင် ရောက်နေပြီ၊ ကျားမသောက်ကိုလည်း သိမ်းတော့မယ်ဆိုပြီး သတင်းထွက်နေတယ်။ မြို့ထဲက ပိုက် ဆံရှိတဲ့သူတွေဆိုရင် ရန်ကုန်ကို သွားကြပြီ”လို့ စစ်တွေမြို့ထဲမှာနေထိုင်သူတဦးကလူထု​နွေဦးကိုစက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

အထိနာ​နေတဲ့ စစ်တပ်ဟာ စစ်တွေစစ်မျက်နှာမှာအတင်းအဓမ္မဖမ်းဆီးစစ်သင်တန်းပေးထားတဲ့ ဒေသခံရိုဟင်ဂျာတွေကိုပါ အသုံးပြုတိုက်ခိုင်းနေတာတွေ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

ဒါ့အပြင်စစ်တွေမြို့ထဲဌာနချုပ်အခြေစိုက်နေထိုင်ပြီး စစ်တပ်ဩဇာခံ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ် မြောက်ရေးတပ်မတော်(ALP) တပ်ဖွဲ့ဝင်တွေကိုလည်း ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြု၊ တိုက်ခိုက်စေဖို့ ဖိအား ပေးထားတယ်လို့လည်း စစ်တွေဒေသခံသတင်းရင်းမြစ်တွေဆီကစုံစမ်းသိရပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့ AA တို့ဟာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ “ဒီတခေါက် တိုက်ပွဲအားရဖို့ကောင်းတယ်။ ဗိုလ်ချုပ်(ဗိုလ်ချုပ် ထွန်းမြတ်နိုင်)ပြောထားတဲ့အတိုင်း စစ်တွေကို ၂၀၂၇ထဲမှာ သိမ်းနိုင်ရင်ကောင်းမယ်။ သိမ်း မယ် လို့လည်းထင်တယ်” လို့ ပေါက်တောမြို့နယ်မှာ နေထိုင်တဲ့ စစ်တွေမြို့မှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်တွေမြို့မှာ စစ်တပ်ရဲ့ ဒကစ စစ်တွေ၊ လက်ရုံးတပ်တွေအပါအဝင် အခြေစိုက်တပ်ရင်းပေါင်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။

●ကျောက်ဖြူ စစ်မျက်နှာ

ကျောက်ဖြူမြို့ပေါ်တပ်ရင်းတွေ၊ ရေတပ်စခန်းနဲ့ နယ်မြေအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်တော့ပြီးရမ်းဗြဲမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တောင်ပိုင်းနေရာအများစုကိုလက်လွှတ်ထားရပြီဖြစ်တဲ့ စစ်တပ်ဟာ သူတို့လက်လွှတ်ထားရ တဲ့ AA နယ်မြေတွေကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းလောက်ကတည်းက တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အကျအဆုံးတွေနဲ့ နောက်ပြန်လှည့်ရတာတွေသာ ရှိခဲ့တာကြောင့် အခု စက်တင်ဘာလ ၄ ရက်နေ့မှာ တော့ လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး အင်အားအလုံးအရင်းနဲ့ ထပ်မံထိုးစစ်ဆင်လာခဲ့ပါတယ်။ အခုတကြိမ် မှာ အရင်ကတည်းက တပ်ဦးကျိုးနောက်ပြန်လှည့်ခဲ့ရတဲ့ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲ လမ်းဆုံ စနဲမြို့ဘက်ဆီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။

ဒါပေမယ့် စနဲမြို့နားထိ​တောင် မရောက်ခဲ့ဘဲ အဝတောင်ရွာဝန်းကျင်မှာပဲ AA ရဲ့ ပိတ်ဆို့၊ ဖြတ်တိုက်တာခံရပြီး တပ်လန်နောက်ဆုတ်​ပြေးခဲ့ရပြန်ပါတယ်။ ဒါ့အပြင် အ၀တောင်ရွာဝန်းကျင်က တပ်စခန်းငယ်တခုကိုပါ လက်လွှတ်ခဲ့ရတယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေက ပြောထားပါတယ်။တောင်မော်ဦးဘက်စစ်ကြောင်း အထိနာပြန်ဆုတ်ရသလို ဓည၀တီရေတပ်စခန်းအနီးဝန်းကျင် ကာကင်းစခန်းတွေ ဟာလည်း AA ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။

“ကျောက်ဖြူမှာကတော့ အ၀တောင်မှာ နာသွားကတည်း ရှေ့မတိုးတော့ဘူး။ မင်းပြင်၊ သိုင်းချောင်းဘက်ကကောင်တွေလည်း ငြိမ်နေတယ်။ ရှေ့မတိုးဘူး။ ဓည၀တီရေတပ်ကိုတော့ ကိုယ့်လူတွေ ဝိုင်းထားတယ်” လို့ AA နဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံတဦးက ဒေသတွင်း အခြေအနေကို ပြောပါတယ်။

ကျောက်ဖြူမှာမြို့အနီးဝန်းကျင်ရှိ ခလရ(၃၄)၊ ခမရ (၅၄၂)၊ ခမရ(၅၄၃)၊ ပြိုင်းစေ့ကေရွာအနီးရှိ အမှတ် (၃၂) ရဲ တပ်ရင်း၊ ဓည၀တီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်၊ အုန်းကျွိန်ရေတပ်တို့ရှိပြီး အဲဒီတပ်ရင်းတွေနဲ့ ကာကင်းစ ခန်းအချို့ကိုသာ စစ်တပ်က ထိန်းချုပ်နိုင်တော့ကာ ကျန်နယ်မြေအားလုံးဟာ AA လက်အောက်သို့ ရောက်နေပြီ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ထိန်းချုပ်ထားဆဲ တပ်ရင်း၊ တပ်စခန်းတွေထဲမှာလည်း တောင်မော်ဦးရေတပ်၊ ဓည၀တီရေတပ်နဲ့ အုန်း ကျွိန်စခန်းတို့ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ကုန်းကြောင်းဆက်သွယ်ရေးပြတ်တောက်နေပြီး ရေလမ်းကနေပဲ အင် အားဖြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

“ဒီမှာက တရုတ်စီမံကိန်းတွေ ရှိနေလို့ပဲကြာနေတာ။မဟုတ်ရင်ကျောက်ဖြူသိမ်းဖို့က AA အတွက်ဘာမှမခက်ဘူး။ထောက်ပို့လမ်းကြောင်းတွေအကုန် ဖြတ်ထားတာ” လို့ ကျောက်ဖြူဒေသခံ နောက်တဦးက ပြောပါတယ်။

●ရိုးမအရှေ့ဘက်ခြမ်း အခြေအနေ

ရခိုင်ပြည်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်းစစ်မျက်နှာတွေမှာလည်းစစ်တပ်ကအင်အားအများအပြားသုံးပေမယ့် ရှေ့မတိုးနိုင်ဘဲအထိနာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာဆိုရင်ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ ၁၆)ကနေAAသိမ်းထားတဲ့ပွိုင့် ၆၆၆ ကုန်းဘက်ကို ထိုးစစ်ဆင်နေခဲ့ပြီး အဲဒီနားက ထောက်ပို့စခန်းတခု ထပ်မံလက်လွှတ်လိုက်ရပါတယ်။ဒါ့အပြင် ကပစ ၆ ကနေ AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းဘက်ကိုလည်း ထိုးစစ်လုပ်နေပြီး AA ရဲ့ တန်ပြန်တိုက် ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာဆိုရင်လည်း နတ်ရေကန်ဗျူဟာကုန်းနဲ့ သုံးမိုင်ဝန်းကျင်အကွာပဇီကျေးရွာကနေ စစ်ကြောင်းထွက်၊ ထိုးစစ်လုပ်နေပေမယ့် စစ်တပ်ထိန်းချုပ်ထားဆဲ နတ်ရေကန်ဗျူဟာကုန်းနားထိ မရောက်ဘဲ အထိနာကာ ထိုးစစ် တန့်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“စစ်တပ်က နတ်ရေကန်ကို တက်ဖို့ လမ်းကြောင်းမရှိပါဘူး။ နတ်ရေကန်ကို စစ်ကူပို့ဖို့၊ လမ်းဖောက်ဖို့ဆိုတာ မဖြစ် နိုင်တော့ဘူး။ တနှစ်ကျော်ပြီလေ။ ထိုးဖောက်လို့မှ မရတာ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

မကွေးတိုင်းမင်းတုန်းမြို့နယ်နဲ့ ဧရာ၀တီတိုင်းစစ်မျက်နှာတို့မှာလည်းစစ်တပ်ဘက်က အထိနာပြီး လေကြောင်း၊ လက်နက်ကြီး သုံးကာ ခုခံနေရတယ်လို့ သိရပါတယ်။

ရက္ခိုင်-မကွေးအစပ် မင်းတုန်း၊ သဖန်ရောင်တိုက်ပွဲ​တွေ နဲ့ မင်းတုန်းမြို့နယ်၊ ကံကြိုးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းမှာ စက်တင်ဘာ၂၀နဲ့ ၂၁ရက်တိုက်ပွဲ​တွေမှာ တက်လာတဲ့စစ်တပ်စစ်ကြောင်းပျက်သွားပါတယ် ။ စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း​တွေနဲ့ စစ်သားအလောင်း​တွေကို AAက စက်တင်ဘာ ၂၂ မှထပ်မံထုတ်ပြန်ပါတယ်။

● တိုက်ပွဲအထိနာရင် လေကြောင်းက​နေပြည်သူကိုဗုံးပိုကြဲ

စစ်တပ်ဟာရခိုင်ကိုထိုးစစ်ဆင်တဲ့မြေပြင်တိုက်ပွဲတွေမှာ အထိနာတပ်ပြန်ဆုတ်နေရတာကြောင့်လေယာဉ်အုပ်လိုက်သုံးပြီးပစ်ခတ်တိုက်ခိုက်တာ၊အခြေစိုက်တပ်ရင်းတွေနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးပစ်ကူပေးတာ တွေ ဆက်တိုက်လုပ်နေရပါတယ်။

စစ်တပ်ရဲ့၄၉၂၆စစ်ဆင်ရေးစပြီးနောက်ပိုင်းရခိုင်ပြည်နယ်စစ်တွေ၊ ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်တို့ကို နေ့ စဉ်နီးပါးဗုံးကြဲနေပြီး ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်မြို့နယ်တွေရှိ အရပ်သားလူနေကျေးရွာတွေကို လည်း မကြာခဏ ဗုံးကြဲတာတွေ ရှိပါတယ်။

လူထုနွေဦးက ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်ရဲ့စစ်ဆင်ရေးစခဲ့ပြီးနောက် နှစ်ပတ်ကျော် စက်တင်ဘာ ၂၁ ရက်နေ့ထိ ရခိုင်မှာ လေကြောင်းပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှာ သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၄ ဦး၊ ပေါက်တောမြို့နယ်မှာ သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှာ သေဆုံးသူ ၂ ဦး၊ တောင်ကုတ်မြို့နယ်မှာ သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ သံတွဲမြို့နယ်မှာ ဒဏ်ရာသူ ၁ ဦး၊ ဂွမြို့နယ်မှာ ဒဏ်ရာရသူ ၂ ဦး၊ စုစုပေါင်း သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရသူ ၉ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ တိုက်ပွဲမှာ အထိနာတိုင်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင် ပြောင်တင်းတင်းချိုးဖောက်ရာရောက်တယ်လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါ တယ်။

“မင်းအောင်လှိုင်အနေနဲ့ စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လိုတယ်။တိုက်ပွဲမှာ နာနေတော့ ပြည်သူတွေကိုသတ်နေတယ်။ဒါကလူ့အခွင့်အရေးကိုရော စစ်ရာဇဝတ်မှုကိုရော ချိုးဖောက်ရာ ရောက်တယ်လို့ ပြောချင်တယ်။ အခုစစ် ဆင်ရေးက AA ကို တိုက်တာထက် ပြည်သူကို ဒုက္ခပေးတဲ့ စစ်ဆင်ရေးပဲ ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်မြို့နယ်တွေကိုပြန်သိမ်းမယ်ဆိုတဲ့ကြွေးကြော်ချက်နဲ့အတူ စခဲ့တဲ့ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးကတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဧရာ၀တီ၊ ပဲခူး၊ မကွေးအစပ်နေရာတွေအားလုံးမှာ အရှုံးနဲ့ ကြုံနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သူတို့ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ တပ်ဦးလည်းလန်သွားတယ်၊ စစ်ဦးလည်းကျိုးသွားတယ်”လို့ ကိုဝေဟင်အောင် ကစစ်တပ်ထိုးစစ်အ​ပေါ်သုံးသပ်ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook