Connect with us

Hi, what are you looking for?

ဆောင်းပါး

ယူကရိန်းရဲ့အိုလက်ရှ်ကီမြို့လေးမှာ စတင်လာတဲ့ ငတ်မွတ်ခေါင်းပါးမှု

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

ဓါတ်ပုံ- Reuters

ခါကာဘို ရေးသားသည်။

စစ်ပွဲတစ်ခုရဲ့ အကြီးမားဆုံး ဆိုးကျိုးတွေကို မကြာခဏဆိုသလို ရှေ့တန်းစစ်မြေပြင်မှာ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာတော့ စစ်ပွဲရဲ့ အကျိုးဆက်ဟာ လက်နက်သံတွေလို ဆူညံမနေတဲ့၊ ပြင်းထန်နာကျင်စရာ နောက်တမျိုးအနေနဲ့ ပေါ်လာတတ်ပါတယ်။ ဒီအထဲမှာ အစားအစာမရှိတော့တဲ့ မြို့ရွာတွေ၊ ဆေးဝါးမရှိတော့တဲ့ ဆေးရုံနဲ့ မနက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့တဲ့ လူတွေရဲ့ ဘဝတွေပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံခဲဆွန် (Kherson)ဒေသတောင်ပိုင်းကအိုလက်ရှ်ကီ (Oleshky)မြို့လေးကတော့ အခုလိုအခြေအနေကို ရင်ဆိုင်နေရပါပြီ။ ရုရှားသိမ်းပိုက်ထားတဲ့ ဒီမြို့လေးဆီကို ပြီးခဲ့တဲ့မေလကတည်းက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ပြတ်တောက်နေခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ မြို့ထဲမှာ ကျန်ရှိနေတဲ့အရပ်သားတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ဖို့ မော်စကိုနဲ့ ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမဲ့ အခုအချိန်အထိ အောင်မြင်မှု မရရှိသေးပါဘူး။

အိုလက်ရှ်ကီမြို့ရဲ့ လက်ရှိအခြေအနေကို ပြသနေတဲ့ ပုံရိပ်တစ်ခုကတော့ ဒေသခံတစ်ဦး ပို့ပေးခဲ့တဲ့ “အိုလက်ရှ်ကီဘော်ရှ်” ဟင်းသီးဟင်းရွက်စွပ်ပြုတ်ပုံလေးပဲ ဖြစ်ပါတယ်။ အဲဒီပုံထဲမှာ လက်ကျန် ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ထားတဲ့ စွပ်ပြုတ်တစ်ခွက်ကို တွေ့ရပြီး ဗိုက်ပိုဝအောင် ပြောင်းဆန်နဲ့ ကြက်ဥနှစ်လုံး ထည့်ချက်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့တော့တို့ဟင်းချိုထဲမှာ အကောင်းစားကြီး ပါတာပေါ့။ မေမေက သကြား ၂.၅ ကီလိုနဲ့ ကြက်ဥ ၁၀ လုံး သွားလဲလာတာ”လို့ အိုလက်ရှ်ကီမြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တက်တီယာနာ ဟာဆန်နန်ကို ထံ ပေးပို့တဲ့စာမှာ ရေးထားပါတယ်။ “မုန်လာထုပ်တော့ မပါဘူး၊ ဒါပေမဲ့ ကညွှတ်တော့ ပါတယ်”လို့လည်း စာထဲမှာ ထပ်ရေးထားပါတယ်။

သာမန်အချိန်မှာ ဟာသလို ထင်ရနိုင်တဲ့ ဒီစကားတွေဟာ အခုအချိန်မှာတော့ လူတွေရဲ့ ရှင်သန်ဖို့ ကြိုးစားနေရတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။ ဟာဆန်နန်ကိုက ဒီလို သတင်းပို့စာတွေကို မကြာခဏ လက်ခံရရှိနေပြီလို့ DW သတင်းဌာနကို ပြောပါတယ်။

“လူတွေက မျှော်လင့်ချက်ကလေး ရလိုရငြား စာပို့ကြတာပါ။ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမရှိပါဘူး” လို့ သူမက ဆိုပါတယ်။

မြို့ထဲကို စားနပ်ရိက္ခာ နောက်ဆုံးဝင်လာခဲ့တာ မေလကုန်ပိုင်းမှာ ဖြစ်ပြီး “အခြေအနေက တကယ်ကို စိုးရိမ်ရပါတယ်။ ဒါကို အစားအစာပြတ်လပ်မှုတင် မကတော့ဘဲ ငတ်မွတ်ခေါင်းပါးမှုလို့ ခေါ်လို့ရနေပြီ” လို့ သတိပေးခဲ့ပါတယ်။

အိုလက်ရှ်ကီမြို့ဟာ နီပရိုမြစ် ရဲ့ ဘယ်ဘက်ကမ်းမှာ တည်ရှိပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားရဲ့ အပြည့်အဝ ကျူးကျော်စစ် စတင်ချိန်ကတည်းက သိမ်းပိုက်ခံထားရတာ ဖြစ်ပါတယ်။၂၀၂၃ ခုနှစ်ဇွန်လမှာလည်း ကာခေါ့ဗ်ကာ ရေအားလျှပ်စစ်စက်ရုံနဲ့ ရေကာတာ ကျိုးပေါက်ခဲ့တာကြောင့် မြို့တစ်ခုလုံးနီးပါး ရေမြှုပ်ခဲ့ရပါတယ်။ စစ်ပွဲနဲ့ ရေဘေးဒဏ်တွေပေါင်းစပ်လာပြီးနောက် အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

လက်ရှိမှာ ကလေး ၁၈၀ အပါအဝင် လူဦးရေ ၆,၀၀၀ ခန့် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ မီးမရှိ၊ ဓာတ်ငွေ့မရှိတဲ့ဘဝနဲ့ ရေတွင်းတွေကနေ ရေခပ်သုံးရင်း နေထိုင်နေကြရပြီး နောက်ထပ် ခက်ခဲမယ့် ဆောင်းရာသီတစ်ခုကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ စိုးရိမ်မှုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

အိုလက်ရှ်ကီမြို့သားတွေအတွက် အခုအချိန်မှာ စားနပ်ရိက္ခာဟာ နေ့စဉ်အသက်ရှင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ဒေသခံမဟာလီနာ(လုံခြုံရေးအရ အမည်လွှဲထားသူ)ကသူမတို့ရဲ့လက်ရှိဘဝအခြေအနေကိုDWကိုဖုန်းနဲ့ ပြောပြခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ဒီနေ့ နေ့လယ်အထိ ဘာမှ မစားရသေးဘူး”လို့သူမကဆိုပါတယ်။ “ဒီနေ့အတွက် အကောင်းဆုံး စားစရာဆိုလို့ ရေနဲ့ ဂျုံမှုန့်နယ်ပြီး ဖုတ်ထားတဲ့ မုန့်ပြားပဲ ရှိတယ်။ အဲဒီပေါ်မှာ ပန်းသီးယို သုတ်ပြီး သကြားမပါတဲ့ လက်ဖက်ရည်နဲ့ သောက်ရတာပါပဲ” လို့ ပြောပါတယ်။

မြို့သားတွေဟာ လုံခြုံရေးအခြေအနေကြောင့် မနက် ၇ နာရီနဲ့ ၉ နာရီကြားလောက်မှာသာ အပြင်ထွက်ကြပြီး ဈေးဘက်မှာ စုဝေးကာ သတင်းနားထောင်တာ၊ ကိုယ့်မှာရှိတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ခင်းထွက်ပစ္စည်းတွေကို လဲလှယ်တာ၊ ရောင်းချတာတွေ လုပ်နေကြရပါတယ်။

“ဒီနေ့တော့ ဇူးကီးနီး အနည်းငယ်ကို တစ်ကီလို ရူးဘယ် ၁,၀၀၀ နဲ့ ရောင်းနေတာတွေ့တယ်။ ဂျုံမှုန့်အိတ်ကြီးတစ်အိတ်ကိုတော့ ရူးဘယ် ၂၀၀,၀၀၀ နဲ့ ရောင်းနေတာတွေ့ခဲ့တယ်။ အဲဒီလူက မြို့ကနေ ထွက်သွားဖို့ ကြိုးစားနေတာမို့ ဒီလောက်ဈေးတင်ရောင်းတာ ဖြစ်မယ်” လို့ မဟာလီနာက ပြောပါတယ်။

အရင်က အိုလက်ရှ်ကီကနေ စကတ်ဒေါ့ဗ်စခ်၊ အဲဒီကနေတစ်ဆင့် ခရိုင်းမီးယား ဒါမှမဟုတ် ရုရှားဘက်ကို မီနီဘတ်စ်ကားတွေ သွားလာပြီး စားနပ်ရိက္ခာတွေ သယ်ယူရောင်းချနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီးနောက် အဲဒီသွားလာမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ လူနာတင်ယာဉ် နှစ်စီးကို အစားထိုးအသုံးပြုပြီး အစားအစာသယ်ယူခဲ့ပေမဲ့ လွန်ခဲ့တဲ့ တစ်လခွဲခန့်က ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့တာကြောင့် အဲဒီယာဉ်တွေပါ မပြေးဆွဲတော့ဘူးလို့ ဆိုပါတယ်။

အခုဆိုရင် မြို့သားတွေဟာ တောင်ဘက် ကီလိုမီတာ ၂၀ (၁၂.၄ မိုင်) အကွာမှာရှိတဲ့ ရာဒန့်စခ် ကျေးရွာဆီကို ခြေလျင်ဖြစ်စေ၊ စက်ဘီးနဲ့ဖြစ်စေ သွားပြီး ရိက္ခာဝယ်ယူနေကြရပါတယ်။

မြို့ကနေ ထွက်ခွာလိုသူတွေအတွက်လည်း လမ်းခရီးက အသက်အန္တရာယ်ရှိနေပါတယ်။ သူတို့ဟာ နောက်ထပ် ကီလိုမီတာ ၂၀ ဝေးတဲ့ တာရာဆီးဗ်ကာ ကျေးရွာအထိ သွားရပြီး အဲဒီကမှ စကတ်ဒေါ့ဗ်စခ်ကို မီနီဘတ်စ်ကား ဒါမှမဟုတ် ကားကြုံစီးပြီး ထွက်ခွာကြရပါတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်မှာ မိုင်းတွေ အများအပြား ထောင်ထားတာကြောင့် ထွက်ခွာဖို့ ကြိုးစားခြင်းဟာလည်း အန္တရာယ်ကြီးမားပါတယ်။

“ထွက်သွားရင်လမ်းမှာတင်သေသွားနိုင်တယ်”လို့ မဟာလီနာက ပြောပါတယ်။

အစားအစာရှာဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးနှစ်ဦးလည်း မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါတယ်။ အိုလက်ရှ်ကီမှာ မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေကြောင့် ဒဏ်ရာရသူတွေ အများအပြားရှိပေမဲ့ လိုအပ်တဲ့ ဆေးကုသမှု မရရှိကြပါဘူး။

“ခြေထောက်ပြတ်သွားရင်တော့ သေပြီလို့သာ မှတ်လိုက်တော့။ ဆေးရုံမှာ ခွဲစိတ်ဆရာဝန် ရှိပေမဲ့ မေ့ဆေးဆရာဝန်ရော၊ ဆေးဝါးပါ မရှိဘူး” လို့ မဟာလီနာက ဆိုပါတယ်။ ဆေးရုံတက်နေရသူတွေရဲ့ အခြေအနေကလည်း ပိုမိုဆိုးရွားလာနေပါတယ်။

“ပြီးခဲ့တဲ့ ဆောင်းရာသီက ဟင်းချိုနဲ့ မုန့်နှစ်တုံး ရသေးတယ်။ အခုတော့ ရေနဲ့ကျိုထားတဲ့ ဂျုံပြုတ် တစ်ဇွန်းခွဲနဲ့ လက်ဖက်ရည်အေးပဲ ရတော့တယ်” လို့ သူမက ပြောပါတယ်။ အစားအစာနဲ့ ဆေးဝါး ပြတ်လပ်မှုအပြင် မြို့သားတွေအတွက် နောက်ထပ် အခက်အခဲတစ်ခုကတော့ ထွက်ခွာနိုင်ရေး ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် (ရုရှား သို့မဟုတ် ယူကရိန်း) မရှိခြင်းနဲ့ ငွေသားမရှိခြင်း တွေကြောင့်လည်း ဘေးလွတ်ရာကို ထွက်ခွာဖို့ ပိုမိုခက်ခဲနေပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ အိုလက်ရှ်ကီမြို့သားတွေဟာ စစ်ပွဲရဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူတွေ မဟုတ်ပေမဲ့ စစ်ပွဲရဲ့အပြင်းထန်ဆုံး ဒဏ်ရာတွေကို ခံစားနေရသူတွေ ဖြစ်လာပါတယ်။ အကြီးမားဆုံး ပြဿနာကတော့ လူတွေဟာ အန္တရာယ်ထဲမှာ ပိတ်မိနေပြီး ထွက်ခွာနိုင်မယ့် လမ်းကို မတွေ့နိုင်တော့တာ ဖြစ်ပါတယ်။

မြို့သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လူသားချင်းစာနာမှုဆိုင်ရာ စမတ်လမ်းကြောင်း (Green Corridor) ဖွင့်ပေးဖို့ ဖြစ်တယ်လို့ အိုလက်ရှ်ကီမြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တက်တီယာနာ ဟာဆန်နန်ကို က ပြောပါတယ်။

“အုပ်ချုပ်သူဘက်က လူတွေကို စစ်ဘေးနဲ့ ဝေးရာဆီ ရွှေ့ပေးရမယ်” လို့ သူမက ဆိုပါတယ်။

အိုလက်ရှ်ကီက အရပ်သားတွေ ရွှေ့ပြောင်းရေးအတွက် ပြီးခဲ့တဲ့နွေဦးကတည်းက ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ယူကရိန်း လွှတ်တော် လူ့အခွင့်အရေး ကော်မရှင်နာ ဒီမီထရို လူဘီနက်စ် ရဲ့ ဦးဆောင်မှုနဲ့ ထွက်ခွာလိုသူတွေရဲ့ စာရင်းကိုလည်း ပြုစုခဲ့ပါတယ်။

“လူ ၃၅၈ ယောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ လိုအပ်နေပါတယ်” လို့ လူဘီနက်စ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာရင်းဟာ လက်ရှိ သိရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး မြို့ထဲမှာ လူ ၆,၀၀၀ ခန့် ကျန်ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

“ဒီမြို့ဟာ သေတွင်းကြီး ဖြစ်နေပါတယ်။ သူတို့ကိုအမြန်ဆုံးကယ်ထုတ်ဖို့လိုအပ်ပါတယ်” လို့ လူဘီနက်စ်က သတိပေးခဲ့ပါတယ်။ယူကရိန်းနဲ့ ရုရှားကြားမှာ ကနဦး သဘောတူညီချက်အချို့ ရရှိခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေက အပစ်အခတ် ရပ်စဲပေးကာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကူညီပေးဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားဘက်ကတော့ ရွှေ့ပြောင်းရေးလုပ်ငန်းကို အမှန်တကယ် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း အတည်မပြုဘဲ အချိန်ဆွဲနေခဲ့တယ်လို့ လူဘီနက်စ်က ပြောပါတယ်။ အဲဒီအတောအတွင်း အိုလက်ရှ်ကီမြို့သားတွေရဲ့ မျှော်လင့်ချက်တွေဟာတဖြည်းဖြည်း ပျောက်ဆုံးလာနေပါတယ်။

“သူတို့က ရွှေ့ပြောင်းရေး ချက်ချင်းစတော့မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ အခုတော့ သူတို့ကို ဘာမျှော်လင့်ချက်မှ မပေးနိုင်တော့ဘူး” လို့ ဟာဆန်နန်ကိုက ဝမ်းနည်းစွာ ပြောပါတယ်။

အိုလက်ရှ်ကီမြို့ရဲ့ လက်ရှိအခြေအနေဟာ သမိုင်းတစ်လျှောက် အကြိမ်ကြိမ်တွေ့မြင်ခဲ့ရတဲ့ စစ်ပွဲတွေရဲ့ အကြီးမားဆုံး ပေးဆပ်ရသူတွေဟာ လက်နက်ကိုင်ထားသူတွေချည်းသာ မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ သာမန်ပြည်သူတွေပါဖြစ်ကြောင်းပြသနေပါတယ်။

ကိုးကား – DW

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook