ဆန္ဒပြသူတွေကို သတ်ဖြတ်နေမယ်ဆိုရင် အမေရိကန် အစိုးရရဲ့ စွက်ဖက်မှုနဲ့ ကြုံရလိမ့်မယ်လို့ အီရန်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။
အီရန်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်နေမယ်ဆိုရင် အမေရိကန် အနေနဲ့ ပြည်သူတွေကို ဝင်ရောက် ကယ်တင်ရလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။ အဲဒီအတွက်လည်း အမေရိကန်ဟာ အားလုံး အဆင်သင့် ပြင်ထားတယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။
အီရန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစပြီး နိုင်ငံရဲ့ ရီယယ်ငွေကြေး စံချိန်တင် ကျဆင်းမှုကို မကျေနပ်တဲ့ ပြည်သူတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အစောပိုင်းက စျေးဆိုင်ပိုင်ရှင်တွေ၊ ကုန်သည်ပွဲစားတွေက စတင် ဆန္ဒပြခဲ့ပြီး အဲဒီနောက် ကျောင်းသားတွေပါ ပူးပေါင်းပါဝင်လာသလို အခုဆိုရင် နိုင်ငံအနှံ့ဆီ ဆန္ဒပြပွဲတွေ ပျံ့နှံ့လာနေပြီ ဖြစ်ပါတယ်။
အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ ထရမ့်အနေနဲ့ ဝင်ရောက်စွက်ဖက်မယ်ဆိုတဲ့ စကားမျိုးကို ဂရုတစိုက် စဉ်းစားပြီးမှ ပြောသင့်ကြောင်း၊ အကျိုးဆက်တွေက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးမှာ အုတ်အော်သောင်းနင်းတွေ ဖြစ်သွားစေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

Public Service Announcement
အီရန်မှာ ဆန္ဒပြပွဲတွေ စတင်လာတဲ့ ကာလတလျှောက် အနည်းဆုံး လူ ၈ ဦးလောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာတော့ ထရမ့်က အီရန်အနေနဲ့ လုပ်နေကျအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို ပစ်ခတ်နေရင်၊ အကြမ်းဖက် သတ်ဖြတ်နေရင် အမေရိကန်က ငြိမ်နေမှာ မဟုတ်ဘဲ ဆန္ဒပြသူတွေကို ဝင်ရောက် ကယ်တင်နိုင်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့မှာ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်လို နည်းလမ်းမျိုးတွေနဲ့ အီရန်ကို တုံ့ပြန်ကိုင်တွယ် အရေးယူမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြ မထားခဲ့ပါဘူး။ ထရမ့်ရဲ့ ခြိမ်းခြောက်မှုဟာ အီရန်အတွက် ပေါ့ပေါ့ဆဆ သဘောထားလို့လည်း မရပြန်တဲ့ နောက်ကြောင်းတွေ ရှိနေပါတယ်။
ဇွန်လတုန်းက အစ္စရေးနဲ့ အီရန် စစ်ဖြစ်နေချိန်မှာ ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်က ပါဝင်စွက်ဖက်ခဲ့ပြီး အီရန် နျူကလီးယား စက်ရုံတွေကို ဗုံးကြဲခဲ့ဖူးပါတယ်။
အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ရီယယ်ငွေကြေး တန်ဖိုးက ဆိုးဆိုးရွားရွား ကျဆင်းသွားခြင်းနဲ့အတူ အီရန်မှာ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး လူထုက အုံကြွ ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေဟာ မြို့တော် တဟီရန်မှာ အစပြုခဲ့ပေမယ့် နောက်တော့ တခြားမြို့ကြီးတွေကိုပါ ကူးစက် ပျံ့နှံ့လာခဲ့ပါတယ်။
ကိုးကား: BBC


















































