အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အမှန်တကယ် အဆုံးသတ်သွားပြီးပြီလို့တောင် ယူဆနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲပြီးရင် အမေရိကန်ဟာ အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်လည် စတင်လာနိုင်ကြောင်း စိုးရိမ်တကြီး ခန့်မှန်းမှုတွေ ရှိနေချိန်မှာ ထရမ့်က အခုလို မှတ်ချက်ပေးလာခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ထရမ့်က အခုဆိုရင် အစ္စရေးနဲ့ ပင်လယ်ကွေ့ ဒေသတွင်း မဟာမိတ် နိုင်ငံတွေဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေ ရန်ကနေ ကောင်းကောင်းကြီး ကာကွယ်ထားနိုင်ပြီ ဖြစ်တာကြောင့် နောက်ထပ် စစ်ရေး ပဋိပက္ခတွေ၊ တင်းမာမှုတွေ ထပ်ပြီး မြင့်တက်လာစရာ မလိုတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာ စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဖို့က မရှိမဖြစ် လိုတဲ့ ကိစ္စမျိုး မဟုတ်တော့ကြောင်း၊ ဒါပေမဲ့ အမေရိကန်ဟာ ကျည်ဖြည့်ထားပြီး ဘယ်လို အကြောင်းပြချက်အတွက်မဆို အသင့် ပြင်ဆင်ထားမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
အမေရိကန်နဲ့ အီရန်ကြားက စစ်ရေး ပဏ္ဍိပက္ခ အဆုံးသတ်နိုင်အောင် အပူတပြင်း ကြားဝင် ညှိနှိုင်းပေးနေတဲ့ ကာတာ ဝန်ကြီးချုပ် မိုဟာမက် ဘင် အက်ဘဒူလာမန် အယ်လ်သာနီက ဆွေးနွေးမှုတွေ တိုးတက်နေကြောင်း ပြောဆိုခဲ့ပြီး မကြာခင်မှာ ထရမ့်ဆီက အခုလို သဘောထားမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အယ်လ်သာနီက စစ်ရေး ပဋိပက္ခကို အဆုံးသတ်နိုင်မယ့် လမ်းကြောင်းဆီ အရှိန်အဟုန်နဲ့ ချဉ်းကပ်နေနိုင်ကြောင်း၊ မကြာခင်မှာတင် စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်သာနီဟာ အိမ်ဖြူတော်မှာ ထရမ့်နဲ့ လာရောက်ဆွေးနွေးပြီး အီရန်ကို မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ထရမ့်ဟာ အရင်ကလည်း အီရန်နဲ့ ဆွေးနွေးမှုတွေရဲ့ ရလဒ်တွေကို ပုံကြီးချဲ့ ပြောဆိုတာတွေ အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။ ၉ လနီးပါးလောက် ကြာမြင့်လာတဲ့ စစ်ရေးပဋိပက္ခ တလျှောက်မှာ ထရမ့်ဟာ စစ်ပွဲက မနက်ဖြန်၊ သန်ဘက်ခါပဲ ချက်ချင်း ပြီးဆုံးတော့မလိုလို မကြာခဏ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ထရမ့်က အီရန်ဟာ ဘယ်လို အခြေအနေ၊ ဘယ်လို သဘောတူညီမှုမှာမဆို နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ခွင့်တော့ လုံးဝ မရစေရဘူးလို့ အခိုင်အမာ ပြောကြားထားပြီး အဲဒီကိစ္စမှာ အပြောင်းအလဲ နည်းနည်းလေး ရှိလာတာနဲ့တင် အမေရိကန်က အင်ပြည့်အားပြည့် စစ်ဆင်နွှဲမှုတွေ ပြန်စလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာတော့ အီရန်က နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ဆိုတာ အတော်ကြီး မဖြစ်နိုင်ကြောင်း၊ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသဟာ အီရန်ရဲ့ အန္တရာယ်ပေးမှု၊ ခြိမ်းခြောက်မှုတွေကနေ လုံခြုံဘေးကင်းနေကြောင်း၊ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေမှာလည်း အပြုသဘောဆောင်တဲ့ အရှိန်အဟုန်တွေ တွေ့မြင်နေရပြီး လက်ရှိမှာ အမေရိကန် အကျိုးစီးပွား အားလုံးကို ကာကွယ်ထားနိုင်ပြီဆိုတာ တပ်အပ် ပြောနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။
ဒါကြောင့် အနှစ်ချုပ် ပြောရရင် အီရန်စစ်ပွဲကြောင့် အမေရိကန် ပြည်သူတွေ၊ ကမ္ဘာကြီးတစ်ခုလုံးဟာ ပိုပြီး ဘေးကင်း လုံခြုံသွားမှာဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။
တစ်ဖက်မှာတော့ အီရန်စစ်ပွဲဟာ အမေရိကန်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီအတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေ ကြုံတွေ့စေခဲ့ပြီး နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အရေးနိမ့်ပြီး လွှတ်တော်နှစ်ရပ် ထိန်းချုပ်ခွင့်ကို အတိုက်အခံ ဒီမိုကရက်တစ် ပါတီဆီ ပြန်လွှဲပေးခဲ့ရပါတယ်။ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကတော့ ရွေးကောက်ပွဲ ရှုံးခဲ့တာဟာ အီရန်စစ်ပွဲကြောင့်ဆိုတာ လူတိုင်းသိကြကြောင်း အတိအလင်း ဝေဖန်သွားပါတယ်။
ကိုးကား: Guardian




















































