ရထားနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေအတွက် ရည်ရွယ်ကျင်းပတဲ့ အောက်မေ့မှု အခမ်းအနားနဲ့ ဆုတောင်းပွဲကို စပိန်ဘုရင်နဲ့ မိဖုရားတို့ တက်ရောက်ခဲ့ကြပါတယ်။
အောက်တိုဘာ ၂၈ ရက်တုန်းက အူရ်ဒါ မြို့လေးနားမှာ မြန်နှုန်းမြင့် ခရီးသည်တင် ရထားတစ်စီးက ရပ်ထားတဲ့ နောက်တစ်စီးကို အနောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ စပိန်မှာ ၂၀၁၃ နောက်ပိုင်း အဆိုးဆုံး ရထားလမ်း မတော်တဆမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့သလို စုစုပေါင်း လူ ၆၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ပြီးတော့ စပိန်အတွက် တစ်နှစ်တည်းမှာတင် ဆိုးရွားတဲ့ ရထားတိုက်မှု ဖြစ်စဉ် နှစ်ခု ကြုံတွေ့ခဲ့တာကြောင့် လူထု ဝေဖန်သံတွေ မြင့်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်ရေး ဝန်ကြီး အော်စကာ ပွန်တေးလည်း ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ စပိန်နိုင်ငံ အလယ်ပိုင်းက တိုလီဒို ခရစ်ယာန် ဘုရားကျောင်းကြီးမှာ ကျင်းပခဲ့တဲ့ အောက်မေ့မှု ဆုတောင်းပွဲ အခမ်းအနားကို စပိန်ဘုရင် ဆဋ္ဌမ ဖိလစ်နဲ့ မိဖုရားခေါင်ကြီး လက်တစ်ဇီရာတို့ ရောက်ရှိလာတာကို တွေ့ရပါတယ်။

Public Service Announcement
ဘုရင်နဲ့ မိဖုရားဟာ ဘုရားကျောင်းက ခရစ်ယာန် ဘုန်းတော်ကြီးတွေနဲ့ စကားစမြည် ပြောဆိုခဲ့သလို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကိုလည်း တွေ့ဆုံပြီး နှစ်သိမ့် အားပေးခဲ့ပါတယ်။
ရထားချင်း တိုက်မိမှုမှာ ဒဏ်ရာရခဲ့သူတွေထဲက ၂၈ ဦးဟာ လက်ရှိအချိန်ထိ ဆေးရုံတက်ပြီး ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ အူရ်ဒါမှာ ကြုံတွေ့ခဲ့တဲ့ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးဟာ မိသားစုဝင်တွေ၊ မြို့ခံတွေ၊ ဒေသခံ လူ့အသိုက်အဝန်းတွေအတွက် ဖြေမဆည်နိုင်စရာ နာကျင်မှုတွေကို ချန်ရစ်ထားခဲ့ကြောင်း ဘုရားကျောင်း အကြီးအမှူး ဘုန်းတော်ကြီး ဆီရိုချားဗက်စ်က ပြောကြားခဲ့ပါတယ်။
ရထားချင်း တိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲပါ။ နုတ်ထွက်သွားပြီဖြစ်တဲ့ ပို့ဆောင်ရေး ဝန်ကြီး(ဟောင်း) ပွန်တေးကတော့ လုံခြုံရေး စနစ်ရဲ့ ချွတ်ယွင်းမှု တစ်ခုနဲ့ လူသားရဲ့ မှားယွင်းဆုံးဖြတ်ချက်တွေ ပေါင်းပြီး အခုလို အခြေအနေဆိုးကြီးဆီ ဦးတည်သွားတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
သေဆုံးသူတွေအတွက် ဆုတောင်းပွဲ အခမ်းအနား ကျင်းပတဲ့ နေ့မှာပဲ စပိန်မှာ ရထားမောင်းသူ စက်ခေါင်းမှူးတွေ ပြည်လုံးကျွတ် ဆန္ဒပြပွဲတစ်ခု ကျင်းပပြီး ပြည်တွင်း ရထားကွန်ရက်တွေရဲ့ လုံခြုံရေး စံနှုန်းတွေကို မြှင့်တင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကိုးကား: BBC




















































