DEE/People’s Spring
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ နှုတ်ခမ်းမွှေးနဲ့အဖွဲ့သားတွေက မြန်မာလုပ်သားအချို့ကို ဇန်နဝါရီ ၁၉ ရက်ညကလိုက်လံရှာဖွေပြီးအကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ရက်ညပိုင်းကအယုဒ္ဓယမြို့မှာမြန်မာတစ်ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ ကားနဲ့ ဆိုင်ကယ်ချင်းတိုက်မိရာကအစပြုပြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့သားတွေက သူတို့လာဖြေရှင်းမယ်ဆိုပြီး ရောက်လာကြတာလို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။ကားမောင်းတဲ့မြန်မာတစ်ဦးက ထိုင်းလူမျိုးဆိုင်ကယ်စီးသူကို ကားနဲ့လိုက်တိုက်တယ်ဆိုပြီး အမျိုးသားရေးအစွန်းရောက်သူတွေက သတင်းဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ထိုင်းနှုတ်ခမ်းဆိုတာထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)ခေါင်းဆောင်ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ထိုင်းအမျိုးသားရေးအစွန်းရောက်၄၀ ခန့်ကဆိုင်ကယ်တွေနဲ့ မြန်မာလုပ်သားတွေ နေထိုင်ရာ တန်းလျားတွေနဲ့ လမ်းမနေရာတွေမှာ မြန်မာလုပ်သားတွေကို လိုက်လံရှာဖွေပြီး အကြမ်းဖက်ရိုက်နှက်ခဲ့ကြတာပါ။

Public Service Announcement
အယုဒ္ဓယမြို့မှာ အနည်းဆုံး မြန်မာလုပ်သား ၃၀ လောက် ရိုက်နှက်ခံရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။ နှုတ်ခမ်းမွှေးနဲ့ ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။
“တအာကြီးကို ဆိုးတယ်။ အသလွတ်ရိုက်နေတာ။ မြန်မာတွေ ထွက်ပြေးကြရတယ်။ တချို့လည်း ဘာမှမလုပ်ရဲတော့ ငြိမ်ခံနေရတယ်”လို့ အယုဒ္ဓယမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။ နှုတ်ခမ်းမွှေးနဲ့အဖွဲ့က လူဦးရေ ၄၀လောက်ပါရှိပြီး ဆိုင်ကယ်တွေနဲ့ လိုက်လံ အကြမ်းဖက်ခဲ့တာလို့ အယုဒ္ဓယမြို့ရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဟာ မြန်မာစစ်တပ်နဲ့လျှိုဝှက်တဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးနေသူ ဖြစ်ပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ သူတို့ကို ထိုင်းမဘသ လို့ ခေါ်ကြပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၃ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာကစပြီး လူသိများလာတာပါ။ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ သူကဆန္ဒပြတောင်းဆိုခဲ့တာပါ။
အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းပြချက်ကတော့ စစ်တပ်ကိုတော်လှန်ပြီး နွေဦးတော်လှန်ရေးကိုအားပေးနေကြလို့ပါအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာခဲ့တဲ့ ၂၀၂၅ ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကို နှုတ်ခမ်းမွေးနဲ့အဖွဲ့ကကိုယ်ထိလက်ရောက် ထိုးကြိတ် ရန်ရှာခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်၊ဇူလိုင်လတုန်းက နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ နှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ပြောပါတယ်။အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်ပေါ်ကနေပါ ဝါဒဖြန့်ချီတာတွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်း စုံစမ်းသိရပါတယ်။
အခုတကျော့ပြန်ဖန်တီးလာတဲ့ ပြသာနာတွေဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်မှာဖြစ်ပွားခဲ့တဲ့ထိုင်းနိုင်ငံ၊စမွတ်ပရာကန်ခရိုင်က မြန်မာစားသောက်ဆိုင်လုပ်သားတချို့က အစားအသောက် အိမ်အရောက်ပို့တဲ ထိုင်းဒလီသမားကို ရိုက်နှက်ခဲ့တာက စတာပါ။
စားသောက်ဆိုင်ထဲက မြန်မာတွေ အုပ်စုလိုက် တုတ်တွေနဲ့ ထွက်လာပြီး ဆိုင်ကယ်တွေကိုရိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့ခဲ့ပြီး ဒေါသထွက်စေခဲ့ပါတယ်။
အဆိုပါရန်ပွဲအပေါ် နှုတ်ခမ်းမွှေးနဲ့အဖွဲ့သားတွေက ပါဝင်လာပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင်လိုက်လံလှုံ့ဆော်ရုံသာမက ကိုယ်တိုင်ပြသာနာရှာနေတဲ့အဆင့်ဖြစ်လာတာပါ။
ထိုင်းနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီပေးနေသူတွေက ကြေညာချက်တစ်စောင် ဒီကနေ့(ဇန်နဝါရီ ၂၀ရက်)မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းကို အလုပ်လုပ်ကိုင်ဖို့ လာရောက်ကြသူတွေသာဖြစ်ကြောင်း၊ အရှုပ်တော်ပုံ ဖန်ဆီးဖို့လုပ်နေကြတာ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ဟာအလုပ်လုပ်ဖို့လာတာ၊အရှုပ်တော်ပုံတွေ ဖန်တီးဖို့ မလာကြပါဘူး။မြန်မာအလုပ်သမားအများစုဟာ နေ့စားအလုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြုနေရသူတွေ၊ ထိုင်းနိုင်ငံရဲ့ ကျေးဇူးကို ခံစားရင်း ဝမ်းရေးအတွက် လာရောက်အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်နေရာကိုယ် သိပြီး ကျေးဇူးရှင်အိမ်ရှင်ဖြစ်တဲ့ ထိုင်းလူမျိုးတွေကို စိန်ခေါ်တာမျိုး ဒါမှမဟုတ် မကောင်းကြံစည်တာမျိုး လုံးဝမရှိပါဘူး”လို့ ဖော်ပြထားပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးကတော့ ထိုင်းရောက်မြန်မာတွေဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်တွေလုယူလုပ်နေတယ်လို့ အမြန်းစကားတွေဖြန့်ချီပြီး ထိုင်းလူမျိုးတွေက မြန်မာတွေကို ကြောက်နေရမယ့်ပုံစံဖြစ်နေတယ်လို့ လှုံ့ဆော်နေကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာတွေ စားသောက်ဆိုင်ဖွင့်တာဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်ကို လုယူနေတာလို့ နှုတ်ခမ်းမွှေးက ထိုင်းသတင်းဌာနတွေနဲ့ အင်တာဗျူးတွေမှာ ပြောဆိုထားပါတယ်။
ဒါဟာ ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာလုပ်သားတွေအပေါ် ကြပ်မတ်စစ်ဆေးဖို့ အာဏာပိုင်တွေကို ဖိအားပေးနေတာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေကသုံးသပ်ပါတယ်။
လက်တလော ထိုင်းနိုင်ငံမှာဖြစ်ပွားနေတာဟာ စစ်ကောင်စီ လက်ချက်မကင်းကြောင်းနဲ့ မြန်မာလုပ်သားတွေကို ပုံဖျက်ချင်တဲ့ သဘောလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနဲ့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီနဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောကြားပါတယ်။
“တမင်လုပ်ဇာတ်ဆင်နေတာ။တမင်ကို အမျိုးသားရေးတွေလုပ်နေတာတွေရှိတယ်။ ပြည်ပရောက် မြန်မာတွေရဲ့အားနည်းချက်တွေပေါ့နော်။ အထောက်အထားမခိုင်လုံမှု သူများတိုင်းပြည်မှာဧည့်သည်လို ရိုရိုကျိုးကျိုး နဲ့ကို ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးနေနေကြတဲ့ မြန်မာတွေကို ထပ်ပြီးတော့ လုပ်လိုတာတွေ ပုံဖျက်ပြီးတိုက်ခိုက်တာတွေ ဒါတွေရှိလာတဲ့အတွက်ကြောင့် ပိုပြီးတော့ ဂရုစိုက်ရမယ်။ ဒီဟာတွေရဲ့ နောက်ဆက်တွဲက ကျွန်တော်ထင်ပါတယ်။ စကစရဲ့စနက်တွေ မကင်းဘူးလို့ထင်တယ်”လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
ဒါ့ကြောင့် မြန်မာလုပ်သားတွေအနေနဲ့ အရင်ကထက်ပိုပြီး ဂရုစိုက်နေထိုင်ကြဖို့လည်း ဒုဝန်ကြီးက တိုက်တွန်းပါတယ်။
“မြန်မာတွေမှာ ခုနကလိုမျိုး တစ်ဖက်ကလည်း တအားကြီးကို ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးနေထိုင်တဲ့ သဘာဝရှိတယ်။ တစ်ဖက်ကလည်း မဟုတ်မခံစိတ်ကလည်းရှိတယ်။ အဲဒီတော့ အဲဒါတွေပြန်ပြီးတော့ အခုရှိပြီးသားကနှိမ့်ချတဲ့စိတ်လေးကနိုးကြားနေတယ်။အဲဒီ့ကနေပြီးတော့ မဟုတ်မခံစိတ်တွေ ဖြစ်ပြီးတော့ ဘာဖြစ်ဖြစ်ကွာဆိုပြီး သေမထူးနေမထူးဆိုတဲ့ စိတ်မျိုးဝင်သွားမှာကိုလည်းစိုးရိမ်တယ်။ ကျွန်တော်တို့တွေ ဒီအချိန်မှာတော့ သည်းခံပေးဖို့ပါပဲ။ ကျွန်တော်တို့ဘက်ကလည်း ဒီဘက်ကတတ်နိုင်သလောက်နိုင်ငံ
ခြားရေးဘက်ကလည်း ဒီဘက်ကိုအမြဲတမ်းတရား
ဝင်ရော စာတွေထုတ် ပြီးမေတ္တာရပ်ခံတာတွေလည်းရှိပါတယ်။ကိုယ့်နိုင်ငံသားတွေကို မေတ္တာ
ရပ်ခံသလို တစ်ဖက်နိုင်ငံသားနဲ့ အစိုးရကိုလည်း မေတ္တာရပ်ခံတာတွေရှိပါတယ်”လို့ ဒုဝန်ကြီးက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာတွေအကြား အမုန်းတရားကြီးထွားအောင် လှုံ့ဆော်တာနဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် စတင်ခဲ့တာက ပြီးခဲ့တဲ့ သုံးလကျော်ကတည်းကပါ။
စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲမှာ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြိုတော်ဘန်ကောက်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီးမှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီးထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ကြံစည်ခဲ့ကြပါတယ်။
ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေကပြောခဲ့ကြပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် ဖော်ခဲ့ပါတယ်။
ဘယ်လိုပြသာနာရှာလဲဆိုရင် ပေါက်ကိုယ်တော်က ပျူစောထီးတွေထဲက သူ့လက်ရုံးလူမိုက်အချို့ကို ထိုင်းကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာခိုင်းတာ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ထိုင်းမှာပြဿနာရှာဖို့အ
တွက် သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်နေတာကို လူထုနွေဦးက ၂၀၂၅ နိုဝင်ဘာမှာ စုံစမ်းသိရှိခဲ့ပါတယ်။
ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာနေတာများတဲ့နေရာတွေမှာ ပြသာနာရှာဖို့ ပေါက်ကိုယ်တော်က သူ့တပည့်လူမိုက်တွေကို အသွားအပြန်စာရိတ်ငြိမ်းစေလွှတ်ပေးနေတာလို့စုံစမ်းသိရပါတယ်။
အဲဒီလိုပြသာနာရှာရင် ထိုင်းရောက်မြန်မာတွေကိုအိမ်ရှင်ထိုင်းနိုင်ငံသားတွေက မကြိုက်အောင် ၊မြန်မာတွေအနေကြပ်ပြီး ဒုက္ခရောက်အောင်၊ထိုင်းမှာမနေနိုင်အောင် ပေါက်ကိုယ်တော်ကတဆင့်စစ်တပ်ကကြံစည်နေတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးကိုအဓိက ထောက်ပို့နေတဲ့ ၊ကူညီနေတဲ့ထိုင်းရောက်မြန်မာတွေ ဒုက္ခရောက်ပြီး ထိုင်းမှာမနေနိုင်အောင် ၊ထောက်ပို့မလုပ်နိုင်အောင် ၊ထိုင်းမှာအနေခက်လို့ပြန်လာတဲ့လူငယ်တွေကို စစ်တပ်ကစစ်မှုထမ်းခိုင်းခို့ရအောင် ကြံစည်နေတာလို့ထိုင်းရောက်မြန်မာတွေကပြောပါတယ်။
စစ်တပ်ရဲ့အကြံအစည်ကို ပေါက်ကိုယ်တော် တပည့်တွေ ၊ထိုင်းမဘသလို့ခေါ်တဲ့ နှုတ်ခမ်းမွှေးတို့ အကောင်အထည်ဖော်လာနိုင်တာကို People’s Spring ကအကြိမ်ကြိမ်သတိပေးဆောင်းပါးတွေရေးသားဖော်ပြထားပါတယ် ။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်ကနေ ၁၃ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်းမှာရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကြပ်မတ်စစ်ဆေးသွားမယ်လို့ ပြောကြားပါတယ်။ ။ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် စုံချိုင် မော်လကွတ်စီဝမ်ကမြန်မာလုပ်သားတချို့ရဲ့ ဖြစ်ရပ်တွေအပြီး ဇန်နဝါရီ ၁၄ရက်မှာ ချက်ချင်းပြောဆိုတာ ဖြစ်ပါတယ်။
အဲဒီနောက် စာရွက်စာတမ်းမပြည့်စုံတဲ့မြန်မာတွေကို ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုတွေလုပ်လာပါတယ် ။ထိုင်းနိုင်ငံရဲ့ စစ်တပ်၊ရဲတပ်ဖွဲ့၊လူဝင်မှုကြီးကြပ်ရေး(လဝက)စတဲ့ အာဏာပိုင်တွေပါတဲ့အဖွဲ့က မြန်မာတွေကိုလိုက်လံစစ်ဆေးပြီး စာရွက်စာတမ်းမပြည့်စုံသူတွေကို ဖမ်းဆီးတာဖြစ်ပါတယ်။အခုတခါ စစ်ဆေးရေးဝင်တာကတော့ အရင်လုပ်နေကြပုံစံတွေထက် ကြမ်းတမ်းပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ အထောက်အထားမရှိပဲ အလုပ်လုပ်ကိုင်တာ ၊ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တာ စစ်ဆေးတွေ့ရှိရင် ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိဒဏ်ငွေချမှတ်ခံရမှာ ဖြစ်ပါတယ်။အဆိုးဆုံးကမိခင်နိုင်ငံကို နှင်ထုတ်ခံရမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်အထိ တားမြစ်ခံရမှာလို့ ဆိုပါတယ်။
ဒါအပြင် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကလည်း ဇန်နဝါရီ ၁၉ရက်မှာ “တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ထိုင်းတစ်နိုင်ငံလုံး စစ်ဆေးမည်” ခေါင်းစဉ်နဲ့ ဖော်ပြလာပါတယ်။
“နိုင်ငံခြားသား လုပ်သားများသည် ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထား သည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေခြင်းစသည့် ဖြစ်စဉ်များ ရှိနေခြင်းကြောင့် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို မထိခိုက်စေရန်ရည်ရွယ်ပြီး ဥပဒေအရပြတ်ပြတ်သားသား အရေးယူဆောငရွက်မည်ဖြစ်ကြောင်း သိရသည်”လို့ စစ်ကောင်စီသတင်းက ဆိုထားပါတယ်။
စစ်တပ်သတင်းသာတွေက အာဏာသိမ်းပြီးနောက်ပိုင်းအခုလိုရေးသားတာပထမဆုံးအကြိမ်ဖြစ်သလို ၊ထိုင်းရောက်မြန်မာလုပ်သားတွေ ဖမ်းဆီးစစ်ဆေးခံနေရမှုအပေါ် စစ်ကောင်စီက အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ဖော်ပြလာတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ CDM ဦးဝေလင်းမောင်က သုံးသပ်ပါတယ်။
“ဒါကဗျာ ပိုဖမ်းအောင် တွန်းအားပေးတဲ့ ဖော်ပြမှုမျိုး။သက်သက်လုပ်ခြိမ်းခြောက်တာ”လို့ ဦးဝေလင်းမောင်က ပြောပါတယ်။
လက်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက်လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဇန်နဝါရီ၁၄ရက် မှာပန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခြင်းမပြုကြဖို့၊ တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆိုပါဝင်ပတ်သတ်ခြင်းမပြုဖို့၊ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီသဟဇာတဖြစ်စွာ လိုက်လျောညီထွေနေထိုင်ကြဖို့ ဖော်ပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးကာ ခိုလှုံနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း NUGက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါအပြင် ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို သတိထားစောင့်ကြည့်ကြဖို့လည်း ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတွေကတိုက်တွန်းနေကြပါတယ်။
” စကစဘက်ကလည်း ဝင်ပါနေတယ်။ ဒီကောင်(ထိုင်းနှုတ်ခမ်းမွှေး)ကလည်း အဓိကရုန်းပုံစံဖြစ်အောင် လုပ်နေတယ်”လို့ ဦးဝေလင်းမောင်က ပြောပါတယ်။ ။
ထိုင်းရောက်မြန်မာများ သတိပြုနေထိုင်ရမယ့် အချက်များ
- ထိုင်း – မြန်မာနှစ်နိုင်ငံအကြား အမုန်းစကားပြောဆိုခြင်း မပြုဖို့
- အော်ဟစ်ဆူညံစွာ ပြောဆိုနေထိုင်တာမျိုး မလုပ်ကြရန်(ထိုင်းနိုင်ငံသားအများစုဟာ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပြီး ဆူညံရင် တိုင်ကြားတက်ကြပါတယ်)
- လမ်းဘေးနေရာတွေမှာ မူးယစ်သောက်စားတာ မလုပ်ရန်
- ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခြင်းမပြုကြရန်
- တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆို ပါဝင်ပတ်သတ်ခြင်းမပြုရန်
- ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာကြရန်
- အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီသဟဇာတဖြစ်စွာ လိုက်လျောညီထွေ နေထိုင်ကြရန်
■ဆောင်းပါး မြန်မာမုန်းတီးရေး အရှိန်မြှင့်လာတဲ့စစ်ကောင်စီဝှက်ဖဲ ထိုင်းနှုတ်ခမ်းမွေး DEE/People's Spring…
Posted by People's Spring on Tuesday 20 January 2026
ရုပ်သံ – Pyae Phyo Aung_FB, Zin Ko Ko Htet_FB, H M Vlog_FB

















































