Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“သူတို့ရဲ့ အဓိကလက်နက်က ‘အကြောက်တရား’ ပါပဲ။ ပြည်သူကို ကြောက်ပြီး ဒူးထောက်လာအောင် လုပ်နေတာပါ။ဒါကို ရင်ဆိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ‘သတိ’ နဲ့ ‘စိတ်ဓာတ်ခိုင်မာမှု’ ပါပဲ။ ကျနော်တို့က ကြောက်စိတ်ကို ကျော်လွန်ပြီး ဒီစစ်အာဏာရှင်ကို အမြစ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တောင့်ခံထားကြဖို့ လိုပါတယ်။”

ကောင်ဂျာရွာကို ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်​ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး KHRW ပြောရေးဆိုခွင့်ရှိသူကိုဂျေကော့ကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

​ကောင်ဂျာရွာ ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း နဲ့ကွယ်လွန်ခဲ့သူ​တွေအတွက် နာ​ရေးပြုလုပ်စဥ်။ ဓါတ်ပုံ-​ဒေသခံ

◘ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ – KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့နဲ့မေးမြန်းခန်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ဧရာ၀တီမြစ်အနောက်ခြမ်းကစစ်ရှောင်တွေနေထိုင်ရာကောင်ဂျာရွာကို အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၂ရက် ညနေမှာလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲလို့ ပြည်သူတွေ အစုလိုက် အပြုံလိုက်သေဆုံးထိခိုက်မှု ဖြစ်ခဲ့ပါတယ်။ ရွာက လူကြီးတဦးကွယ်လွန်ထားလို့အောက်မေ့ဘွယ် ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်နေချိန် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ အသုံးပြု ဗုံးကြဲခဲ့တာကြောင့် အနည်းဆုံး ၂၀ဦး သေဆုံးကာ ၃၀ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ပါတာကြောင့် သေဆုံးမှုတွေလည်း ထပ်တိုးနေပါတယ်။ ဒဏ်ရာရသူ ၃၀ဦး နီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့က ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ပေးလျက်ရှိပါတယ်။ စစ်တပ်ဟာ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်မှု ဖြစ်စေခဲ့တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ ကချင်ပြည်နယ်မှာဆိုရင် စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာ၊လက်နက်ကြီးဒရုန်း တိုက်ခိုက်တာတွေကြောင့်၂၀၂၅ အတွင်းမှာပဲ အရပ်သား၁၃၃ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ဒါအပြင် ၁၁၇ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က အသိပေးထားပါတယ်။ ကောင်ဂျာရွာကို ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်​ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး KHRW ပြောရေးဆိုခွင့်ရှိသူကိုဂျေကော့ကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သက်​ဝေ/People’s Spring

မေး။ ။ ဗန်းမော် ကောင်ဂျာရွာ ဗုံးကြဲခံရတဲ့ အခြေအနေကို​ပြောပြ​ပေးပါလား။

Public Service Announcement

Public Service Announcement

ဖြေ။ ။ မနေ့ညက ဖြစ်သွားတာပါ။ သေဆုံးသွားတဲ့ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအပေါ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုဘဲ၊ ပြည်တွင်းစစ်ကို ပိုမိုဆိုးရွားစေပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ကျူးလွန်နေတဲ့ သဘောဖြစ်ပါတယ်။

မေး-စစ်တပ်ရဲ့ဒီကျူးလွန်မှုအပေါ် ဘာပြောလိုပါသလဲ။

ဖြေ-စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို မိမိတို့ “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” အဖွဲ့အစည်းအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။

မေး-လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်စာရင်းတွေ သိရပါပြီလား။

ဖြေ-၂၀ ဦးသေဆုံးအထိရှိလာတယ်လို့တော့ သတင်းရရှိထားပါတယ်။ဒဏ်ရာပြင်းထန်တဲ့သူလည်းရှိတယ်ဆိုတော့ သေဆုံးစာရင်းကအခြေအနေက စိုးရိမ်နေရပါတယ်။

မေး-အခုလို စစ်တပ်က နိုင်ငံတဝန်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံခြုံရေးနဲ့ပတ်သက်ပြီး ဘာပြောလိုပါသလဲဗျ။

ဖြေ-အဓိက ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ လူစုလူဝေးလုပ်တာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ပါပဲ။အကြမ်းဖက်စစ်ကောင်စီက လူအများရှိတဲ့နေရာတွေကို တမင်ရည်ရွယ်ပြီး လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ လုံခြုံရေးကို အထူးသတိပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး-အခုလိုပြည်သူ တွေအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ အရင်ကလည်း ရှိခဲ့တော့ ကချင်ပြည်နယ်အတွင်း အဆိုးဆုံးဖြစ်ရပ်တွေကိုပြောပြပေးပါလား။

ဖြေ- ကျနော်တို့ ကချင်ပြည်နယ်မှာဆိုရင် အများ (ကမ္ဘာ) သိဖြစ်ခဲ့တဲ့ ဖားကန့်မှာဖြစ်သွားတဲ့ အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဘယ်တော့မှ မေ့ပျောက်လို့မရတဲ့ အဖြစ်ဆိုးဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ၊ အနုပညာရှင်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ နောက်ထပ်တစ်ခုကတော့ လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်ရပ်လည်း စစ်ကောင်စီရဲ့ လူမဆန်မှုကို ပြသနေတဲ့ ထင်ရှားတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။

မေး-အခုလို လူထုကို ပစ်မှတ်ထားတာဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကြောင့်လားအခြားဘာရည်ရွယ်ချက်ရှိနိုင်ပါသလဲ။

ဖြေ-ဒါဟာ စစ်ရေးရှုံးနိမ့်မှုရဲ့ ပြယုဂ်တစ်ခုလည်းဖြစ်သလို မြေပြင်တိုက်ပွဲတွေမှာ အထိနာလာတဲ့အခါ သူတို့ဟာ ပြည်သူကို ဓါးစာခံလုပ်ပြီး လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မတိုင်းခင် ဝိုင်းမော်မြို့ဘက်တိုက်ပွဲပြင်ထန်ခဲ့တယ်၊ ဆုံးရှုံးမှုတွေရှိလာတော့ အခုလိုမျိုးလုပ်တဲ့သဘောမျိုးဖြစ်နေပါတယ်။နောက်တစ်ချက်ကတော့တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေ မထောက်ပံ့နိုင်အောင်၊ လူထုကို ကြောက်စိတ်ဝင်သွားအောင် ‘ဖြတ်လေးဖြတ်’ ပုံစံမျိုးနဲ့ ရက်ရက်စက်စက် လုပ်ဆောင်နေတာလို့ သုံးသပ်ပါတယ်။

မေး-စစ်တပ်ဟာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အကြောက်တရားသွင်းပြီး အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ဘာပြောလိုပါသလဲ။ဒါကို ဘယ်လိုရင်ဆိုင်သင့်ပါသလဲ။

ဖြေ-မှန်ပါတယ်။ သူတို့ရဲ့ အဓိကလက်နက်က ‘အကြောက်တရား’ ပါပဲ။ ပြည်သူကို ကြောက်ပြီး ဒူးထောက်လာအောင် လုပ်နေတာပါ။ဒါကို ရင်ဆိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ‘သတိ’ နဲ့ ‘စိတ်ဓာတ်ခိုင်မာမှု’ ပါပဲ။ ကျနော်တို့က ကြောက်စိတ်ကို ကျော်လွန်ပြီး ဒီစစ်အာဏာရှင်ကို အမြစ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တောင့်ခံထားကြဖို့ လိုပါတယ်။ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို ဂရုစိုက်ရင်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ သူတို့ရဲ့ ခြိမ်းခြောက်မှုအောက်ရောက်မသွားဖို့ အရေးကြီးပါတယ်။

မေး-အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ပြည်သူတွေကိုဖိနှိပ်သတ်ဖြတ်တာတွေ ကျူးလွန်တဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါ်တင်တင်လုပ်ဆောင်နေတာက စစ်တပ်ဟာ သူ့ကျူးလွန်ခဲ့မှုတွေအတွက် တာဝန်မခံရတာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေတွေကြောင့်လား။

ဖြေ- သေချာပါတယ်။စစ်ကောင်စီတပ်ဟာဆယ်စုနှစ်များစွာကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်တုန်းကမှ ထိထိရောက်ရောက် အရေးယူမခံခဲ့ရပါဘူး။ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကပဲသူတို့ကိုပိုပြီးရဲတင်းစေခဲ့တာပါ။နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရင်ကသာ ထိရောက်တဲ့ အရေးယူမှုတွေ စောစီးစွာ လုပ်ခဲ့မယ်ဆိုရင် အခုလို အခြေအနေမျိုး ရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုချိန်မှာတော့ ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်းလုပ်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။

မေး-စစ်ကောင်စီက အခုလို ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ ပိုလုပ်လာတဲ့ အပေါ် နိုင်ငံတကာကို ဘာတိုက်တွန်းလိုပါသလဲဗျ။

ဖြေ-စစ်ကောင်စီကပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာဟာလူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နေပါပြီ။ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးနေတာဟာ စစ်ကောင်စီကို လူသတ်ခွင့်လိုင်စင် ပေးထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့ အသက်များကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။

မေး- စစ်အာဏာရှင်တွေ ဆက်လက် ရှိနေသရွေ့ နိုင်ငံတဝန်းက ပြည်သူတွေ အခုလို အကြမ်းဖက်မှု တွေကြုံရနိုင်လို့ ပြည်သူတွေ တော်လှန်ရေးအဖွဲ့တွေကို ဘာ​ပြောလိုပါသလဲ။

ဖြေ။ ။ အာဏာရှင်စနစ် မပျက်သုဉ်းသရွေ့တော့ ဘယ်ပြည်သူမှ လုံခြုံမှုရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေကိုရော၊ ပြည်သူတွေကိုပါ တိုက်တွန်းချင်တာက ဒီအာဏာရှင်စနစ်တိုက်ဖျက်တဲ့ပွဲက အဆုံးသတ် တိုက်ပွဲဖြစ်ဖို့လိုပါတယ်။အဓိကလိုအပ်နေတာက စည်းလုံးမှုဖြစ်ပါတယ်။အနာဂတ်ကိုဘယ်လိုမျိုးပုံဖော်ကြမှာလည်း ဆိုတာ ယခုတော်လှန်ရေးလုပ်နေတဲ့ တစ်ဦးချင်းအပေါ်မှုတည်နေပါပြီ။ ဆက်လက်ပြီး စည်းလုံးမှုပိုမိုခိုင်မာအောင် တည်းထောင်ရင်း၊ အပြန်အလှန် ဖေးမကူညီရင်း အဆုံးထိ လက်တွဲ တိုက်ပွဲဝင်ကြပါ။ကျနော်တို့လက်ထက်မှာစစ်အာဏာရှင်မပျက်သုဉ်းဘူးဆိုရင် ကျနော်တို့ မျိုးဆက်ကလေးတွေ၊ လူငယ်တွေ ဆက်ပြီး သတ်ဖြတ်ခံနေရဦးမယ်ဖြစ်ပါတယ်။ကျနော်တို့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ကြရအောင်လို့ အားပေးတိုက်တွန်းချင်ပါတယ်။

People’s Spring- ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...