●ဦးမင်းကိုနိုင် နဲ့မေးမြန်းခန်း
မေး-ဦးမင်းကိုနိုင်ရေ မင်္ဂလာပါ ။
ဦးမင်းကိုနိုင်ပြောခဲ့သလိုပါပဲ။ အာဏာသိမ်းစစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်လိုလို ၊ နေရာပဲရွှေ့တာလိုလို လုပ်လာပါပြီ။ အခုအခြေနေတွေအပေါ် ဦးမင်းကိုနိုင်ရဲ့ အမြင်တွေကို ပြောပြပေးပါဦး။
ဖြေ-အကျဉ်းထောင်ကနေ အကျဉ်းအိမ်ကိုပို့တယ်လို့ လိုရင်း ပြောပါတော့ဗျာ။ ဒါကိုပဲ လပြည့် လကွယ်တွေတွက်ချက်ပြီးတော့ မဟာဂရုဏာလိုလို ဝါဒဖြန့်ချင်တာပဲဗျ။ ကျွန်တော်ပြောဖူးပါတယ်။ဒီ လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို သူတို့ ကွင်းလုံးကျွတ် ချက်ချင်းမလွှတ်ရဲပါဘူး။ ဘယ်လိုမှမလွှတ်ဘူး။ အဲဒီ့ သတ္တိမျိုးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီက အာဏာလုထားတာကိုးဗျ။ လုထားတဲ့ ဆိုတဲ့ အချက်ကိုတော့ ဘယ်တော့မှ မေ့လို့မရဘူးနော်။ အဲဒီတော့ ဒါကို သူတို့က ဒီလိုအပြစ်မရှိတဲ့ ခေါင်းဆောင်တစ်ယောက်ကို လူထုထောက်ခံမှုအပြည့်ရှိတဲ့လူကို ဖဲချပ်တစ်ချပ်လို ကစားဖို့ကြံနေတယ်ပေါ့ဗျာ။ ဒါကိုတော့ ကျွန်တော်တို့ သတိလွတ်သွားလို့ မရဘူးဗျ။
မေး-စစ်တပ်က အာဏာသိမ်းတာလဲ သူတို့၊ ပြည်သူထောင်သောင်းချီသတ်တာလဲသူတို့၊နေအိမ်သိန်းချီ မီးရှို့တာလဲသူတို့၊ တစ်နိုင်ငံလုံးကိုဖျက်ဆီးခဲ့ပြီး နိုင်ငံတကာအသိမှတ်ပြုမှုကိုလဲ လိုချင်နေတယ် ။စစ်အာဏာရှင်အဆက်ဆက်လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဖိအားတွေလျော့ဖို့ ကစားတာက ဒီတစ်ကြိမ်အလုပ်ဖြစ်နိုင်ပါ့မလား ဒီအခြေအနေတွေအပေါ် သုံးသပ်ပြောကြားပေးပါဦး ။

Public Service Announcement
ဖြေ-မေးခွန်းမှာကိုက စစ်ခေါင်းဆောင်တွေကဘာတွေကျူးလွန်ခဲ့လဲဆိုတာပါပြီးပြီ။ ဒါဆိုဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘာလဲ၊ ကြည့်ရအောင်။ သူဟာ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင် ၊ နိုင်ငံ့ခေါင်းဆောင်အစစ်ဖြစ်တယ်။ သူ့ကို မတရား ဂုဏ်သိက္ခာချတဲ့ လုပ်ကြံတဲ့ ပုဒ်မတွေတပ်တယ်။ သူဟာ မတရားအလုပ်ခံထားရတဲ့သူဖြစ်တယ်။ အဲဒါကိုနှစ်ခုတန်းညှိပြီးတော့ဗျာ ၊ ခင်ဗျားတို့စကားပြောကြဗျာဆိုတဲ့ အချိုးတွေလာတော့မှာ။ အဲဒီလိုလူမျိုးတွေဟာ တရားကိုမကြည့်ပဲနဲ့ ကိုယ်လိုချင်ရာကိုယ်ဆွဲပြောတဲ့သူတွေလာတော့မှာဗျ။ အဲဒါကိုတော့ ထပ်ပြီးတော့ဒုတိယအကြိမ် ဒုတိယအချက်အနေနဲ့ သတိထားကြရမှာပေါ့နော်။
မေး-တရုတ်အစိုးရက အာဏာသိမ်းစစ်တပ်ကိုလည်း ကူညီနေတယ်။ မြန်မာနိုင်ငံက သယံဇာတတွေလည်း စျေးပေါပေါနဲ့ယူသွားတယ် ။ ၅ နှစ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ပက်သက်ပြီးအသံမထွက်ခဲ့ပဲ မနေ့ကမှ ဒေါ်အောင်ဆန်းစုကြည်ဟာသူတို့ရဲ့မိတ်ဆွေဟောင်းပါ အမြဲအလေးထားပါတယ်လို့ ပြောလာပါတယ်။ အခုမှ ဘာလို့ဒီလိုတွေပြောလာတာလဲ ။
ဖြေ-ဟင်း.. မိတ်ဆွေ ။ မိတ်ဆွေဆိုရင် အဲဒီ့မိတ်ဆွေက အပြစ်မရှိပါပဲနဲ့ မတရား အလုပ်ခံရတဲ့အချိန်မှာ ဘာတွေကူညီခဲ့လဲ။ ဘာတွေရပ်တည်ခဲ့လဲ။ ကိုယ့်မိတ်ဆွေလည်းပြောတယ်။ ကိုယ့်မိတ်ဆွေကို ဒုက္ခပေးနေတဲ့သူတွေကို တစ်ဖက်က အင်တိုက်အားတိုက် ကူညီနေခဲ့တာတွေကရော ကူညီနေဆဲကရော ဘာသဘောလဲဗျ။ မေးစရာတွေပေါ့ဗျာ ။ ဒါက လျှာအရိုးမရှိတိုင်းတော့ ပြောလို့ရတာချည်းပါပဲ။ အရေးကြီးတာက ကိုယ့်ရဲ့ ကျင့်ဝတ်သိက္ခာ တွေကိုတော့ ပြန်လေးစားသင့်တာပေါ့။ ခင်ဗျားတို့မြင်တဲ့အတိုင်းဗျာ ၊ စစ်အုပ်စုက ချည်ပြီးတုပ်ပြီး စိတ်တိုင်းကျ အတုအယောင်ရွေးကောက်ပွဲ လုပ်တယ်ဗျာ။ အတုအယောင်အစိုးရကို ဖွဲ့တယ်လို့ ကြေညာတယ်ဗျာ။ ဒါပေမယ့် သူတို့အာဏာရှင် အချင်းချင်းလောက်ပဲ အသိအမှတ်ပြုတဲ့လူဆိုတာ လက်ငါးချောင်းမပြည့်ပါဘူးဗျာ။ လက်တစ်ဖက် စာမရှိဘူး။ အဲဒီ့အခါကျ အခြေအနေမကောင်းဘူး။ အခြေအနေမကောင်းဘူးဆိုတာ တိုက်ပွဲတွေကြောင့်ဗျ။ ပြည်သူလူထုက ရတဲ့နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်တာနော်။ သပိတ်မှောက်တဲ့နည်းလမ်းတွေ ဆန်ရှင်တွေအတွက် တောင်းဆိုကြတာတွေ ပိတ်ဆို့အရေးယူဖို့တောင်းဆိုတာတွေရော လက်နက်ကိုင်တော်လှန်ရေးကို အားပေးကြတာတွေရော တကယ့်ရင်းပြီးတော့ အဲဒါတွေကြောင့်မိုလို့ သူတို့သည် မဟန်ကြတော့တဲ့ အခြေအနေမှာ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ခေါင်းဆောင်ရဲ့ ခြေရင်းကို ပြန်ချည်းကပ်ဖို့ ကြံစည်ကြတာပဲဗျ။ အဲဒီ့မှာဗျာ ။ ဓာတ်ပုံတစ်ပုံသုံးပြီးတော့ ကမ္ဘာကို လိမ်ဖို့ကြိုးစားကြတဲ့ဟာတွေ ဘာတွေရော ကျွန်တော်အသေးစိတ်တော့ မပြောတော့ဘူးဗျာ ။ အဓိကက သူတို့ပေးသနားမှ အသက်ဘဝ ချမ်းသာရာရတဲ့ဘဝမျိုးအဖြစ်သူတို့ ပုံဖော်တာ။ ဒါက ကျွန်တော််တို့က အဲဒါကိုတိတ်ဆိတ်နေလို့မရဘူးပေါ့ဗျာ။
မေး-စစ်အုပ်စုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့မပြောနဲ့ ရုပ်ထွက်ပြမှာ အသံလေးနည်းနည်းထွက်မှာကိုတောင် အတော်ကြောက်ကြပါတယ် ။ စစ်တပ်လော်ဘီလည်းဖြစ် ၊ကြံ့ဖွံ့အမတ်လည်းဖြစ်သူ ၁ ဦးကဆိုရင် အာဏာရှင်နိုင်ငံတွေက အတိုက်အခံခေါင်းဆောင်တွေကို နိုင်ငံရေးကဖယ်ထုတ်တာ ၊လုပ်ကြံတာတွေအထိပါနမူနာပေးပြီး အဲလိုလုပ်ဖို့နှပ်ကြောင်းပေး တရားလက်လွတ်ပြောခဲ့ပါတယ်။ ဘာကြောင့်လက်နက်ကိုင်ထားတဲ့ စစ်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ကြတာလဲ ။
ဖြေ- အဲဒါကိုကရှင်းနေပြီပေါ့။ စစ်တပ်လော်ဘီ စစ်တပ်ထဲမှာလည်း အရာရှိလုပ်တယ်။ပြီးတဲ့အခါကျတော့လည်း ကြံ့ဖွတ်မှာလည်း အမတ်ဖြစ်တယ်ဆိုတဲ့ လူတွေရဲ့ အဆင့်အတန်းပေါ့။ ဒါပဲဗျ။ အဲဒါ သူတို့တွေထဲမှာလေ ဝါဒဖြန့်ချိရေးမှာ အတော်ဆုံးလူတွေကို ပွဲထုတ်ထားတာပဲ။ အဲဒါသူတို့ရဲ့ အဆင့်အတန်းကို တွေ့ရလိမ့်မယ်။ နောက်တစ်ချက်က ဘာလို့ကြောက်ကြတာလဲဆိုတော့ ရှင်းပါတယ်ဗျာ။ ဓမ္မ နဲ့ အဓမ္မ ဆိုတာကတော့ ဒီလိုချည်းပါပဲ။ ဆင်ဖြူ မျက်နှာကို ဆင်မည်း မကြည့်ဝံ့ ဆိုတဲ့အတိုင်းပါပဲ။ အဓမ္မသမားတွေက ဓမ္မကိုကိုင်ထားတဲ့သူကိုတော့ အမြဲကြောက်နေမှာပဲဗျ။ ဒါကြောင့်ပါ။
မေး-စစ်အုပ်စုဘက်ကတော့ သူတို့နိုင်နေပြီ တော်လှန်ရေးက ပြီးသွားပြီလို့ဝါဒဖြန့်တာတွေ ဆက်တိုက်လုပ်နေပါတယ် ။ဒီလိုပြောဆိုဝါဒဖြန့်မှုတွေအပေါ် ဘယ်လိုသတင်းစကားပေးချင်ပါလဲ ။
ဖြေ-တော်လှန်ရေးကို ပုံဖျက်တာကတော့ သူတို့တွေ တစိုက်မတ်မတ် လုပ်နေတာပဲဗျ။ ထင်ထင်ရှားရှားလုပ်တာနဲ့ မသိမသာလုပ်တာ နဲ့ နှစ်မျိုးပဲရှိတာပဲ။ အဲဒီတော့ တော်လှန်ရေးတပ်ဖွဲ့တွေထံကို သူတို့ရဲ့ ကလပ်စည်းတွေကို ထည့်လိုက်မယ်။ ပြီးလို့ရှိရင် သူတို့က အတွင်းမှာ ကြိတ်ပြီးတော့ ဒါ သူတို့စကားနဲ့ပြောရင်တော့ တော်လှန်ရေးကို စွန့်ခွာပြီးတော့ အလင်းဝင်ဖို့ ၊ ဒါတွေလိုက် ကြိတ်ပြီးတော့ စည်းရုံးနေတာပဲ။ ဒါအမြဲတမ်းရှိနေတဲ့ကိစ္စပဲ။ သူတို့က အချိန်တစ်ခုရောက်လာရင် အခုလိုပေါ့ ကျွန်တော်တို့ဘက်ကနေ SCEF လိုပေါ့၊ ဖွဲ့စည်းပြီးတော့ပိုကျယ်တယ်။ပိုအားကောင်းတယ်။ ပိုခိုင်မာတဲ့ ဖွဲ့စည်းမှုကြီးနဲ့ တိုက်တော့မယ်ဆိုတဲ့ အချိန်မျိုးမှာ သူတို့က ပျက်ပြီ ပြိုပြီဆိုတာမျိုးကို ပုံဖော်ရလိမ့်မယ်။ သူတို့ကတော့လုပ်မှာ။ ခင်ဗျားတွေ့ပါမယ်။ ကွင်းထဲမှာ ယူနီဖောင်းတွေ ဝတ်ခိုင်းပြီးတော့ လက်သည်းအရှည်ကြီးနဲ့ ခင်ဗျားတွေ့မှာပေါ့။ အလှပြင်ခန်းကထွက်လာတဲ့ လက်နဲ့ တောထဲက လက်နက်ကိုင် တော်လှန်ရေးဆိုတာ ဘယ်လိုနည်းမှ မတူတာကြီး။ အဲဒီတော့ သူတို့ အမြီး အမှောက် မတည့်တာတွေတော့ လိမ်ဦးမှာပဲ။ တတ်နိုင်ရင် လေယာဉ်ပျံ စင်းလုံးငှားပြီးတော့ ပြည်တော်ပြန်ပါတယ်။ တော်လှန်ရေးကို စွန့်ပါပြီဆိုတဲ့ဟာမျိုးတွေပါ ဖန်တီးဦးမှာ။ ပိုက်ဆံတွေအကုန်ခံပြီးတော့ ။ အဲဒါကို ဝေဝေဆာဆာတွေ ရိုက်ပြီးတော့ ကမ္ဘာကို လိမ်မှာဗျ။ အဓိကက ပြည်သူကိုတော့ လိမ်လို့မရဘူးဆိုတာသိတယ်ဗျ။ ဒါပေမယ့် ဘာလဲဆိုတော့ အနည်းဆုံးတော့ စိတ်အနှောက်အယှက်ဖြစ်သွားအောင်လုပ်မယ်။ ပြီးတော့ ကမ္ဘာကြီးကို ပြောင်လိမ်မှာပေါ့ဗျာ။ ဒါတွေလာဦးမှာပေါ့။
မေး-စစ်အုပ်စုက PDF တွေကို အသုံးချခံနေရတယ်ပြောပြီး တော်လှန်ရေးအင်အားစုတွေကြားသွေးခွဲဖို့ဆက်တိုက်လုပ်နေပါတယ် ။ တစ်ဖက်မှာလည်း NUG ၊CRPH နဲ့တော်လှန်ရေးအင်အားစုတွေကို ပြည်တွင်းမှာမရှိပဲ ပြည်ပကနေ တော်လှန်ရေးလုပ်နေတယ်လို့ လို မကြာခဏ ဝေဖန်ပါတယ် ။ဒီအပေါ် ဘယ်လိုတုံ့ပြန်လိုပါလဲ ။
ဖြေ-ဒါလည်း ခေတ်အဆက်ဆက်တော်လှန်ရေးသမားတွေကို ပုံဖျက်တာပဲဗျ။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့အဆင့်မြင့်တဲ့ အတွေးအခေါ်နဲ့ ကျွန်မခံချင်လို့ တော်လှန်မယ်ဆိုတဲ့သူတွေကို သူများမြှောက်ပေးတိုင်း လျှောက်လုပ်တယ်ဆိုတဲ့ အဲဒီ့ ကလေးသာသာ ပုံမျိုးကို ဖျက်ပစ်တာဗျ။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ အမြဲတမ်းပြောတယ်။ တော်လှန်ရေးသမားတွေကို ကလေးတွေ ကလေးတွေ လို့ မခေါ်ပါနဲ့ဆိုတာ ၊ကျွန်တော့်မှာလည်း ဒါက အမြင်ကတစ်မျိုးရှိတယ်ဗျ။ ခင်ဗျားကြည့်။ ရဲဘော်သုံးကျိတ်ထဲမှာ ဆိုလို့ရှိရင် ၊ ရဲဘော်သုံးကျိတ်သွားပြီးတော့ ပညာသင်ပြီးတော့ ပြန်လာတဲ့ အရွယ်တွေဟာ ငယ်ပါတယ်ဗျ။ ဒါပေမယ့် သူတို့ကို ကလေးလို့ မခေါ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သာ ခေါင်းဆောင်တွေ ၊ အဲဒီတော့ ကျွန်တော်တို့ တော်လှန်ရေးမှာလည်း ရဲဘော်တွေဆိုပေမယ့် ရဲဘော်တွေကယူထားတဲ့ တာဝန်တွေက အင်မတန်ကြီးတယ်ဗျ။ အဲဒီ့မှာ ဖွဲ့စည်းပုံအရပေါ့ဗျာ Position ခေါ်မယ် ခေါ်ပေါ့။ တာဝန်ဝတ္တရားတွေ သာ မြင့်မြင့်မားမား ယူထားတဲ့သူတွေက ခေါင်းဆောင်လို့ပြောနေတာ။ ဒါပေမယ့် သူတို့က အဲဒါကို ရအောင်လို့ သွေးခွဲပစ်တာပေါ့။ ဒါပါ။ အဲဒီတော့ ကျွန်တော်တို့ တကယ် ပြည်တွင်းမှာ ရဲဘော်တွေနဲ့ အတူနေ အတူစား အစစအရာရာ ဘာမဆိုရင်ဆိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်များစွာရှိတယ်။ ဒါတွေကကျတော့ ဖုံးကွယ်ပြီးတော့ သူတို့က သူတို့လိုရာကိုပဲဆွဲမယ်။ အစအဆုံးဗျာ ပြည်တွင်းမှာပဲနေ နေတဲ့လူတွေကိုတောင်မှ တတိယနိုင်ငံရောက်နေပြီဆိုပြီးတော့ သူတို့ လုပ်သေးတာပဲဗျ။ ဒါတွေကတော့ တစ်ဖက်သတ်လုပ်မှာပေါ့ဗျာ။ တကယ်အတူနေကြတဲ့လူတွေတော့ အသိဆုံးပါ။
မေး-အခုဆိုရင်တော်လှန်ရေးအင်အားစုတွေကြားမှာ ထူခြားတဲ့စုစည်းညီညွတ်မှုအဖြစ် SCEFပေါ်လာပါပြီ ။ဒီစုစည်းညီညွတ်မှုကနေ ဘယ်လို အသီးအပွင့်တွေမျှော်လင့်နိုင်လဲ ။
ဖြေ-SCEF က ကျွန်တော်တို့ အရပ်သားနားလည်အောင်ပြောမယ်ဆိုရင်တော့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့ပြီးတော့ တိုက်ကြမှာပေါ့ဗျာ။ ဒါပဲပေါ့။ ဒါကို ကျွန်တော်တို့က နိုင်ငံရေးစကားလုံးတွေအရ ကျကျနနပြောရင်တော့ နည်းနည်းလက်ဝင်တာပေါ့ဗျာ။ ထားလိုက်။ အဲဒီတော့ ဘာလုပ်မှာလဲဆိုတော့ ကျွန်တော်တို့အားလုံးမှာ လွတ်မြောက်နယ်မြေတွေ ကိုယ်စီရှိတယ်။ တပ်ဖွဲ့တွေ ကိုယ်စီရှိတယ်ဗျာ။ နောက်ပြီးတော့ နိုင်ငံရေးအရ နိုင်ငံရေးတောင်ပံတွေ ရှိတယ်။ အဲဒါတွေကို စစ်ရေးတောင်ပံနဲ့ပေါင်းပြီးတော့ တောင်ပံနှစ်ဖက်နဲ့ လိုရာပျံသန်းနိုင်မှာပေါ့။ အဲဒီတော့ လွတ်မြောက်နယ်မြေတွေ အချင်းချင်းမှာ ချိတ်ဆက်ရတဲ့ အခါမှာ ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးတွေရှိတယ်။ ထောက်ကူရမယ့်အရာတွေရှိတယ်။ နောက်ပြီးတော့ သယံဇာတတွေရှိမယ်။ အခွန်အထုတ်ကိစ္စတွေရှိမယ်။ အဲဒီတော့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေရော နောက်ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေရော ဒါ့အပြင်ကို ခုနကလို နိုင်ငံရေးအရလည်း ပြတ်ပြတ်သားသားဆက်ပြီး တော့ ထွက်လာတဲ့ ကြေညာချက်တွေရှိမယ်။ အဲဒါဘာလဲဆိုတော့ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင် ၊ အရင်ဆုံး ကျွန်တော်တို့ သိထားရမှာကတော့ ဘုံသဘောထား ခြောက်ချက်ပေါ့ဗျာ။ အဲဒါက နေပြီးတော့ တိမ်းစောင်းသွားမှာမဟုတ်ဘူး။ အဲဒါတွေကိုပြန်ပြင်မှာမဟုတ်ဘူး။ အဲဒီ့အတိုင်းသွားကြမှာပဲ။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ ပုံစံတွေတော့ အဆင့်လိုက် အဆင့်လိုက်တွေတော့ ရှိကြမယ်ပေါ့။ အဲဒီတော့ မကြာခင်မှာ ဆက်ပြီးတော့ ဒီကလှုပ်ရှားမှုတွေနဲ့ ပီပြင်တာတွေ နောက်ပြီးတော့ ခေါင်းဆောင်တွေပေါ့။ အဲဒီ့ခေါင်းဆောင်တွေရဲ့ ဦးဆောင်နိုင်စွမ်း တွေကိုတွေ့ကြရမှာပါ။ ဒါတွေက ဆက်တိုက်လာသင့်တယ်လို့ထင်တယ်။ ဒါမှလည်း ပြည်သူလူထုလည်း နှစ်ထောင်းအားရရှိပြီးတော့ စိတ်ရောကိုယ်ပါ အတူလိုက်ဖို့လိုတာကိုးဗျ။
မေး-အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်အုပ်စုက နိုင်ငံရေးအရကစားတာ အများဆုံးကာလကိုရောက်နေပြီလို့ထင်ပါတယ်။ ဒီအချိန်မှာ ပြည်သူတွေ ၊ တော်လှန်ရေးအင်အားစုတွေ ဘာတွေကို သတိထားရမလဲ၊ဘယ်အချက်တွေကို အာရုံစိုက်ရမလဲ ဆိုတာ အကြံပြုပေးပါလား။
ဖြေ- ဘာကိုသတိထားရမလဲဆိုတော့ ဝါဒဖြန့်ချိရေးပေါ့ဗျာ။ စစ်တပ်က အခုခင်ဗျားတို့တွေ့မှာပေါ့။ အမေရိကန်ကို ချည်းကပ်ဖို့ ဒေါ်လာတွေ သောင်းတွေနဲ့ သိန်းတွေနဲ့ ချီပြီးတော့ အကုန်ခံပြီးတော့ သူတိုလုပ်နေတာတွေ့မှာပေါ့။ ဒါကတစ်ကွက်တည်းရှိသေးတယ်။ အများကြီးလုပ်နေတာ။ ပိုက်ဆံတွေအများကြီး အကုန်အကျခံပြီးတော့ လော်ဘီတွေငှားမယ်။ ပြီးတော့ တော်လှန်ရေးကို ပုံဖျက်မယ်။ သူတို့နိုင်နေပြီဆိုပြီးတော့ သရုပ်ဖော်ခိုင်းမယ်ပေါ့။ အဲဒီတော့ ပြည်သူလူထုက တချို့ကလည်းပြောတယ်ဗျ။ ပြည်သူလူထုစိတ်ဓာတ်ကျနေပြီ။ မဟုတ်ဘူးဗျ။ တကယ်ကဘာလဲဆိုတော့ ပြည်သူလူထုက အာရုံနောက်လာတာဗျ။ ဘာကြောင့်လဲ။ ဒီတော်လှန်ရေးမှာ တည်တည်တံ့တံ့နဲ့ တကယ့်အရှိအတိုင်းနဲ့ ဖော်ပြပြီးတော့ ဦးဆောင်ရမယ့် အသံတွေကို လာပြီးတော့ ဖုံးပစ်တာဗျ။ ခုနကပြောသလိုပေါ့၊ စိတ်ပျက်စရာကောင်းတဲ့ အသံတွေ အနှုတ်လက္ခဏာတွေနဲ့ ဝိုင်းပြီးတော့ဖုံးတာ။ အဲဒါတွေက ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ စစ်တပ်လိုချင်တဲ့ လမ်းကြောင်း အတိုင်းရောက်သွားလို့ရှိရင်တော့ တော်လှန်ရေးကို ဒါ အနည်း နဲ့ အများ ထိခိုက်တာပဲ။ အဲဒီတော့ ဝါဒဖြန့်ချိရေးမှာ ပြည်သူတွေရှင်းလင်းနေအောင်လို့ ဒီတော်လှန်ရေးကို တာဝန်အသီးသီးယူထားတဲ့သူတွေကလည်း ကောင်းစွာရှင်းတဲ့ သတင်းစကားတွေကို ပြောဖို့လိုသလို ပြည်သူလူထုကလည်း ကိုယ်ဘယ်လိုအရာမျိုးကို ရွေးချယ်ယုံကြည်ရမလဲဆိုတာကို တစ်သက်စာ အတွေ့အကြုံတွေနဲ့ရွေးပါ။ ပြီးတော့ နားထောင်ပြီးတော့မှ မိမိဉာဏ်ပညာနဲ့ ပိုင်းခြားပြီးတော့ ဆုံးဖြတ်ပါ။ အတူချီတတ်ကြပါမယ်။ အတူပန်းတိုင်ရောက်အောင်လည်း သွားရမယ်လို့မြင်ပါတယ်ဗျ။




















































