■ဦးမင်းကိုနိုင်နဲ့ မေးမြန်းခန်း
စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်တပ်လွှတ်တော်က ဒီနေ့မှာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်တယ်လို့ကြေညာပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်းအောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။
ပြည်သူအများစုကတော့ မင်းအောင်လှိုင်သမ္မတလုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာကို အစောကြီးကတည်းကသိခဲ့ကြတာမို့ အမှန်တရားအတွက်ရပ်တည် တော်လှန်ရင်း မြန်မာ့သမိုင်းတစ်လျှောက်အကြီးမားဆုံး လူထုတော်လှန်ရေးဖြစ်တဲ့နွေဦးတော်လှန်ရေးပေါ်ပေါ်လာတာလည်းဖြစ်ပါတယ် ။
စစ်အုပ်စုကကသူတို့ကြိုတင်စီစဥ်ထားတဲ့အတိုင်း မင်းအောင်လှိုင်ကို သမ္မတအဖြစ်ကြေညာတဲ့နေ့မှာ ရှစ်လေးလုံးလူထုအရေးတော်ပုံကထွက်ပေါ်လာတဲ့ခေါင်းဆောင်တစ်ဦးဖြစ်သလို ၊ လူထုတော်လှန်ရေးတိုင်းမှာ ဦးဆောင်ပါဝင်ခဲ့၊ ပါဝင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ် ။

Public Service Announcement
နေ့သစ်/People’s Spring
မေး-မင်းအောင်လှိုင်သမ္မတလုပ်ချင်တာနဲ့ ပြည်သူသောင်းချီသတ်ဖြတ်၊ နေအိမ်သိန်းချီမီးရှို့၊ပြည်သူသန်းပေါင်းများစွာထွက်ပြေးအောင်လုပ်တယ်။
တစ်နိုင်ငံလုံးကိုဖျက်ဆီးပြီးတော့ အခုလို စစ်တပ်ရဲ့ဟန်ပြလွှတ်တော်က သမ္မတဖြစ်ပြီလို့ကြေညာလာတဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။ လူတစ်ယောက် သမ္မတရူးတာနဲ့ တိုင်းပြည်ကို အခုလိုဖျက်ဆီးခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ-ဒါ ၂၀၂၀ စစ်မှန်တဲ့ရွေးကောက်ပွဲပြီးကတည်းက အားလုံးမှတ်မိကြဦးမှာပေါ့နော်။ အနိုင်ရပါတီကိုလာပြီး ခြိမ်းခြောက်တောင်းဆိုတာ ။ သူသမ္မတဖြစ်ဖို့ကိစ္စ ။ အဲဒါကို အဲဒီ့တုန်းကပိတ်ပြီးငြင်းတဲ့လူတွေကရှိတယ်။ မဲစာရင်းအကြောင်းပြပြီး တော့ ။ဘယ်လိုမှတောင်းဆိုလို့မရတဲ့အခါမှာ အာဏာကိုလုလိုက်တာ။ သိမ်းလိုက်တာ။ တက်ပြီးတော့လုတာ။ အဲဒီ့ဟာက အခုပေါ်ပြီပေါ့။ သူဒါကိုမရလို့ အာဏာလုခဲ့တယ်ဆိုတာ ပေါ်သွားပြီပေါ့။ တကယ်တော့ ဒီပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့အနိုင်ရပါတီကလည်း ပြည်သူကိုသစ္စာဖောက်ပြီးတော့ အဲဒီလိုအနိုင်ကျင့်တိုင်း ပေးလို့မရဘူး။ အခုတော့ပေါ်ပြီပေါ့ဗျာ။ ဒါပါပဲ။
မေး-စစ်အာဏာရှင်တွေလက်အောက်မှာ စစ်အုပ်စုကစစ်ရာဇဝတ်မှုတွေ အများကြီးကျူးလွန်ခဲ့တယ်။ဒါပေမယ့်အစဥ်အဆက် အရေးယူမခံခဲ့ရပဲ ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ရခဲ့တယ်။ အခုတကြိမ်မှာရော စစ်တပ်က ပြစ်မှုတွေကနေအရေးယူမခံရပဲ ကင်းလွတ်ခွင့်ရမယ်လို့ထင်လား။ဘာကြောင့်လဲ ။
ဖြေ-ကျွန်တော်တို့ တစိုက်မတ်မတ် တောင်းဆိုနေဝာာ ပြောနေတာလည်း ဒါပဲလေ။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို အရေးမယူဘူးဆိုရင် သူတို့ ထပ်ခါ ထပ်ခါ ကျူးလွန်နေမှာပေါ့။ ကျူးလွန်တိုင်းအရေးမခံရဘူးကွာ ။ ဒါဆိုလို့ရှိရင်တော့ အချိန်မရွေးထပ်ပြီးကျူးလွန်နေမှာပေါ့။ ဒါကအဓိကပါ။ နောက်တစ်ခုက ဒါကိုထင်မြင်ချက်တွေ အနေနဲ့ မပြောချင်ဘူး။ မဖြစ်ဖြစ်အောင်ကိုလုပ်ရမယ်။ အလုပ် လုပ်ကို လုပ်ရမှာပေါ့။
မေး-တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ၊CRPH တို့ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ-SCEF က နွေဦးတော်လှန်ရေးအတွက်ဘယ်လောက်အရေးကြီးတယ်လို့သုံးသပ်လဲ။ဘာကြောင့်ပါလဲ။
ဖြေ- SCEF ကနွေဦးတော်လှန်ရေးအတွက်ဘယ်လောက်အရေးကြီးလဲဆိုရင် အပြည့်အရေးကြီးတယ်။ ဒါသည် ကျွန်တော်တို့ တော်လှန်ပြည်သူတစ်ရပ်လုံးက တစိုက်မတ်မတ် ဒါကိုလည်းတောင်းဆိုလာတာ။ ဒီအတွက်လည်း အားစိုက်ခဲ့ရတာတွေ အများကြီး။ လပေါင်းများစွာညှိခဲ့ရတယ်။ သည့်မတိုင်ခင်ကလည်း နှစ်နဲ့ချီပြီးတော့ အကြိုညှိခဲ့ရတယ်။ အများကြီးလုပ်ခဲ့ရတာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်အရေးပါတဲ့ မဟာမိတ်ခေါင်းဆောင်တွေပါရမယ်။ ကိုယ်တိုင်ဦးဆောင်နိုင်ရမယ်။ ကိုယ်တိုင်ထဲထဲဝင်ဝင် ကိုယ်ဖိရင်ဖိ ဒီတော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နေပြီဆိုတာပြရမယ်။ စစ်ရေးအရရော နိုင်ငံရေးအရရော ကမ္ဘာကြီးကိုပြရမယ်။ ဒီမှာ ပင်မရေစီး။ ဒါသည် ဒီအတိုင်းသာလျှင် ဒီလမ်းစဉ်အတိုင်းသာလိုက်ရမယ်ဆိုတာကိုကိုယ့်ရဲ့ အင်အားနဲ့လည်းပြရမယ်။အဲဒီတော့ ဒီလောက်နဲ့လည်းမပြီးသေးဘူး။တကယ်ကကျတော့ ဒီ့ထက်ပိုပြီး တော့ ကျယ်ပြန့်ခိုင်မာပြီးတော့ ပိုအားကောင်းတဲ့ စုဖွဲ့မှုအတွက် လမ်းလည်းဖွင့်ထားပါတယ်။ အဲဒီ့အတွက်ကြောင့် နောက်ထပ်တိုးချဲ့ပြီး မဟာမိတ်တွေ အင်အားကောင်းလာအောင်လည်း လုပ်ကြရဦးမှာပါ။ဒါက နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အဆုံးအဖြတ်လည်းဖြစ်တယ်။ အားလုံးကမျှော်လင့်ထားတယ်။ အခုရတာနဲ့ ပွဲဦးတာထွက်ပြီ။ နောက်ထပ်ပေါင်းဖို့ ၊ ပေါင်းနိုင်တဲ့ အားတွေနဲ့အတူ စစ်ရေးရော နိုင်ငံရေးရော တိုက်ပွဲဝင်ပြီးတော့ အရယူနိုင်ဖို့ကိုတော့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီ့ထက်ပိုပြီးတော့ အားပေးထောက်ခံကြဖို့လိုပါတယ်ဗျ။
မေး-နွေဦးတော်လှန်ရေး ရည်မှန်ချက်တွေအောင်မြင်ဖို့ ဘာတွေထက်ကြိုးစားကြရဦးမယ်လို့သုံးသပ်ပါလဲ။ တော်လှန်ရေးအဖွဲ့တွေကိုရော ၊ ပြည်သူတွေကို ဘယ်လိုတိုက်တွန်းချင်ပါလဲ ။
ဖြေ-ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဟာ တော်လှန်ရေးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အစိုးရတွေ လွှတ်တော်တွေ Institution အသီးသီးကို ထိုးဖောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ခေါင်းဆောင်တွေ ကိုယ်တိုင် ဆွေးနွေးနိုင်ရမယ်။ ရှင်းပြနိုင်ရမယ်။ အသိပေးနိုင်ရမယ်။ ကမ္ဘာကြီးရဲ့ ဆက်ဆံမှု ဒီ့ထက်ပိုပြီးအားကောင်းလာအောင် အဲဒီ့စုဖွဲ့မှု အားကောင်းကောင်းနဲ့ ရှင်းပြနိုင်ရမယ်။တစ်ဖက်ကလည်း စစ်ရေးမှာ မဟာမိတ်တွေစုဖွဲ့ပြီးတော့ ပိုပြီးတော့ တိုက်နိုင်ရမယ်။ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းရဲ့အောက်မှာ တိုက်နိုင်ရမယ်။ ပြီးတော့ အောင်ပွဲတွေယူနိုင်ရမယ်။ အဲဒီလိုသွားနေရမှာ။ ဟိုဘက်မှာ ဖက်ဆစ်ကလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အရေခြုံထားတဲ့ အရပ်သားအရေခြုံ အစိုးရပုံစံနဲ့ သူတို့လုပ်မှာက တိုက်ရာပါပစ္စည်းတွေကို ရတနာဆိုင်ဖွင့်ပြီး အရောင်းအဝယ်လုပ်မှာဖြစ်တယ်။ အဲဒီ့မှာ သွားပြီး ရောင်းဝယ်ဖောက်ကားချင်ကြတဲ့ ကံစမ်းမဲနှိုက်ချင်ကြတဲ့ သူတွေကို အဲဒါကို ပြတ်ပြတ်ရှင်းရှင်းပြောပြနိုင်ရမယ်။ ဒီဘက်က တကယ်စစ်မှန်တဲ့တော်လှန်ရေးနဲ့ တကယ့်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ သူတွေ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ စုဖွဲ့ပြီးတော့ အစစ်အမှန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တကယ်တည်ဆောက်မယ့်လမ်းစဉ်နဲ့သွားနေတယ်ဆိုတာကိုပြမယ်။ ဟိုဘက်က ဓားပြတိုက်ရာပါအုပ်စုကိုတော့ ငြင်းဆန်ကြဖို့ ကိုတော့ ကြိုးစားကြရမှာ။ တစ်ခါတည်း စစ်ရေးရော နိုင်ငံရေးရော နှစ်ခုစလုံးပေါင်းပြီးတော့ အားစိုက်ကြရမှာပါ။
●အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။





















































