Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“သူတို့(စစ်တပ်)ဘယ်လောက်ပဲလုပ်လုပ်စုစုစည်းစည်းနဲ့ သူတို့ကိုတွန်းလှန်လို့ရတဲ့အထိ လုပ်ဆောင်သွားရမယ်လို့ပဲ ကျနော်အနေနဲ့ တော့ ဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်”

အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲ​တော်ကို စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ စည်ကား​အောင်လုပ်ခိုင်ပြီး ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေကို​တော့ ဗုံးဆက်တိုက်ကြဲခဲ့တာ​ကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင် တခုတည်းမှာပဲ စစ်တပ်က သင်္ကြန်ကာလအတွင်း​နေ့စဥ် ဗုံးကြဲခဲ့ပါတယ်။

●KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုနဲ့ မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲ​တော်ကို စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ စည်ကား​အောင်လုပ်ခိုင်ပြီး ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေကို​တော့ ဗုံးဆက်တိုက်ကြဲခဲ့တာ​ကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင် တခုတည်းမှာပဲ စစ်တပ်က သင်္ကြန်ကာလအတွင်း​နေ့စဥ် ဗုံးကြဲခဲ့ပါတယ်။

သင်္ကြန် တွင်း ၄ရက်ဆက်တိုက် စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှု​တွေနဲ့ လက်ရှိစစ်ရေး နိုင်ငံရေးအ​ခြေအ​နေတွေနဲ့ပတ်သက်ပြီး KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကို People’s Spring ကမေးမြန်းဖထားပါတယ်။

Public Service Announcement

Public Service Announcement

ရွက်ဝါ/People’s Spring

မေး- စစ်တပ်ကသင်္ကြန်ကာလမှာ​တောင်တပ်မဟာ(၅)နယ်မြေကို လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်​နေတဲ့အ​ခြေအ​နေကိုရှင်းပြပေးပါလား။

ဖြေ- သင်္ကြန်အကြိုနေ့ကစပြီးတော့မှ သူတို့ လာပြီးတော့မှ တပ်မဟာ(၅) ဧရိယာ အတွင်းမှာ တော်တော်များများ ကျေးရွာတွေလာပြီးတော့ ဗုံးကြဲတော့ ပျက်စီးဆုံးရှုံးမှုတော့ရှိတာပေါ့နော်။ထိခိုက်ဒဏ်ရာရရှိ သေဆုံးတာတို့ကတော့ တကန့်ပေါ့။ ပျက်စီးဆုံးရှုံးမှုက အဆောက်အဦးတို့ ဘာတို့ ပျက်စီးတာ အများကြီးရှိတယ်။ အထူးသဖြင့် အကြိုနေ့မှာလာပြီးတော့ ကြဲသွားတာရွာသားထိခိုက်သေဆုံးသွားတယ်။နောက်၁၄ရက်နေ့ကျတော့ တောက်လျှောက်ကြဲသွားတာ ဗုံးသီးအလုံး ၁၀၀ခန့်ပေါ့။အဆောက်အဦးတော့တော်တော်များများပျက်စီးသွားတယ်။လူထုရဲ့အိမ်တွေနောက်ကျောင်း၂ ကျောင်းပျက်စီးသွားတယ်။ နောက် ကျွဲကတော့ သုံးကောင်သေသွားတယ်။ နောက်တနေ့ ၁၅ရက်နေ့ကျတော့ ခဲပါထ ကျေးရွာမှာ လာကြဲသွားတယ်။ လူထုက သေဆုံးတာ ၄ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှုက ၁၃ ယောက်ရှိတယ်။ မနေ့က ၁၆ရက်နေ့မှာ ထပ်ပြီးလာကြဲသွားတယ်။ဒါပေမဲ့ နောက်ဆက်တွဲ သတင်းက မရသေးဘူး။ အဲဒီ ကာလမှာ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်တာတော့ မရှိဘူး။ ဘယ်နေရာမှ မရှိဘူး။ သူတို့က အဲဒီနေ့ အဲဒီရက်တွေအတွင်းမှာတော့ လူထုကိုပဲ သပ်သပ် တိုက်ခိုက်တဲ့ သဘောပဲ။…။ သေဆုံးတာ စုစုပေါင်း ၆ယောက်လောက်ရှိတယ်။ ဒဏ်ရာရရှိတာက တော့ ၁၃ယောက်ပေါ့နော် ဒီသင်္ကြန်ကာလမှာ။ ဒါပေမဲ့ အတိအကျတော့ အတည်ပြုလို့မရသေးဘူး။ ခဲပါထ ရွာမှာဆို မနေ့က ထိတာ လူတွေ ပြန်စုလို့မရသေးဘူး ပြန်ရှာလို့မတွေ့သေးဘူး အဲဒီလိုဖြစ်နေတယ်။ ဒီထက်ပိုများနိုင်တယ်လို့ သူတို့က အဲဒီလိုပြောတယ်။

မေး-အာဏာခေါင်းဆောင်က အရပ်သားအသွင်ပြောင်းတယ်။ ဒါပေမဲ့ သူတို့ ကျူးလွန်မှုတွေက အရင်ထက် တိုးလာနေတဲ့အပေါ် ဘာပြောလိုပါသလဲ။

မေး- သူတို့အနေနဲ့အရင်တုန်းကကျင့်သုံးနေတဲ့ သူတို့နည်းဗျူဟာပဲလို့ပြောလို့ရတယ်။အဲဒါမဆလခေတ်(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်) ဦးနေဝင်း အစိုးရလက်ထက်မှာ သူတို့ပါတီ ယူနစ် စည်းရုံးရေးမှာ ကျနော်တို့ကို ပုံသေနည်းပေးတာက လူထုစည်းရုံးရေးလုပ်တဲ့နေရာမှာလက်နှစ်ဖက်က အရာနှစ်ခုကို ကိုင်ရတယ်။တခုက မီးတုတ်ကို ကိုင်ပြီးတော့တခုကရေမှုတ်ကိုကိုင်ရတယ်။လက်ဦးအနေနဲ့ မီးကို အသုံးချရမယ်ပြီးမှရေနဲ့ ပြန်သတ်ရမယ်လို့ အဲဒီလိုပြောတယ်။ သူပြောတဲ့ အဓိပ္ပါယ်က ဒီလူထုကို အကြမ်းဖက်ပြီးတော့မှ တခါတည်းကြောက်ချီးတုန်သွားအောင် ကြောက်ချီးတုန်ပြီးမှ ဘာမှ မလုပ်တက်မကိုင်တက် တဲ့အထိ ဖြစ်သွားပြီး သူတို့ကပြန်လည်ချော့သိပ်ပြီးတော့မှ ပြန်လည်ပြီးတော့ ပြန်စည်းရုံးတာ အဲဒီလိုမျိုးပေါ့။

သူတို့ရဲ့ နည်းဗျူဟာက အဲဒီလိုပဲ လုပ်သွားတာ အရင်တုန်းက။ ဒီဟာပဲ သူပြန်သုံးမယ်လို့ ဒီလိုပဲ သုံးသပ်ရတာပေါ့။

မေး-လူထုကို အကြောက်တရားပေးပြီးမှ သူက အထိုက်အလျောက် ပြန်ဖြေလျှော့တဲ့နည်းသုံးမယ့်သဘောမျိုးလား။

ဖြေ-ဟုတ်တယ် အဲဒီသဘောမျိုး။

မေး-အဲဒီလို လုပ်လာနိုင်တဲ့အပေး လူထုကို သတိထားဖို့ ဘာပြောလိုပါသလဲ။

ဖြေ-အခုတက်လာတဲ့ အတုအယောင် အစိုးရပေါ့နော်။အတုအယောင်ဖြစ်တဲ့ ဒီစစ်အစိုးရက လူထုကို ပထမအနေနဲ့ အမျိုးမျိုး ဖိနှိပ်ညှင်းပမ်းပြီး နောက်ဆုံးကျ ပြန်လည်ချော့သိပ်တဲ့သဘော နဲ့ ခေါ်ယူစည်းရုံးသွားဖို့ သူ့ရဲ့ နည်းပရိယာယ်ကအဲဒီလို မျိုးရှိတဲ့အပေါ် လူထုအနေနဲ့ သတိထားပြီး ကြံ့ကြံ့ခံမယ်။ကြံ့ကြံ့ခံ မနေရင်တော့ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ မျိုးဆက် တဆက်ပြီးတဆက် အဲဒီလိုပဲ ခံရမယ်လေ။ အဲဒါကြောင့်မို့ အခု ကြံ့ကြံ့ခံပြီး ဒီဟာကို သူတို့ ဘယ်လောက်ပဲ လုပ်လုပ် စုစုစည်းစည်းနဲ့ သူတို့ကိုတွန်းလှန်လို့ရတဲ့အထိ လုပ်ဆောင်သွားရမယ်လို့ပဲ ကျနော်အနေနဲ့ တော့ ဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်။

မေး- အခု အခြေအနေက စကစက အားပိုကောင်းအောင် ပြင်နေတဲ့အပေါ် ဘာပြောလိုပါသလဲ။

ဖြေ-ဟုတ်တယ်ဗျ။သူတို့လည်းတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေကို သူတို့က ဖိအားပေးတဲ့အနေနဲ့ သူတို့ရဲ့ လာမယ့်တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်နိုင်ဖို့ပေါ့လေ သူတို့ ဖိအားပေးတဲ့အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်အခုက သူတို့ ဘယ်လောက်ပဲ တွေ့ဆုံဆွေးနွေးရေးခေါ်ခေါ် အဲဒီ တွေ့ဆုံဆွေးနွေးရေးကတော့ စည်းလုံးညီညွတ်စွာနဲ့ တခါတည်း သူတို့ကို သပိတ်မှောက်ပြီးတော့မှ မသွားတာ ကောင်းပါတယ်လို့ပဲ ကျနော့်အနေနဲ့ မြင်ပြီးတော့တော်လှန်ရေးအင်အားစုတွေကို မသွားစေချင်ဘူးပေါ့။

မေး-သူတို့ရဲ့ ဆွေးနွေးရေးဖိတ်ခေါ်မှုတွေက အစစ်အမှန်ဖြစ်နိုင်ပါ့လား။ အရင်ကလည်း အပစ်ရပ်စဲရေးကတဆင့်ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်အာဏာသိမ်းခဲ့တယ်ဆိုတော့ သူတို့ ဖိတ်ခေါ်မှုတွေက ယုံကြည်ရပါ့မလား။

ဖြေ-သူတို့ ခေါ်မယ့် ဒီတွေ့ဆုံဆွေးနွေးရေးကတော့ ပြည်ထောင်စုကို ဖွဲ့စည်းတည်ဆောက်ဖို့ မဟုတ်ဘဲနဲ့ စစ်အာဏာရှင် တွေရဲ့ သက်ဆိုးရှည်ဖို့ အတွက်လောက်ပဲ တွေ့ဆုံဆွေးနွေးမှုမျိုးလုပ်မယ်ဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိဘူး။ အကယ်၍ သူတို့ ခေါ်မယ်ဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိဘူးပေါ့။ အကယ်၍ သူတို့ ခေါ်လည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေရဲ့ အောက်မှာပဲ ခေါ်မယ်ဆိုလို့ရှိရင် တော့ဒါကလုံး၀ယုံကြည်လို့မရတဲ့ အခြေအနေမှာ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ကာလမှာလည်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေက အများကြီး။ သူတို့ ဖက်မှာပဲ သူတို့ ဆွဲပြီး သူတို့ စစ်အာဏာရှင် ရှည်ကြာဖို့ အတွက်ပဲ သူတို့က အချိန်ဆွဲပြီး လုပ်သွားတဲ့ဟာပဲ။ အခု လည်း သူတို့ ခေါ်ရင် အဲဒီအတိုင်းပဲ သူတို့ ဆက်လက်ပြီးသွားမှာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေရဲ့ ပြင်ပမှာ၊ မဟုတ်ရင်လည်း ဖျက်သိမ်းပြီးတော့မှ လုပ်တဲ့ တွေ့ဆုံဆွေးနွေးရေး မဟုတ်ရင် ယုံစရာအကြောင်း ဘာတခုမှ မရှိဘူးလို့ အဲဒီလိုပဲ ပြောချင်တယ်။

မေး- KNU တို့ NUGတို့ KIO တို့ပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဆိုပြီး စုစည်းနိုင်ခဲ့တယ်။ အတွေ့အကြုံအရ ဒီဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်မှုက တော်လှန်ရေးအတွက်အားကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါလား။

ဖြေ- အဲဒီမကြာသေးခင်ကာလမှာထုတ်ပြန်ကြေညာခဲ့တဲ့ ဖွဲ့စည်းခဲ့တဲ့ ဦးဆောင်ကောင်စီ ပေါ့နော် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့တကယ့်ထိထိရောက်ရောက်တက်ညီလက်ညီနဲ့လုပ်ပြီးအကောင်အထည်ဖော်သွားမယ်ဆိုရင် တနေ့ကျရင်တော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကတော့ တကယ်ဖြစ်လာမယ်လို့ အဲဒီလိုပဲ ယုံကြည်တယ်။

မေး-ဦးဆောင်ကောင်စီ ပိုအားကောင်းလာစေဖို့ တော်လှန်ရေးအင်အားစုတွေကို ဘာတိုက်တွန်းလိုပါသလဲ။

ဖြေ-အဲဒီဟာနဲ့ ပတ်သက်ပြီး ကျန်တဲ့ တိုင်းရင်းသားလူမျိုးစုတွေစုစုစည်းစည်းနဲ့ အဲဒီ ပုံစံအတိုင်း စည်းလုံးညီညွတ်စွာနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် ဒါကတော့ တနေ့ကျရင် ကျနော်တို့ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရရှိမှာပဲ ။ ဒါမှမဟုတ်ရင် စည်းလုံးညီညွတ်မှု မရှိဘူးဆိုလို့ရှိရင်တော့ အချိန်ကတော့ ကြာမြင့်မယ်လို့ ယူဆတာပေါ့။

မေး-တော်လှန်ရေးအဖွဲ့အစည်းတွေလည်း စိန်ခေါ်မှုတွေရှိတယ်။ လူထုတွေလည်း အကြပ်အတည်းတွေရှိတယ်။ ဒီအကြပ်အတည်း စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ပြောလိုပါသလဲ။

ဖြေ-ပြောရင်မယ်ဆိုရင် ပြည်သူလူထုကတော့ နှစ်ပေါင်းအကြာကြီး ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ခံစားခဲ့ရပြီးပြီ။ အခု နောက်ဆုံးအနေနဲ့ သိပ်မကြာတော့တဲ့ ကာလမှာကျွန်​တော်တို့တွေ့ဆုံရင်ဆိုင်ရမယ့် အခက်အခဲ ပြဿနာကို ကြံ့ကြံ့ခံပြီးတော့မှ စည်းလုံးညီညွတ်စွာနဲ့ တောင့်တင်းခိုင်မာတဲ့ စိတ်ဓာတ်နဲ့ တွန်းလှန်ပြီးတော့မှ ဖြစ်ပေါ်လာမယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့အရေးကိုတစိုက်မတ်မတ် ပူးပေါင်းပါဝင်မယ်ဆိုရင် တော့ မကြာတော့တဲ့ကာလမှာ ဒီအခက်အခဲတွေကျွန်​တော်တို့ ကျော်လွှားနိုင်မယ်လို့ လူထုအကုန်လုံးကို ကျွန်​တော်အသိပေးချင်တယ်။

မေး-ဒီနေ့က နှစ်ဆန်းတရက်နေ့ဆိုတော့ နှစ်သစ်ကူးစကား ဘာပြောလိုပါသလဲ။

ဖြေ- အဲဒီ နှစ်သစ်ကူးအခါသမယမှာ ကျွန်​တော့အနေနဲ့ ပြည်သူတရပ်လုံးကို ဘယ်လိုပြောချင်သလဲဆိုရင် ကျွန်​တော်တို့ ပြီးခဲတဲ့ ကာလမှာကျွန်​တော်တို့ ခံစားခဲ့ရတဲ့ ဒုက္ခ ဆင်းရဲအမျိုးမျိုးကို ကျွန်​တော်တို့ ကျော်လွှားလာခဲ့ပြီးတော့ အခု နှစ်သစ်ကူးမှာ ဆက်လက်ပြီးတော့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်နိုင်ပြီးတော့ အင်အားတွေရရှိနိုင်ပါစေ။ ရရှိလာတဲ့ အင်အားကို စုစည်းပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

မေး- စစ်တပ်က အာဏာသိမ်းစကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်တွေ ပြည်သူလူထုတွေရော ဖမ်းထားတာပေါ့ ။ နိုင်ငံရေးအကျဉ်းသားတွေပေါ့။ အားလုံးကိုဖမ်းထားတာ ဒါတွေ လွတ်မြောက်ဖို့ အတွက် ဘာဆန္ဒပြုလိုပါသလဲ။

ဖြေ-အဲဒီဟာနဲ့ ပတ်သက်ပြီး အခု လက်ရှိ သူတို့ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ အစိုးရက စစ်အစိုးရပဲ။ နောက်ပြီး ကျွန်​တော်တို့ ပြည်သူကနေ ရွေးကောက်တဲ့ အစိုးရ လည်းမဟုတ်ဘူး။ ကျွန်​တော်တို့ ရွေးကောက်တဲ့ အစိုးရကပြီးခဲ့တဲ့ ၂၀၂၀မှာ ရွေးကောက်တဲ့အစိုးရက စစ်မှန်တဲ့ ကျွန်​တော်တို့ ရဲ့ အစိုးရ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်​တော်တို့ အစိုးရရော ကျွန်​တော်တို့ အစိုးရနဲ့ ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအားလုံး အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့လူတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျွန်​တော်တို့ ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးက ဒီစစ်အစိုးရ ပြုတ်ကျပြီးတော့မှ စစ်မှန်တဲ့ ကျွန်​တော်တို့ ရွေးကောက်တဲ့ အစိုးရ သူ့နေရာမှာ ပြန်လည်ရောက်ရှိ နိုင်ဖို့ကြိုးစားဖို့ကျွန်​​တော်တို့အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။