ယူကရိန်း စစ်သုံ့ပန်းတွေရဲ့ နားရွက်နဲ့ လုပ်ထားတဲ့ လည်ဆွဲတန်ဆာ တစ်ခု လက်ဆောင်ပေးမယ်လို့ ရုရှား စစ်ဗိုလ်ချုပ် တစ်ဦးက ဇနီးဖြစ်သူကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
အသက် ၄၉ နှစ်အရွယ် ရိုမန် ဒီမူချိဗ်က ယူကရိန်း အကျဉ်းသားတွေ၊ စစ်သုံ့ပန်းတွေအပေါ် သူကိုယ်တိုင်ရော၊ သူ့လက်အောက်ခံ တပ်တွေကပါ ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ပြင်းထန်ရက်စက်တဲ့ ညှင်းပန်း နှိပ်စက်မှုတွေကို ဇနီးဖြစ်သူဆီ ဂုဏ်ယူစွာနဲ့ ပြောပြထားတဲ့ စာသား messageတွေကို မီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲမှာတော့ ယူကရိန်း စစ်သားတွေရဲ့ နားရွက်တွေကို ဖြတ်ပစ်တယ် ဆိုတာမျိုး တုန်လှုပ်စရာ အကြောင်းအရာတွေလည်း ပါဝင်လာခဲ့ပါတယ်။ ယူကရိန်း စစ်တပ်ထဲက သတင်းရင်းမြစ် တစ်ခုဆီကနေ အဲဒီ စာတွေနဲ့ အချက်အလက်တွေကို ရရှိခဲ့ပြီး လွတ်လပ်တဲ့ ဥရောပအသံ (RFE)နဲ့ တခြားသတင်းဌာန တစ်ခုရဲ့ အချက်အလက် စိစစ်ရေး ယူနစ်တွေက မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းက ဇနီးဆီ ပေးပို့တဲ့ messageထဲမှာ ဒီမူချိဗ်က ယူကရိန်း စစ်စခန်း တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ သုံးရက်ကြာ စစ်ဆင်ရေးအတွက် ယူကရိန်းစစ်သည် ၄ ဦးကို ဖမ်းမိခဲ့တဲ့အကြောင်း ရေးသားထားခဲ့ပါတယ်။ ပြီးတော့ မည်းညိုစပြုနေတဲ့ လူနားရွက် အပြတ်တွေကို သတ္တုပိုက် တစ်ခုမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတစ်ပုံကိုပါ သူက ပူးတွဲ ပေးပို့ခဲ့ပါတယ်။

Public Service Announcement
ဇနီးဖြစ်သူ အလက်ဇန္ဒရာက အဲဒီ နားရွက်တွေကို ဘာလုပ်မလို့လဲလို့ မေးတဲ့အခါ ရုရှားဗိုလ်ချုပ်က အဲဒီ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကြိုးနဲ့သီပြီး ဇနီးအတွက် လည်ဆွဲ အဆင်တန်ဆာအဖြစ် လက်ဆောင်ပေးမယ်လို့ ပြန်ဖြေခဲ့ပါတယ်။ သူ့ဇနီးကလည်း အဲဒါတွေက ဘီယာနဲ့ မြည်းရမယ့် ဝက်နားရွက်တွေနဲ့တောင် တူနေတယ်လို့ ရေးထားခဲ့ပါတယ်။
ဒါ့အပြင် ဒီမူချိဗ်က ယူကရိန်း အကျဉ်းသားတွေကို ဘယ်လိုဘယ်ပုံ ပစ်သတ်ပြီး အလောင်းတွေကို ဘယ်လို စွန့်ပစ်ခဲ့သလဲ ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေဆီ မျှဝေပြောဆိုခဲ့ကြောင်း ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေလည်း ထွက်ပေါ်လာပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တုန်းက ကြည်းတပ်ရဲ့ ထိပ်ပိုင်း အရာရှိတွေ တွေ့ဆုံတဲ့ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပြီး မော်စကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပေးအပ်တဲ့ သူရဲကောင်း ဆုတံဆိပ်တစ်ခုကို လက်ခံယူခဲ့ဖူးပါတယ်။ ဒါ့အပြင် ချီချန်ဒေသ အစိုးရက ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတံဆိပ်ကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။
အဲဒီနှစ်မှာပဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီမူချိဗ်ကို ဗိုလ်ချုပ်အဖြစ် ရာထူးတိုး ခန့်အပ်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ဒီမူချိဗ်က ဘယ်ရာထူးဌာနကို ကိုင်တွယ်နေသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက အထိတော့ သူဟာ ရုရှား အမှတ် ၂၀ ပူးပေါင်းတိုက်ခိုက်ရေး တပ်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်နေခဲ့ပါတယ်။
သူက ရုရှား တန်ပြန် ထောက်လှမ်းရေး အရာရှိ တစ်ဦးဆီ ပေးပို့တဲ့ messageထဲမှာတော့ ယူကရိန်း စစ်သားတစ်ဦးကို ကျင်းထဲမှာ ပိတ်လှောင် ဖမ်းဆီးထားကြောင်း၊ သူ့ကို ဘာလုပ်ရမလဲ ဆိုတာကို အကြောင်းပြန်စေလိုကြောင်း၊ ဖျောက်ဖျက်ပစ်ရမလား၊ ထောက်လှမ်းရေးဆီ လွှဲပေးရမလားဆိုတာ ညွှန်ကြားပေးစေလိုကြောင်း ဒီမူချိဗ်က ရေးသားထားခဲ့ပါတယ်။ ယူကရိန်း စစ်သားကို နှိပ်စက်ဖို့ သူတို့မှာ အချိန်မရှိကြောင်း၊ ဒါပေမဲ့ ထောက်လှမ်းရေးဖက်ကတော့ အချိန်ပေးနိုင်မယ်လို့ သူသေချာ သိကြောင်းလည်း ရုရှားဗိုလ်ချုပ်က ဆိုပါတယ်။
အဲဒီတုန်းက သူရည်ညွှန်းခဲ့တဲ့ ယူကရိန်း စစ်သားဟာ ဇာပေါ့ရစ်ဇီရာ ဒေသထဲကနေ ဆန္ဒအလျောက် စစ်မှုထမ်းခဲ့သူ တစ်ဦးဖြစ်ပြီး ၁ နှစ်နဲ့ ၁၀ လအကြာမှာတော့ သုံ့ပန်းလဲလှယ်မှု အစီအစဉ်အရ ရုရှားရဲ့ အချုပ်အနှောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ စစ်သားက မီဒီယာတွေနဲ့ တိုက်ရိုက် မတွေ့ဆုံခဲ့ဘဲ သူဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းကို ပြန်ပြီး ပြောပြဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးကြောင်း မိသားစုဝင်တွေဆီကနေတဆင့် အကြောင်းပြန်ခဲ့ပါတယ်။ သူ့မိသားစုတွေကတော့ အဲဒီစစ်သားဟာ ချုပ်နှောင်ခံရချိန်မှာ ရိုက်နှက်တာ၊ လျှပ်စစ်နဲ့ ရှော့တိုက်တာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ထပ် ဖြစ်စဉ် တစ်ခုမှာတော့ ဒီမူချိဗ်က သူ့လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဖမ်းမိထားတဲ့ ယူကရိန်း စစ်သားတချို့ကို ပေါက်ပြားတွေနဲ့ သေတဲ့ထိ ခုတ်သတ်ခဲ့ကြောင်း အထက်အရာရှိ ဗိုလ်ချုပ်ကြီး အိုလက်ဂ် မီတီယက်ဗ်ကို ကြွားဝါခဲ့ကြောင်း အထောက်အထားတွေလည်း ရှိခဲ့ပါတယ်။ မီတီယက်ဗ်ကလည်း အဲဒီလုပ်ရပ် ကျူးလွန်သူ ရုရှားစစ်သားတွေကို ဂုဏ်ပြုဆုတွေအတွက် နာမည်စာရင်း တင်သွင်းဖို့ ဒီမူချိဗ်ကို တုံ့ပြန်ခဲ့ပါတယ်။
အချက်အလက်တွေ ထောက်ပံ့ခဲ့တဲ့ ယူကရိန်း စစ်ဘက် သတင်းရင်းမြစ်ကတော့ ဒွန်းဘက်စ်ခ် ဒေသထဲက မာကစ်ဗ်ကာ မြို့နားမှာ ဒီမူချိဗ်နဲ့ လက်အောက်ခံ တပ်တွေ သတ်ဖြတ်လို့ ယူကရိန်း စစ်သုံ့ပန်းတွေ သေကြေခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ မှတ်တမ်းစစ်ချက်တွေအရ ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်တွေဟာ သုံ့ပန်းတွေအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ ထိုးနှက် တိုက်ခိုက်မှုတွေကို စနစ်တကျ ကြံစည် ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂရဲ့ ယူကရိန်း နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်မစ်ရှင်ကလည်း ရုရှားလက်ထဲ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ယူကရိန်းစစ်သည်တွေထဲက ၉၅ ရာခိုင်နှုန်းဟာ နှိပ်စက်ညှင်းပန်းမှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြတ်သန်း တွေ့ကြုံခဲ့ရကြောင်း အတည်ပြုထားပါတယ်။
ကိုးကား: Telegraph


















































