ကော်ဘရာစစ်ဆင်ရေးမှူး ဒုဗိုလ်မှူးကြီးစောဒါဘောက မြို့နယ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ
မတ်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေမှာ မြို့နယ်အသစ်တခု ထပ်မံဖွဲ့စည်းလိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အမည်ကိုရာမတီးမြို့နယ်လို့ အမည်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။
KNU အနေနဲ့ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိပြီး ခရိုင်တွေမှာ မြို့နယ်တွေ ဖွဲ့စည်းထားပါတယ်။ KNU ရဲ့ အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တွေကိုလည်း သီးခြားအမည်ပေးဖွဲ့စည်းထားတာပါ။ KNU ဒူးပလာယာခရိုင်မှာဆိုရင် အရင်က ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်စတဲ့ မြို့နယ်လေးခုရှိပြီး အခု ရာမတီးအမည်နဲ့ မြို့နယ်ထပ်တိုးဖွဲ့စည်းခဲ့တာပါ။

Public Service Announcement
အခု မြို့နယ်အသစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ဒေသတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ဒေသတွေ ပါဝင်ပါတယ်။
အဲဒီဒေသဟာ မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အစပ်က ဒေသတွေဖြစ်ပါတယ်။
ဒူးပလာယာခရိုင်ရှိ နယ်မြေအကျယ်အဝန်းနဲ့ နယ်နိမိတ် သတ်မှတ်ချက်များအရ ဒေါနအရှေ့ခြမ်းဖြစ်တဲ့ နို့ဖိုးအုပ်စု၊ မြဝတီမြို့မအုပ်စု၊ ဖလူးအုပ်စု၊ သေ့ဘောဘိုး အုပ်စု၊ ဆုံဆည်းမြိုင်အုပ်စု၊ မောခီးအုပ်စုနဲ့ စုကလိအုပ်စု စသည့်ဒေသတွေမှာ ဒူးပလာယာခရိုင်က မြို့နယ်အသစ် ထပ်မံဖွဲ့စည်းအုပ်ချုပ်ဖို့ လိုအပ်လို့ ရာမတီးမြို့နယ်အမည်ဖြင့် ဖေဖော်ဝါရီ ၂၈ရက်မှာ ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ပြန်ပါတယ်။
အဲဒီ ရာမတီးမြို့နယ်ရဲ့ ပထမအကြိမ်မြို့နယ် ညီလာခံကိုမတ်လ ၂၃ရက်ကစ၍ ၃ရက် ကျင်းပခဲ့ရာ မြို့နယ်အတွင်း ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ကျေးရွာအုပ်စု ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တယ်လို့ အသိပေးပါတယ်။
ရာမတီး မြို့နယ် ပထမအကြိမ် ကွန်ကရက်မှာ ကိုယ်စားလှယ် ၁၉၅ဦး ပါဝင် ရွေးကောက်ခံခဲ့ရာ မြို့နယ်အမြဲတမ်း ကော်မတီဝင် ၃၁ဦး ရွေးကောက်တင်မြှောက်ခံရပြီး အဲဒီထဲကမှ ဥက္ကဋ္ဌအဖြစ် ပဒိုစောဖာတယား ၊ ဒုဥက္ကဋ္ဌအဖြစ် ဒု-ဗိုလ်မှူးကြီး စောကိုကို (ခ)စောဒါဘော အတွင်းရေးမှူးအဖြစ် ပဒိုစောဟဲခု၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုနော်အဲ့ထူးစေ တို့ တာဝန်ယူကာ တရားသူကြီးမှာ ပဒိုစောအဲ့ကော်သော ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျန်းမာရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးဌာန၊ ပညာရေးနဲ့ ယဥ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နဲ့ ဘဏ္ဍာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ စတဲ့ ဌာနဆိုင်ရာ ဌာနမှူးတွေ ခန့်အပ်တာဝန်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
တရားစီရင်ရေး ကော်မတီနဲ့ နိုင်ငံရေး၊ စည်းရုံးရေး ကော်မတီတို့ရဲ့ ဌာနမှူးတွေ ခန့်အပ်တာဝန်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။ နိုင်ငံရေး နဲ့ စည်းရုံးရေး ကော်မတီရဲ့ ကြီးကြပ်မှုအောက်တွင် ရှိသော လုပ်ငန်း ကော်မတီ (၈) ခုဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ပညာပေး၊ စည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်း ကော်မတီ၊ သုတေသန လုပ်ငန်း ကော်မတီ၊ မှတ်တမ်း/ မော်ကွန်းထိန်း လုပ်ငန်း ကော်မတီ၊ ပြည်သူ့ဆက်ဆံရေး၊ သတင်းနဲ့ ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ K.W.O – ကရင်အမျိုးသမီးအစည်းအရုံး၊ K.Y.O – ကရင်လူငယ်အစည်းအရုံး၊ F.T.U.K – ကော်သူးလေ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် စတဲ့ ကော်မတီ ဥက္ကဋ္ဌ များခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
(ဒူးပလာယာခရိုင်၊ ရာမတီးမြို့နယ်ရဲ့ ပထမအကြိမ် ဆွေးနွေးနေစဉ်။ ဓာတ်ပုံ – KNU)




















































