ဧပြီ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်း၊ မန္တလေးနှင့် မကွေး ဖက်ဒရယ်ယူနစ်/ဒေသများ၊ CRPH၊ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနဲ့ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) တို့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲ သဘောတူညီချက်တွေအပေါ် အခြေခံပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး ဖက်ဒရယ်ယူနစ်များအတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ပူးပေါင်း လုပ်ငန်းအဖွဲ့မှ လုပ်ငန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော် သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
အဲဒီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဖက်ဒရယ်ယူနစ်အစိုးရ၊ စစ်ကိုင်း၊မကွေးနဲ့ မန္တလေး ဒေသကြားကာအုပ်ချုပ်ရေးကောင်စီ များမှ ဝန်ကြီးချုပ်များနဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊ ဖက်ဒရယ်ယူနစ်စစ်ကိုင်း၊မကွေးနဲ့ မန္တလေးဒေသ လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနဲ့ ကိုယ်စား လှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများ၊ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
အစည်းအဝေးတက်ရောက်လာသူ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် နယ်ပယ်များကို ဖော်ထုတ်ဆွေးနွေးတာ၊ ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ပါဝင်ကြမယ့် သက်ဆိုင်သူ အစုအဖွဲ့ အသီးသီးရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားများကို သတ်မှတ်တာ၊ ပူးပေါင်း အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းဖို့ စတာတွေ အဓိက ထား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အခု ညှိနှိုင်းအစည်းအဝေးမှ ရရှိလာသော သဘောတူညီချက်များအပေါ် အခြေခံပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်သွားမှာ ဖြစ်သလို နောင်ပေါ်ပေါက်လာဖို့ရှိတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေရဲ့ အုပ်ချုပ်ရေးယန္တယားတွေအတွက်လည်း ညှိနိုင်းအစည်းအဝေးရဲ့ ရလဒ်များ ကို ထည့်သွင်းစဥ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးပန်းတိုင်အတွက် ဟန်ချက် ညီညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


















































