စက်တင်ဘာ ၁၄၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ဒေသတွေမှာ ယခု စက်တင်ဘာ ဒုတိယပတ်အတွင်း နေ့ခင်းပိုင်းမှာ အပူချိန် တွေမြင့်မားနေပြီး စစ်ဘေးရှောင်တွေဟာ ယာယီတဲတွေမှာ အပူဒဏ်ကို ပြင်းထန်စွာ ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“အညာမှာတော့ နေ့ခင်းပိုင်းတော်တော်ပူတာ။ စစ်ရှောင်တွေကတော့ အဆင်ပြေသလိုပေါ့ဗျာ။ သစ်ပင်ရိပ်အောက်တွေ၊ တဲတွေအောက်မှာပဲ နရေတာပေါ့။်”လို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုမှ ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အာဏာသိမ်း စစ်တပ် မီးရှို့လို့ မီးလောင်ကျွမ်းထားတဲ့ ရွာတွေမှာ သစ်ပင်ကြီးတွေပါ မီးထဲပါသွားခဲ့လို့ ရွာအတွင်း အရိပ်အာဝါသ မရှိတော့ဘဲ ဖြစ်နေကြောင်း၊ ဒါ့ကြောင့် ရွာပြန်နေသူအချို့မှာ အရိပ်မရှိတဲ့ကြားက အိမ်တွေ အသစ်ပြန်လည် ဆောက်လုပ်နေကြရသလို အချို့မှာလည်း သစ်ပင်ရိပ်တွေနဲ့ ယာယီတဲတွေမှာ အဆင်ပြေသလို နေထိုင်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။
“အရိပ်လဲမရှိတော့ အိမ်တွေဆောက်နေရတယ်။ မီးလောင်ထားတော့ ရွာထဲ အရိပ်မရှိပါဘူး။ သစ်ပင်ကြီးတွေက မီးလောင်တာထဲ ပါသွားတာ။ ရပ်ဝေးစစ်ရှောင်တွေကတော့ တောထဲ အရိပ်ရှိတဲ့နေရာမှာ နေရပါတယ်။ တချိူ့ဘုန်းကြီးကျောင်းပေါ့။ တချို့လည်း ဘုန်းကြီးကျောင်းမနေရဲ ကြဘူး။ ဗုံးကျဲလို့”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာဆိုရင် စစ်ကိုင်းတိုင်းမှာ အမြင့်ဆုံးအပူချိန်တွေအနေနဲ့ စစ်ကိုင်းမြို့မှာ ၃၆.၂ ဒီဂရိစင်တီဂရိတ်၊ ရွှေဘိုမြို့မှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက တစ်ပတ်စာ မိုးလေဝသအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ရာမှာမြန်မာနိုင်ငံတစ်ခုလုံး နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ (တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ယခုတစ်ပတ်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တဲ့ အခြေအနေရှိတာကြောင့် နောက်ဆက်တွဲ ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေစီးဆင်းတာ၊ ကမ်းပါးပြို၊ မြေပြိုတာတွေနဲ့ ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြု နေထိုင်သင့်ကြောင်း သတိပေးထားပါတယ်။


















































