Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ ရာသီဥတု ပူပြင်းမှုကြောင့် စစ်ရှောင်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

(စစ်ဘေးရှောင်များအား နေအိမ်ဆောက်လုပ်ပေးနေစဥ်။ ဓာတ်ပုံ-S&C)

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ဒေသတွေမှာ ယခု စက်တင်ဘာ ဒုတိယပတ်အတွင်း နေ့ခင်းပိုင်းမှာ အပူချိန် တွေမြင့်မားနေပြီး စစ်ဘေးရှောင်တွေဟာ ယာယီတဲတွေမှာ အပူဒဏ်ကို ပြင်းထန်စွာ ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အညာမှာတော့ နေ့ခင်းပိုင်းတော်တော်ပူတာ။ စစ်ရှောင်တွေကတော့ အဆင်ပြေသလိုပေါ့ဗျာ။ သစ်ပင်ရိပ်အောက်တွေ၊ တဲတွေအောက်မှာပဲ နရေတာပေါ့။်”လို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုမှ ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဏာသိမ်း စစ်တပ် မီးရှို့လို့ မီးလောင်ကျွမ်းထားတဲ့ ရွာတွေမှာ သစ်ပင်ကြီးတွေပါ မီးထဲပါသွားခဲ့လို့ ရွာအတွင်း အရိပ်အာဝါသ မရှိတော့ဘဲ ဖြစ်နေကြောင်း၊ ဒါ့ကြောင့် ရွာပြန်နေသူအချို့မှာ အရိပ်မရှိတဲ့ကြားက အိမ်တွေ အသစ်ပြန်လည် ဆောက်လုပ်နေကြရသလို အချို့မှာလည်း သစ်ပင်ရိပ်တွေနဲ့ ယာယီတဲတွေမှာ အဆင်ပြေသလို နေထိုင်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

“အရိပ်လဲမရှိတော့ အိမ်တွေဆောက်နေရတယ်။ မီးလောင်ထားတော့ ရွာထဲ အရိပ်မရှိပါဘူး။ သစ်ပင်ကြီးတွေက မီးလောင်တာထဲ ပါသွားတာ။ ရပ်ဝေးစစ်ရှောင်တွေကတော့ တောထဲ အရိပ်ရှိတဲ့နေရာမှာ နေရပါတယ်။ တချိူ့ဘုန်းကြီးကျောင်းပေါ့။ တချို့လည်း ဘုန်းကြီးကျောင်းမနေရဲ ကြဘူး။ ဗုံးကျဲလို့”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာဆိုရင် စစ်ကိုင်းတိုင်းမှာ အမြင့်ဆုံးအပူချိန်တွေအနေနဲ့ စစ်ကိုင်းမြို့မှာ ၃၆.၂ ဒီဂရိစင်တီဂရိတ်၊ ရွှေဘိုမြို့မှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက တစ်ပတ်စာ မိုးလေဝသအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ရာမှာမြန်မာနိုင်ငံတစ်ခုလုံး နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ (တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယခုတစ်ပတ်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တဲ့ အခြေအနေရှိတာကြောင့် နောက်ဆက်တွဲ ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေစီးဆင်းတာ၊ ကမ်းပါးပြို၊ မြေပြိုတာတွေနဲ့ ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြု နေထိုင်သင့်ကြောင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

လူသားတို့၏ အသက်၊ စားနပ်ရိက္ခာနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသည့် ရာသီဥတု အကျပ်အတည်း

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး