စက်တင်ဘာ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring။
စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့၊ အမှတ်(၁၆)ရဲတပ်ရင်း အနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တပ်မ(၃၃) သွားတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၁စီး ပျက်စီးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီ ပျက်စီးသွားတဲ့ ကားကို ကရိန်းနဲ့ လာဆွဲချိန်မှာလည်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး လမ်းကို အချိန်အတန်ကြာ ပိတ်ထားခဲ့ပါတယ်။ စစ်သားတွေက ကားပေါ်ကဆင်းပြီး ရမ်းသမ်းပစ်ခတ်ရင်း အသင့်ပြင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာတာမို့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“မိုင်းမိတဲ့အချိန်မှာပဲ ကားကြီး ၁စီးက လုံးဝ ပျက်စီးသွားတာ။ အချိန်အတော်ကြာမှ ကရိန်းနဲ့ လာဆွဲသွားတာ။ ယာဉ်တန်းလာတဲ့အချိန် လုံခြုံရေး ယူပေးတဲ့ကောင်တွေပါ ကားကို မိုင်းမိတဲ့အချိန် သေတယ်၊ ကားပေါ်ကကောင်တွေ သေဆုံးထိခိုက်ရှိတယ်။ အဲ့နောက် ကင်းပုန်းနေရာတွေကို ၈၀ မမ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ဖြစ်စဉ်မှာလဲ သေဆုံးရှိတယ်။ အများဆုံး သေတာကကျ ယာဉ်တန်းကားပေါ်ကကောင်တွေ။ ပကားပေါ်ကနေ ဆင်းပီးတော့ပစ်တာ။ ပစ်ရင်းနဲ့ ကျနော်တို့ မိုင်းပွိုင့်ထဲကို ဝင်လာတာ၊ အဲ့အချိန် မိုင်းဆွဲလိုက်တာက အများကြီးကိုသေတာ”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဖြစ်စဉ်တွေအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ဦး သေဆုံးကာ နောက်တစ်ဦး ခြေထောက် သေနတ်မှန် ဒဏ်ရာရသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ စစ်အုပ်စုထိခိုက်မှုအခြေအနေတွေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
ကျည်တစ်တောင့် တစ်သောင်းနှုန်းနဲ့ ကူလို့ရတယ်လို့ဆိုတဲ့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ဟာ လက်ရှိ ကျည် ၃၀၀ဝ ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်ကလည်း စစ်ဏမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံး ကြားမှာ ပါဆယ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲခဲ့ပြီး ဝန်ထမ်းတွေ CDM လုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။


















































