စစ်ပွဲထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ပါလာရင် လက်တုံ့ပြန် တိုက်ခိုက်ဖို့ ဘီလားရုစ် ပိုင်နက်ထဲက ပစ်မှတ်နေရာပေါင်း ၅၀၀ လောက်ကို ထောက်လှမ်း မှတ်သားထားပြီး ဖြစ်တယ်လို့ ယူကရိန်း စစ်ဦးစီး တစ်ဦးက သတိပေး ပြောကြားသွားပါတယ်။
ရုရှားရဲ့ မဟာမိတ်လည်းဖြစ်၊ ယူကရိန်း မြောက်ပိုင်းနဲ့လည်း နယ်နိမိတ် ထိစပ်နေတဲ့ ဘီလားရုစ်ဟာ လက်ရှိ ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်ကနေ ပိုပြီး ထဲထဲဝင်ဝင် ကူညီလာဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာချိန်မှာ ယူကရိန်း ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက အခုလို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်း မြောက်ပိုင်းကို စစ်မျက်နှာ အသစ်ဖွင့်ပြီး တိုက်ခိုက်ဖို့အတွက် ဘီလားရုစ် ပိုင်နက်ကို အသုံးချလာနိုင်ကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ပျံ့နှံ့နေပါတယ်။
ယူကရိန်း စစ်တပ်ရဲ့ မောင်းသူမဲ့ စနစ်သုံး တိုက်ခိုက်ရေးယူနစ် အကြီးအကဲ ရောဘတ် ဘရော့ဗ်ဒီကတော့ အဲဒီကိစ္စကို ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကို အနေနဲ့ ယောင်လို့တောင် မစဉ်းစားသင့်ကြောင်း သတိပေးသွားပါတယ်။

Public Service Announcement
ယူကရိန်း စစ်တပ်ရဲ့ ဒရုန်းတွေကို အဓိက ကိုင်တွယ် ကြီးကြပ်ရတဲ့ ဘရော့ဗ်ဒီက ယူကရိန်းဟာ မြို့တော် မင့်စ်ခ် အပါအဝင် ဘီလားရုစ် ပိုင်နက်ထဲက ပစ်မှတ်ပေါင်း ၅၀၀ ကျော်လောက်ကို ကြိုတင် ထောက်လှမ်းပြီး နေရာ မှတ်သားထားကြောင်း လူမှုကွန်ရက် Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ယူကရိန်းဟာ ပထမအသုတ် ပစ်မှတ်ပေါင်း ၅၀၀ လောက်ကို ခွဲခြား မှတ်သားထားပြီး ဖြစ်ကြောင်း၊ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ကျကျ အကြံပေးချင်တာကတော့ ယူကရိန်းရဲ့ စက်ကွင်းထဲ ရောက်မလာအောင် ရှောင်ဖို့ပဲဖြစ်ကြောင်း သူက ဘီလားရုစ် အစိုးရကို ရည်ရွယ်ပြီး သတိပေးခဲ့ပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကိုလည်း ရုရှားက နောက်ထပ် စနစ်တကျ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေကြောင်း ခြိမ်းခြောက်ထားတာကိုလည်း ဘရော့ဗ်ဒီက တုံ့ပြန်ခဲ့ပါတယ်။ ရုရှားမှာ အဓိက ရေနံချက် စက်ရုံကြီး ၁၃ ခုရှိပြီး ၉ ခုက ယူကရိန်း လက်ချက်ကြောင့် လုပ်ငန်း မလည်ပတ်နိုင်တော့တာကို သူက ထောက်ပြသွားပါတယ်။
တခြားတစ်ဖက်မှာလည်း ဘီလားရုစ်က စစ်ပွဲထဲ ထင်ထင်ရှားရှား ပါဝင်လာမှာကို ယူကရိန်းဖက်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ပြည်ပမှာ တိမ်းရှောင်နေရသူ ဘီလားရုစ် အတိုက်အခံခေါင်းဆောင် ဆလက်လာနာ ဆီခါနူစ်ခါယာနဲ့ မေလ ၂၆ ရက်နေ့က ကိယက်ဗ်မှာ တွေ့ဆုံခဲ့ပါသေးတယ်။
အစောပိုင်းမှာ လူကာရှန်ကိုက သူနဲ့ ဇီလန်စကီးတို့ဟာ ကိယက်ဗ်၊ ဒါမှမဟုတ် မင့်စ်ခ်မှာ တွေ့ဆုံသင့်ကြောင်း ပြောဆိုခဲ့ပေမယ့် ဇီလန်စကီးကတော့ ဘီလားရုစ် အတိုက်အခံ ခေါင်းဆောင်နဲ့ပဲ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဘီလားရုစ်ရော၊ ယူကရိန်း ပြည်သူတွေပါ ရုရှားရဲ့ ဗိုလ်ကျ ထိန်းချုပ်လိုမှု အောက်ကနေ လွတ်မြောက်စေချင်တာဟာ သူ့ရဲ့ စိတ်ရင်းအမှန်ဖြစ်ကြောင်း၊ ယူကရိန်းဟာ ဘီလားရုစ်အတွက် ဘယ်တော့မှ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာဖို့ မရည်ရွယ်ခဲ့ကြောင်း ဆီခါနူစ်ခါယာကို ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် အစောပိုင်းတုန်းက ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲ တိုက်ခိုက်ခဲ့ချိန်မှာလည်း ဘီလားရုစ် နယ်စပ်ကို ဖြတ်ကျော်ပြီး တပ်တွေ စေလွှတ်ခဲ့ဖူးပါတယ်။
ကိုးကား: Euro News


















































