Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်လုပ် Gripen တိုက်လေယာဉ်သစ် အစီး ၂၀ ယူကရိန်းမှာယူ၊ အဟောင်း ၁၆ စီးကို ဆွီဒင်က လှူဒါန်းပေး

ဆွီဒင်လုပ် တိုက်လေယာဉ်အသစ် အစီး ၂၀ ကို ယူကရိန်းက ဝယ်ယူသွားမှာဖြစ်ပြီး နောက်ထပ် အဟောင်း ၁၆ စီးကိုတော့ ဆွီဒင်က ထောက်ပံ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ဆွီဒင်လုပ် တိုက်လေယာဉ်အသစ် အစီး ၂၀ ကို ယူကရိန်းက ဝယ်ယူသွားမှာဖြစ်ပြီး နောက်ထပ် အဟောင်း ၁၆ စီးကိုတော့ ဆွီဒင်က ထောက်ပံ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

မေလ ၂၈ ရက်နေ့မှာ အဲဒီ သဘောတူညီမှု အကြောင်းကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆွီဒင် ဝန်ကြီးချုပ် အဲ့လ်ဖ်ခရစ္စတာဆန်တို့က ပူးတွဲ ကြေညာခဲ့ပါတယ်။

ဆွီဒင်နဲ့ ယူကရိန်းတို့ဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမို အရှိန်အဟုန် မြှင့်တင်လာနေပြီး မနှစ်တုန်းကတော့ ဆွီဒင်ရဲ့ Gripen E တိုက်လေယာဉ် အစီး ၁၅၀ ကို ယူကရိန်းဆီ ရောင်းချပေးဖို့ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ အဆင့်မြင့် မော်ဒယ်သစ် တိုက်လေယာဉ်တွေ တင်ပို့ဖို့ဟာ နောက်ထပ် နှစ်အတော်ကြာ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားဖို့ လေကြောင်းကာကွယ်ရေး အစီအမံတွေအတွက် ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက နည်းပညာမြင့် တိုက်လေယာဉ်တွေကို အပူတပြင်း လိုအပ်နေပါတယ်။ အခုတော့ Gripen E တိုက်လေယာဉ် အစီး ၂၀ ကို ယူကရိန်းဆီ အဆောတလျင် တင်ပို့ရောင်းချပေးဖို့ သဘောတူညီမှုကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပူးတွဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပ သမဂ္ဂ (EU)က ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၉၀ အသုံးစရိတ် ထုတ်ချေးပေးခဲ့ပြီးတဲ့နောက် ဆွီဒင်ဆီက တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စက လျင်လျင်မြန်မြန် အထမြောက်လာခဲ့တာပါ။

Saab ကုမ္ပဏီက ထုတ်လုပ်တဲ့ Gripenတွေဟာ ယူကရိန်းအတွက် အကောင်းဆုံးနဲ့ လက်တွေ့ အကျဆုံး ရွေးချယ်မှု ဖြစ်လာကြောင်း၊ ဒါကြောင့်လည်း အခုလိုမျိုး အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို နှစ်နိုင်ငံ အတူစတင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆွီဒင်နိုင်ငံ၊ အပ်ဆာလာမြို့က လေတပ်စခန်း တစ်ခုမှာ ခရစ္စတာဆန်က ပြောကြားခဲ့ပါတယ်။ သူနဲ့အတူ ရှိနေခဲ့တဲ့ ဇီလန်စကီးကလည်း ယူကရိန်းအတွက် ဒီတိုက်လေယာဉ်တွေဟာ အမှန်တကယ် အရေးတကြီး လိုအပ်ကြောင်း၊ Gripen တိုက်လေယာဉ်တွေကို သုံးစွဲခွင့် ရခြင်းဟာ ယူကရိန်းအတွက်တော့ သမိုင်းစာမျက်နှာသစ်တစ်ခု ဖြစ်လာကြောင်း ပြောဆိုသွားပါတယ်။

သူက ယူကရိန်းဟာ မူလ လျာထားတဲ့အတိုင်း Gripen E အစီးရေ ၁၅၀ စလုံး အပြည့်အဝ ဝယ်ယူနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ အဲဒီအတွက် လုံလောက်တဲ့ ငွေကြေးအရင်းအမြစ်မျိုး ပိုင်ဆိုင်လာနိုင်အောင် ဘုရားသခင် ကောင်းချီးပေးဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေက လေတပ်စခန်းထဲ သတင်းစာ ရှင်းလင်းပွဲ လုပ်နေချိန် အနောက်ဖက်မှာတော့ Gripen တိုက်လေယာဉ် နှစ်စီးကို ခင်းကျင်းပြသထားခဲ့ပါတယ်။

ဆွီဒင်ဟာ ပထမအဆင့်အဖြစ် ယူကရိန်းဆီ Gripen Eတိုက်လေယာဉ် အစီး ၂၀ ရောင်းချတာအပြင် မော်ဒယ်ဟောင်း Gripen Cနဲ့ Gripen D တိုက်လေယာဉ် ၁၆ စီးကိုပါ နောက်နှစ်ထဲမှာ လွှဲအပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒါဟာ လေယာဉ်အသစ်တွေ ရောက်မလာခင် အတောအတွင်း ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည် ကျဆင်းမသွားအောင် ကျားကန်ပေးဖို့ ဖြစ်ပါတယ်။

Gripen E တိုက်လေယာဉ်တွေ ဝယ်ယူဖို့အတွက် ယူကရိန်းဟာ ယူရို ဘီလီယံ ၉၀ ဘတ်ဂျတ်ထဲက ၂.၅ ဘီလီယံ ယူရိုကို ထုတ်နုတ် သုံးစွဲသွားမယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။ တိုက်လေယာဉ် အသစ်တွေကတော့ ၂၀၃၀ လောက်မှ ယူကရိန်း လေတပ်မှာ စတင် အမှုထမ်းနိုင်ဖွယ် ရှိနေပါတယ်။

Gripen Eဟာ အင်ဂျင်တစ်လုံးတပ် တစ်ယောက်စီး ဘက်စုံသုံး တိုက်လေယာဉ်တွေဖြစ်ပြီး စတုတ္ထမျိုးဆက်လွန် (Generation 4.5) စံနှုန်းထဲမှာ ထည့်သွင်း သတ်မှတ် ခံရပါတယ်။ အဲဒီ လေယာဉ်တွေဟာ မြေပြင်နဲ့ ဝေဟင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ မူရင်း Gripen စီးရီးတွေနဲ့ ကွာဟချက် သိပ်မရှိပေမယ့် ခေတ်သစ် စစ်ပွဲတွေနဲ့ ကိုက်ညီတဲ့ အီလက်ထရောနစ် စနစ်တွေ၊ အာရုံခံစနစ်တွေ၊ အဆင့်မြင့် ရေဒါတွေ၊ ပိုမို အစွမ်းထက်တဲ့ လက်နက်တွေ တပ်ဆင်နိုင်အောင် တည်ဆောက်ထားပါတယ်။

ရန်သူ့ရေဒါတွေကို တန်ပြန်နှောင့်ယှက်နိုင်တဲ့ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်မှုတွေ၊ ပိုမိုကျယ်ဝန်းတဲ့ လက်နက်သိုလှောင် ဧရိယာတွေ ပါဝင်လာပြီး ပြုပြင်ထိန်းသိမ်းရတာလည်း ပိုမိုလွယ်ကူလာမယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ F-35 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ ယှဉ်ရင် Gripen Eတွေဟာ ပိုပြီး စျေးသက်သာတဲ့၊ ထိန်းသိမ်းကိုင်တွယ်ရ လွယ်ကူတဲ့ ရွေးချယ်စရာအဖြစ် ရှုမြင်ခံရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။