ဇွန် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring
နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။
မနေ့က ဇွန် ၁ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ယာယီသမ္မတ မိန့်ခွန်းမှာ SCEF လို့ခေါ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်မှုကို လွှတ်တော်မှာ ရှင်းလင်း အသိပေး ပြောကြားခဲ့ရာ အခုလို ရှင်းပြခဲ့တာပါ။
“ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးစုကြီးတခုလုံးကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဦးဆောင်ပုံဖော်ကြဖို့ ဖြစ်ပါတယ်။”လို့ ယာယီသမ္မတက SCEF အဖွဲ့ရဲ့ရည်ရွယ်ချက်ကို ပြောပါတယ်။

Public Service Announcement
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အနေနဲ့ စစ်ရေးဖော်ဆောင်ဖို့အတွက် စစ်မဟာဗျူဟာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။
အဲဒီကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က စစ်ရေးခေါင်းဆောင် ၁၀ဦး ပါဝင်ဖွဲ့စည်းထားပါတယ်။
အဲဒီ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာပါဝင်တဲ့ ခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၂ဦးစီးဖြစ်ပြီး စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နဲ့ စစ်ရေးဆိုင်ရာ အဆုံးအဖြတ်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ ပါဝင်ကြတာ ဖြစ်တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားပါတယ်။
စစ်ရေးဆိုင်ရာ ကော်မတီကို SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့က တိုက်ရိုက်ကွပ်ကဲတာဖြစ်ပါတယ်။ အဲဒီ မူဝါဒ ရေးရာ ဦးဆောင်အဖွဲ့မှာ အဖွဲ့ဝင် ၇ဦး ပါဝင်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးတို့ ဖြစ်ပါတယ်။


















































