တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၈ ရက်နဲ့ ၉ ရက်တို့မှာ မြောက်ကိုရီးယားဆီကို တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဇွန်လ ၇ ရက်နေ့မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်နေမှုကနေ ဘယ်တော့မှ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။
ရှီဟာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို သွားရောက်မှာဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ ထိပ်သီး အစည်းအဝေး ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်ရဲ့ တစ်ခုတည်းသော တရားဝင် စစ်ရေး မဟာမိတ် နိုင်ငံလည်း ဖြစ်ပါတယ်။
မေလတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်း ရှီနဲ့ ဆွေးနွေးရာမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ ဩဇာအကြီးမားဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရတဲ့ ကင်မ်ယိုဂျောင်ကတော့ အဲဒီ ထုတ်ပြန်ချက်ဟာ လုံးဝ မှားယွင်းတယ်လို့ တုံ့ပြန်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အတိကျဆုံး သတင်းစကားကို မြောက်ကိုရီးယားဖက်က ထုတ်ပြန်လိုကြောင်း ပြောပါတယ်။

Public Service Announcement
မြောက်ကိုရီးယားရဲ့ မူဝါဒကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နျူကလီးယား လက်နက် စွမ်းရည်ကို စဉ်ဆက်မပြတ် ချဲ့ထွင် တိုးမြှင့်သွားဖို့သာ ဖြစ်ကြောင်း၊ နိုင်ငံ အကြီးအကဲကလည်း ဒီအကြောင်းကို ပြောကြားထားပြီး ဖြစ်ကြောင်း၊ ဒါဟာ ခြွင်းချက်မရှိ အတည်ဖြစ်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်လို့ သတ်မှတ်နိုင်ကြောင်း ကင်မ်ယိုဂျောင်က ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက မြောက်ကိုရီးယားဟာ နျူကလီးယား ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံသစ် တစ်ခုကို ထုတ်ပြန်ပြသခဲ့ပြီး ခေါင်းဆောင်ကြီး ကင်မ်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ထူးထူးကဲကဲ ချဲ့ထွင်ပေးနိုင်မယ့် ပေါင်းစပ်မှု တစ်ခုလို့ ချီးကျူးခဲ့ပါတယ်။
ရှီရဲ့ ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာ အဲဒီနေရာကို ထုတ်ပြခဲ့တာဟာ နှစ်နိုင်ငံ ဆွေးနွေးပွဲကျရင် မြောက်ကိုရီးယားဖက်က အားသာချက်တွေ ရှိနေအောင် တမင် ရည်ရွယ်ထားတဲ့ အခင်းအကျင်းတစ်ခု ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။
ကိုးကား: Reuters


















































