ဇွန် ၁၄၊၂၀၂၆ ။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
AA ဟာ သူတို့ထိန်းချုပ်ရာဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ကနေစပြီး အခြေ ခံပညာအဆင့်ကလေးတွေနဲ့ အဆင့်မြင့်ပညာအတွက် ပညာရေးဝန်ဆောင် မှုတွေ စတင်ပေးနေခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ လစာအနေနဲ့ မပေးနိုင်ခဲ့ပဲ အခုနှစ်မှာ လစာစတင်ပေးတော့မှာဖြစ်ပါတယ်။
“အရင်ကတော့ ကိုယ့်သင်ရတဲ့ကျောင်းသူ၊ ကျောင်းသားတွေဆီကနေ လစဉ်ပိုက်ဆံကောက်ပြီး ယူကြတယ်။ ဒီနှစ် ကျတော့ အဲဒီလိုမဟုတ်တော့ဘဲ တပြေးညီ လစာပေးတော့မယ့်သဘောမျိုး၊ အဲဒီလို စပေးတော့မယ်လို့ အစည်းအ ဝေးမှာ ပြောတယ်။ ဆရာမတယောက် တလမှာ သုံးသိန်းရမယ်လို့ ပြောတယ်” လို့ မြေပုံမြို့နယ်က မူလတန်းကျောင်းအုပ် ဆရာမတစ်ဦးက ပြောပါတယ်။

Public Service Announcement
အရင်နှစ်တွေတုန်းကသင်ကြားရေးဆရာ၊ဆရာမတွေဟာသူတို့ သင်ကြားပေးရတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက်အလိုက် ဝင်ငွေအနည်းအများကွာဟခဲ့ပြီး ရွာငယ်ပြီး ကျောင်းသားနည်းတဲ့ ဆရာ၊ ဆရာမတွေဟာ ဝင်ငွေအလွန်နည်းကာ တလစာ အသုံးစရိတ်ပင် မဖူလုံခဲ့ကြဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒီနှစ်မှာ AA ရဲ့ ပညာရေးဌာနအနေနဲ့ ပုံစံပြောင်းပြီး လစာသတ်မှတ်ချက်တရပ် ပေးဖို့ စီစဉ်လာတာဖြစ်တယ်လို့ AA ရဲ့ ပညာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မညီမမျှမဖြစ်ရအောင်၊ ပိုပြီး စနစ်ကျအောင် လုပ်တာပေ့ါ။ ဒီနှစ်မှာ ပညာရေးကို တော်တော်စနစ်ကျအောင် လုပ် ဖို့ စီစဉ်နေပါတယ်။ ဆရာ၊ ဆရာမအရေအတွက်လည်း ဒီနှစ်တိုးလာဖို့ ရှိတယ်” လို့ ရခိုင်ပြည်နယ် ခရိုင်ပညာရေး ဌာနတခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ နီးစပ်ရာကျောင်းအလိုက် နီးစပ်ရာ ဆရာ၊ ဆရာမတွေကပဲ သင်ကြားပေးနေခဲ့တာ ဖြစ်ပေမယ့် အခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်းက ပညာရေးဝန်ထမ်းအားလုံးကို ရာထူးဝင်စာမေးပွဲ ဖြေဆိုခိုင်း ပြီး ကျောင်းတွေမှာ စနစ်တကျတာဝန်ချထားပေးဖို့ စီစဉ်နေတယ်လို့ ပညာရေးဌာနတာဝန်ရှိသူက ဆိုပါတယ်။
“ရခိုင်မှာ ရှိနေတဲ့ ဆရာ၊ ဆရာမတွေအကုန်လုံး၊ အရင်က စာသင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို သူတို့ကို ရာထူးဝင်စာ မေးပွဲဖြေခိုင်းတယ်။ ပြီးရင် order ထုတ်ပေးမယ်။ အဲဒါနဲ့ ဝန်ထမ်းအင်အားမလုံလောက်ရင် နောက်ထပ် ရိုးရိုး ဘွဲ့ရတွေကိုပါ လေ့ကျင့်ပေးပြီး ပညာရေးဌာနမှာ ခန့်သွားဖို့ရှိတယ်” လို့ နောက်ထပ်ပညာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
AA ထိန်းချုပ်နယ်မြေတွေမှာ ပညာရေးဝန်ထမ်းအင်အား သုံးသောင်းဝန်းကျင် လိုအပ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝန်ထမ်းအင်အား နှစ်သောင်းနီးပါးနဲ့သာ မလုံမလောက် သင်ကြားခဲ့ကြရတယ်လို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခုနှစ်မှာ ပညာရေးဝန်ထမ်းအင်အားတိုးလာမယ်ဆိုတာကို ကြိုဆိုတယ်လို့ မြောက်ဦးမြို့နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။
“အရင်နှစ်တွေကဆို ဆရာတွေ မလောက်ဘူး။ ကိုယ့်ရွာမှာ ဆရာ မရှိလို့ တခြားရွာက ဆယ်တန်းအောင်ကလေး တွေကို သွားခေါ်ပြီး သင်ခိုင်းရတယ်။ အဲဒါတွေကိုပဲ ပြည့်စုံအောင် လုပ်ပေးစေချင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို တခုပြီးတခုစတင်သိမ်းပိုက်လာခဲ့တဲ့ပြီးခဲ့တဲ့ ၂၀၂၃ကတည်းကစကာ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးစ တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ပညာရေးအပြင် တက္ကသိုလ်အဆင့် အဝေးသင်နဲ့ Day(နေ့) တွေကိုလည်း ဖွင့်လှစ်ထားပြီး တခြား သူနာပြု၊ သားဖွား၊ ဆေးသိပ္ပံစတဲ့ အဆင့်မြင့်ပညာကျောင်းတွေကိုပါ AA က ဖွင့်လှစ်သင်ကြားပေးနေပါတယ်။


















































